Pirated CD DVD market to be cracked down by the city officials - sources told


ခိုးကူးခွေ ပြဿနာကို စည်ပင်က အရေးယူဆောင်ရွက်မည်ဟုဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
မြန်မာနိုင်ငံ ဂီတနယ်ပယ်ရှိ တေးရေးသူ သီဆိုသူနှင့် ဂီတလောကသားများ ခံစားနေရသည့် ခိုးကူးဈေးကွက်ကျယ်ပြန့်စွာ ရှင်သန်နေသည့် ပြဿနာကို ရန်ကုန်မြို့တော် စည်ပင်က ကိုင်တွယ်အရေးယူ ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု မကြာမီက ပြုလုပ်ခဲ့သည့် သတင်းမီဒီယာနှင် တွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော်ဝန်ကပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်ဝန်က ပြောကြားရာတွင် ရန်ကုန်မြို့ လူစည်ရာ လမ်းဘေးပလက်ဖောင်းများတွင် ရောင်းချနေသည့် ဆင်ဆာမဲ့ စီဒီ၊ ဒီဗီဒီရောင်းချသူများအား လိုင်စင်ထုတ်ပေးရန် ထို့နောက် တေးထုတ်လုပ်သူများအား တရားဝင်ခွေများကို သက်သာသောဈေးနှုန်းဖြင့် လက်လီဆိုင်များအား ရောင်းပေး စေမည်ဟု ဆိုသည်။ ထိုသို့ တရားဝင်ခွေများအား သက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချပေးသည့်နောက် ခိုးကူးခွေ ရောင်းချသည် ကိုတွေ့ရှိပါက ထိရောက်စွာ အရေးယူနှိမ်နှင်းမည်ဟုဆိုသည်။ တေးထုတ်လုပ်သူများ အနေဖြင့် တရားဝင်ခွေများကို ဘယ်လောက်ထိ ဈေးလျော့ရောင်းပေးမည် ဆိုသည်ကိုမူ မသိရှိရသေးပေ။
အထက်က အရေးယူနှိမ်နှင်းမည်ဆိုခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရဲများက လုပ်ဆောင်မည်လား  သို့မဟုတ် ရဲစခန်း အပိုင်ရဲများက အရေးယူဆောင်ရွက်မည်လား ဆိုသည့် အချက်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ ယခုလက်ရှိ အနေအထားတွင် လမ်းဘေး ခိုးကူးခွေရောင်းသူများထံမှ နယ်မြေအပိုင်ရဲ ခရိုင်ရဲတို့က နေ့စဉ်နီးပါး အကောက်အစား ကောက်ယူလျက်ရှိပြီး ဆင်ဆာမဲ့၊ ခိုးကူးခွေရောင်းချသည့် ဆိုင်များသည် ရဲများအား ပုံမှန် ထောက်ပံ့ကြေးပေးထားရပြီး ရဲများ အတွက် စားကျက်တခုကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရသည်။


ကျောက်တံတား မြို့နယ်ထဲမှ လမ်းဘေး ခွေရောင်းသူ တဦးက
“နေ့ကြေးမဟုတ်ပေမယ့် အပတ်စဉ်တော့ မှန်မှန်လာတယ်။ ခရိုင်ကလာတယ်၊ စခန်းက လာတယ်၊ နောက် နယ်မြေကလာတယ်၊သူတို့ကို ၅၀၀ နဲ့ ၁၅၀၀ ကျပ် အတွင်းပေးရတယ်။ ဒီကြားထဲ စခန်းကရဲ တယောက်ချင်း ကလည်း ၁၀၀ ကျပ် ၊ ၂၀၀ ကျပ်လောက်ထိ လာတောင်းတာ ရှိသေးတယ်။ဒီနယ်မြေ အပိုင်ထဲက သာမန်ရဲသား တွေကတောင် အရပ်ဝတ်နဲ့ပဲ သွားလာရင်း  လမ်းကြုံလို့ ၁၀၀ ကျပ် ရရ၊ ၂၀၀ ကျပ်ရရ လာတောင်းတာမျိုးလည်း ရှိတယ်။ ပေးတဲ့ အခါလည်း ပေးလိုက်တယ်။ ဈေးရောင်းမကောင်းရင် မပေးဘူး။ ငြင်းလွှတ်လိုက်ရတယ်။ တလလုံးဆိုရင် လမ်းဘေးဆိုင်တဆိုင်က တသောင်းကျော်ပေးရတယ်၊ သူတို့ကိုမပေးရင် အဖမ်းခံရမယ်၊ ပေးထားရင်တော့ အဖမ်းအဆီးရှိမယ့် အခါ ကြိုတင်သတိပေး တာမျိုးရတယ်”
ဟု ပြောဆိုသည်။
ယခုလက်ရှိတွင် ခိုးကူးစီဒီ ခွေများအား တချပ်လျင် ၃၀၀ကျပ်၊ ဒီဗီဒီဆိုပါက ၅၀၀ကျပ် (သုံးချပ်ယူလျင် ၁ထောင်ကျပ်) ဖြင့်လမ်းဘေး ဆိုင်များတွင်ရောင်းချလျက်ရှိပြီး တရားဝင်ဖြန့်ချိသည့် စီဒီများမှာ အနိမ့်ဆုံး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ဒီဗီဒီဆိုပါက ၁၅၀၀၊ ၂၀၀၀ကျပ် အသီးသီးရောင်းချလျက်ရှိပြီး လူငယ်လူကြီး အများစုမှာ လမ်းဘေးဆိုင်မှ ကူးခွေများကိုသာ ၀ယ်ယူလျက်ရှိကြသည်။
လမ်းဘေးဆိုင်များတွင် တရုတ်နိုင်ငံမှ တဆင့်ဝင်ရောက်လာသည့် ခိုးကူး ဟောလီးဝုဒ် ရုပ်ရှင်ကားများ၊ ကိုးရီးယား ဇတ်လမ်းတွဲများ နှင့်အတူ ပြည်တွင်းမှ တေးသီချင်း၊ ဗီစီဒီ၊ ဒီဗီဒီ ကူးခွေများကို လွယ်ကူစွာ ၀ယ်ယူနိုင်ပြီး တေးသီချင်း အပုဒ် ၁၀၀ ကျော်ပါရှိသည့် အမ်ပီသရီး တချပ်ကို ၄၀၀မှ ၅၀၀ ကျပ်၊ ကာရာအိုကေ ဗီစီဒီတချပ်ကို ၃၀၀ကျပ် ဖြင့်ရောင်းချလျက်ရှိသည်။ ပြည်တွင်းမှ အဆိုတော်များ၏ အသစ်ထွက်ရှိသည့် တေးသီချင်းအယ်ဘမ်များကို ထွက်ရှိသည့် နေ့တွင်ပင်လမ်းဘေးဆိုင်များတွင် ကော်ပီခွေအဖြစ် ၀ယ်ယူရရှိနိုင် သည့်အခြေအနေသို့ ရောက်ရှိနေသည်။
တေးသီဆိုသူများ၊ ထုတ်လုပ်သူများအနေဖြင့် တရားဝင်ခွေ အရေအတွက် များများစားစား ရောင်းချရဖို့ မျှော်လင့်ချက် ပို၍နည်းပါးလာနေသည့် အခြေအနေ ရောက်ရှိနေပြီး မူရင်းခွေ ၀ယ်လျင် ရှိုးပွဲလက်မှတ် လက်ဆောင်ပေးခြင်း၊ သီဆိုသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးခြင်းတို့ဖြင့် မူရင်းခွေ ၀ယ်ယူရန် ဆွဲဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။
ခိုးကူးခွေများအား မနှိမ်နှင်းနိုင်ရသည့် အဓိက အကြောင်းအချက်မှာ ဥပဒေကို လိုက်နာအောင် စောင့်ကြည့် အရေးယူရမည့် ရဲ များက ခိုးကူးခွေဈေးကွက်ကို မပျောက်ပျက်သွားအောင် မွေးထားသည့် အတွက်ဖြစ်သည်ဟု ဂီတလောကမှ သီချင်းရေးသူနှင့် သီဆိုသူများက ကောက်ချက်ချကြသည်။ ဂီတအစည်းရုံးဝင် တေးရေးသူ တဦးက ပြောရာတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်က ခိုးကူးခွေနှိမ်နှင်းရန်၊  ခိုးကူးခွေ ရောင်းချနေသူများအား ဖမ်းဆီးပေးရန် ဂီတအစည်းအရုံးက
ရဲများအား အသိပေးခေါ်ယူရာတွင် ရဲများထံမှ တဖက်လှည့်ဖြင့် ခွေရောင်းသူများအား သတင်းပြန်ပေးပြီး တိမ်းရှောင်ခိုင်းသည့် ဖြစ်ရပ်များ ရှိခဲ့သဖြင့် မအောင်မြင်ခဲ့ကြောင်း ပြောဆိုသည်။


(ဓာတ်ပုံ - ခိုးကူးခွေ၊ တရားမ၀င်ကူးခွေများ ရောင်းချနေသည့် ရန်ကုန်က လမ်းဘေးဆိုင်နဲ့ အားပေးနေသူများ။ မိုးမခ)

Comments