UK's Brown sent letter to DASSK before new year's eve

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်သစ်မကူးမီ စာရေးပို့
ဘီဘီစီသတင်း ကောက်နုတ်ချက်
ဒီဇင်ဘာ ၃၀၊ ၂၀၀၉
          စစ်အစိုးရမှ တဆင့် ရေးသားပေးပို့သော စာတွင် ဗြိတိန်ခေါင်းဆောင် ဂေါ်ဒွန်ဘရောင်းက မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ကိုယ်ကျိုးစွန့်မှု၊ ရဲစွမ်းသတ္တိရှိမှုတို့ကို ထုတ်ဖော်ချီးကျုးထားပြီး မိမိတို့ အစိုးရက ဒေါ်စုနှင့် မြန်မာပြည်သူလူထုနှင့်အတူ မယိမ်းမယိုင် အတူတကွ ရပ်တည်ထောက်ခံလျက်ရှိကြောင်း ရေးသားထားသည်ဟု ဆိုသည်။
          စစ်အုပ်စုခေါင်းဆောင်များကလည်း နိုင်ငံရေးအင်အားစု အားလုံး အတူတကွပါဝင်နိုင်သည့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတခု ကျင်းပပေးခြင်းဖြင့် ၂၀၁၀ ကို သမိုင်းဝင်နှစ်တခုအဖြစ် ဖြတ်သန်းစေလိုကြောင်း တိုက်တွန်းထားသည်။ သို့မဟုတ်ပါက သံတမန်ရေးအရ စွန့်ပယ်ခြင်းခံထားရသည့်အချိန်များ ပိုမို ကြာညောင်းလာမည် ဖြစ်ကြောင်း သတိပေးထားသည်။
          စစ်အုပ်စုက သတ်မှတ်ထားသည့် အချိန်အတွင်း ရွေးကောက်ပွဲကို တဖက်သတ်ရေးဆွဲထားသည့် အခြေခံဥပဒေအတိုင်း ကျင်းပရန် ကြိုးစားခြင်း၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို ပိတ်ပင်ထားခြင်း၊ နိုင်ငံတကာ၏ လေ့လာစောင့်ကြည့်မှုများကို ငြင်းဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့မည် ဆိုပါက မြန်မာစစ်အုပ်စုသည် သံတမန်ရေးအရ စွန့်ပစ်ခံထားရသော စီးပွားရေးအကြပ်အတည်းများနှင့် မြန်မာပြည်ကြီးအဖြစ်သို့  ဆက်လက်ဆွဲချလိုက်သည့်သဘောပင် ဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။
          ဂေါ်ဒွန်ဘရောင်း၏ ပေးစာတွင် လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ် အကျယ်ချုပ်ကျခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ နိုင်ငံက ထောက်ခံထားသည်ကို သံသယရှိစရာမလိုကြောင်း ရေးသားထားသည်။
          မိမိတို့က ဒေါ်စုနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းကြောင်း၊ ရန်ကုန်ရှိ သံတမန်များအားလုံးနှင့် ဆက်လက်ပြီး ဆက်သွယ်ခွင့်များကို ပေးစေလိုကြောင်း၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများဖြင့် မြန်မာပြည်သူလူထုကြီးထံသို့ တိုင်းပြည်အတွက် မျှော်လင့်ချက်နှင့် အနာဂတ်ကို ပြန်လည်ပေးအပ်စေလိုကြောင်း ဖော်ပြထားသည်။

          ထိုပေးစာနှင့် ပတ်သက်ပြီး မိုးမခက ဆက်သွယ်မေးမြန်းရာ ပြည်တွင်းရှိ သတင်းအယ်ဒီတာတဦးက သုံးသပ်ရာတွင် -
          “အာဏာရအစိုးရတရပ်က ရွေးကောက်ပွဲတခု လုပ်တော့မယ် ဆိုတော့ ပြည်ပက အစိုးရအသီးသီးက ၎င်းတို့ ဘယ်ဖက်ကို ထောက်ခံတယ်၊ အလေးသာတယ်ဆိုတာကို သံတမန်နည်းသုံးပြီး ထုတ်ဖော်ပြသလေ့ရှိပါတယ်။ အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြုတဲ့ သင်္ကေတတွေ ပြုလေ့ရှိတဲ့ သဘောလို့ ထင်ပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုကို ထောက်ခံနေဆဲ ဖြစ်တယ်ဆိုတာ အချက်ပြလိုက်တာ လို့ ယူဆပါတယ်”
          ဟု ပြောလိုက်သည်။


Comments