Quotes in Feb 2010

မိုးမခ၏ ဖေဖော်ဝါရီ စာကိုး စကားကိုး
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀

အမေရိကားမှာ ငယ်ငယ်နဲ့ နှစ်ယောက်ထဲ နေတုန်း ဆီပုံးထဲကို ကြွက်ဝင်ဖူးတယ်။ မသိလိုက်ဘူး။ ဆရာ နီကိုရဲ ရဲ့ 'နှလုံးသားထဲ ကြွက်ဝင်နေသည်' ဆိုတာ တကယ်ဖြစ်သွားတာ။ အိမ်အတွက် ပါတီ လုပ်တော့ လာသမျှလူတွေကို အဲဒါနဲ့ပဲ ချက်ကျွေးတာ။ ကုန်ခါနီးမှ ဘုတ် ဘုတ် နဲ့ အသံကြားတော့ ကြွက်ဖြစ်နေတယ်။
အဆိုတော် သားစိုး
8 DAYS A WEEK ဂျာနယ်၊ ဖေဖော်ဝါရီ ၁၉

မိဘတွေ အနေနဲ့ ကလေးတွေရဲ့ စိတ်ကို သိဖို့ လိုတယ်။ သူတို့ရဲ့ ပညာရေး အခြေအနေကို လေ့လာထားဖို့ လိုတယ်။ ကလေးရဲ့ အခြေအနေထက် ကျော်လွန်ပြီး ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါရမယ် ဆိုတာမျိုး မသတ်မှတ်သင့်ဘူး။

သင်္ချာသန်းနိုင်၊ ကျူရှင်ဆရာ
Ecovision ဂျာနယ်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်-မန္တလေး ဟိုင်းဝေး လမ်းမပေါ်မှာ ခရီးသည်တင်ကားတွေ မကြာခဏ ခဲပေါက်ခံနေရကြောင်း အထူးအမြန်ယာဉ်လိုင်း ဥက္ကဋ္ဌ တစ်ဦးက ပြောပါတယ်။
"ခဲပေါက်ခံရတာ အများဆုံးကတော့ ရန်ကုန်မှ ထွက်လာရင် မိုင်တိုင်အမှတ် ၁၀၀ နဲ့ ၁၆၅ ကြားမှာ ဖြစ်တယ် - - - "
မော်ဒန်သတင်းဂျာနယ်၊ ဖေဖော်ဝါရီ ၁၉

အလှပြင်ဆိုင်များတွင် လက်သည်းပန်းချီဆွဲခြင်းများကိုလည်း မပါမဖြစ် ထည့်သွင်းလုပ်ကိုင်လာကြကြောင်း၊ အမျိုးသမီး အလှပြင်ဆိုင်များအပြင် အမျိုးသားအလှပြင်ဆိုင်များတွင်ပါ လုပ်ကိုင်လာရကြောင်း၊ ယခင်က အမျိုးသမီးများသာ ပြုလုပ်ကြသော်လည်း ယခုအခါ အမျိုးသားများပါ ပြုလုပ်ကြကြောင်း - - - သိရသည်။
ပြည်မြန်မာဂျာနယ်၊ ဖေဖော်ဝါရီ ၁၈

ကိုကြီးကျောက်တို့များ အမေရိက ရောက်မှတကယ့် ဗိုင်းကောင်းကျောက်ဖိ ကိုကိုကျောက်ဖြစ်နေရတယ်၊ ရောက်စက မိုင်ယာမီက south beachမှာ ဘန်ကောက်ကဝယ်လာတဲ့ swimming trunk ပိစိကွေးနဲ့ ရေကူးမလို့လဲလုပ်ရော၊ နံဘေးဘယ်ညာလဲ ကြည့်လိုက်တော့...အမျိုးကောင်းသားများက ဒူးဖုံးတဲ့ beach ဘောင်းဘီပဲ ဝတ်လို့ လှပျိုဖြူတွေပဲ ပိစိကွေးနဲ့ နေကြတာ - - - ရေထဲဆင်းမဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။
ဘလော်ဂါ ကိုကြီးကျောက်
penai22.blogspot.com ဖေဖော်ဝါရီ ၁၉

သြစတေးလျ နိုင်ငံသား ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့  ဘိန်းဖြူ တွေ ယူလာတယ် ဆိုတာတော့ ကျနော် မဖတ်မိ မမှတ်မိပါ၊ အဲတုန်း က သြစီ ၀န်ကြီးချုပ် လည်း သေဒါဏ် မချ ဘို့ ကို မေတ္တာ ရပ်ခံ ပေး သေးပေမဲ့ မအောင်မြင်ခဲ့ပါ .. သေဒါဏ်ပေး (သတ်ပစ်) လိုက်ပါတယ်။ သူ မသေချင် လည်း မရပါဘူး ..

လူသားမျိုးနွယ် တရပ်လုံး ကို ခြိမ်းခြောက် နေတဲ့ ဘိန်းဖြူ ဆိုပြီး ဖတ်ခဲ့ဘူးတယ် .. ဘွင်းဘွင်း ပြောရရင် အဲဒါ ကြောင်တောင်တောင် ကြီး လိုဘဲ .. ဒီဘိန်းဖြူ ( ကိုကိန်း ဆေးခြောက် စသည် စသည် အပါအ၀င်) မူးယစ်ဆေးတွေ ကို မိမိ ကိုယ်တိုင် နှစ်သက်လို့  သုံးစွဲရင် လည်း အဖမ်း ခံ ရ .. အသတ်ခံရ ၊ တကမ္ဘာ လုံးက ဥပဒေ တွေ က အားလုံးနီးနီး အတူတူ တွေ ချမှတ်ထားတာ ဆိုတော့ လည်း..

တလောက သတင်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ လက်နက် ဗုန်း သေနတ် ဒုန်းကျည်တွေ တန်ချိန် ၃၅ တန် ပါ မြောက်ကိုးရီးယား ကလာတဲ့ ကုန်တင်လေယာဉ် တစီး ဘန်ကောက်လေဆိပ် မှာ လေယာဉ်ဆီ ဖြည့်ဘို့  တထောက်ဝင် နားတာ လက်နက် တွေ တွေ့ ပြီး အဖမ်းခံရပါတယ် ..နောက်တော့ သယ်လာတဲ့ လေယာဉ် အမူ့ ထမ်း ၅ ယောက် ကို အရေးမယူ ဘဲ အပြစ်လွတ်မယ် ဆိုပြီး ဖတ်ရပါတယ်။

ဒီလက်နက် ၃၅တန် ဟာ လူဘယ်နှစ်ယောက် ကို သေစေနိုင်ပါလည်း ...
ပြီးခဲ့တဲ့ ဘိန်းဖြူ သယ်လာတဲ့ သူ နဲ့  ကျနော် နှိုင်းယှဉ်ကြည့်မိပါတယ်။ ကျနော့ဥာဏ် တထွာတမိုက်နဲ့  .. ရီစရာ ဖြစ်နေရော့မယ်... ဒီ အဖြစ်အပျက် လေး တခု ကို လည်း ဖတ်ကြည့် ပါဦး -----

တခါတုံး က တရားရုံး တခု ၌ .. ပြည့်တန်ဆာမူ့ တခုကို စီရင် ရာတွင် .. တရားသူကြီးက “ မယ်မင်း သည် အခကြေးငွေယူ ပြီး မိမိကိုယ် ကို ရင်းနှီး ပျော်ပါးနေ စဉ် ဖမ်းဆီးရမိ သောကြောင့် အပြစ်ဒါဏ်ချမှတ်ရန်အတွက် အပြစ်ရှိ ကြောင်းဝန်ခံပါ ” ဟု ဆိုလိုက်ရာ..

ပြည့်တန်ဆာ လုပ်ကိုင်စားသူ အမျိုးသမီး မှ ..“ အပြစ်ရှိ ပါတယ်ရှင် .. အပြစ်ရှိပါတယ် .. အရင်ကတော့ ကျမ အမေ မွေးကတည်း ကပါတဲ့ ပစ္စည်း ကျမ ပိုင်တယ် ထင်လို့  xါသည် လုပ်စားတာပါ၊ အခုမှ ကျမ ပစ္စည်း ကျမ မပိုင်ဘဲ အစိုးရ က ပိုင်တာ သိရပါတယ် ဒါကြောင့် အပြစ် ရှိပါတယ် ရှင် ” ပြောလိုက်ပါသတဲ့... ( စကားလုံးအသုံးနှုန်းတွေ အတွက် ဆောရီးပါ)
ဂွတော့ကျပါတယ် ... ဘာဘဲဖြစ်ဖြစ် “Whatever Law, I have to follow.”
ဘလော်ဂါ MKS
minkhunsoe.blogspot.com ဖေဖော်ဝါရီ ၇

၁၉၇၃ ကနေ ၁၉၈၃ ဆယ်နှစ်မှာ ကျနော်တို့ရဲ့ ပအိုးဝ် လက်နက်ကိုင် အဖွဲ့ဟာ ရန်သူ မဆလနဲ့ တိုက်ရ ခိုက်ရတာ နည်းပြီးတော့ အချင်းချင်း တိုက်ရ ခိုက်ရတာ များလာတယ်။ အချင်းချင်း သေကြေပျက်စီးမှု များလာတယ်။ အကျအဆုံး များလာတယ်။ အဲဒါကလည်းပဲ အချင်းချင်း ကွဲတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခ အဆင့်ကို ရောက်ရင် တော်လှန်ရေးလုပ်ငန်းက ရှေ့ကို မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်တတ်တယ်။ ကျဆုံးတတ်တယ်။ အင်မတန် ကြီးမားတဲ့ သင်ခန်းစာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပအိုးဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်
RFA အသံလွှင့်ဌာန၊ ဖေဖော်ဝါရီ ၁၉



နောက်တစ်ကြိမ်တွင် ကျွန်တော်ရင်ဆိုင်ရသည့်ပြဿနာက 'ပုံသေ' ပြဿနာဖြစ်သည်။ ဒုတိယတန်းတွင် နောက်ဆုံး အတန်းတင် စာမေးပွဲ၌ စာတော်သောကျောင်းသားတစ်ယောက် စာမေးပွဲကျနေသည်။ ကျွန်တော်က ထိုကျောင်းသား၏ အဖြေလွှာများကို ပြန်စစ်ကြည့်ရသည်။

မြန်မာစာ ကျနေသော ထိုကျောင်းသား၏ အဖြေလွှာတွင် အမှားတွေထပ်နေသည်။ ကျွန်တော်က သူ ဘာတွေ ဖြေထားသနည်း ပြန်စစ်ကြည့်လိုက်တော့ ရင်ကွဲဖွယ်ရာဖြစ်သည်။ ဥပမာတစ်ခုပြပါမည် 'ဘုရားပွဲတွင် မည်သည့် အရုပ်များတွေ့ရသနည်း' ဟု ဆရာမက မေးထားသည်။ ကျောင်းသားက 'ဘုရားပွဲတွင် ဘီလူးရုပ်၊ သရဲရုပ်၊ ငှက်ရုပ်၊ ဇော်ဂျီရုပ်များတွေ့ရပါသည်' ဟု ဖြေထားသည်။ ဆရာမက ထိုအဖြေအားလုံးကို အမှား ပေးထားသည်။ ကျွန်တော်ကဆရာမကို ခေါ်ပြီး အဘယ်ကြောင့် အမှားပေးထားရသနည်းဟုမေးရသည်။ ဆရာမလေးက ''ဆရာကြီးကလည်း ဖတ်စာအုပ်ထဲကနဲ့မှမတူတာ။ ကျွန်မ အမှတ်ပေးစည်းမျဉ်းထဲမှာ စာအုပ်ထဲကအတိုင်း အမှတ်ပေးထားတာ။ သူဖြေရမှာက ပစ်တိုင်းထောင်ရုပ်၊ နွားရုပ်၊ ဆင်ရုပ်တွေ ဖြေရမှာ ဆရာကြီးရဲ့'' ဟုပြန်ပြောသည်။ ကျွန်တော်က ''ဘုရားပွဲမှာ အဲဒီအရုပ်တွေကို သူမြင်ခဲ့တဲ့အတိုင်း ပြန်ရေးတာ မဖြစ်နိုင်ဘူးလား၊ ဘုရားပွဲမှာ အဲဒီအရုပ်တွေ တကယ်မရှိဘူးလား၊ ရှိရင် အမှတ်ပေးရမှာပေါ့'' ဟု ပြန်ရှင်းပြကာ အမှတ် ပြန်ပေးမှ ထိုကျောင်းသား အောင်သွားသည်။ ကလေး၏ သူမတူအောင် တွေးတတ်သည့် အတွေးကို ချီးကျူး မြေတောင်မြှောက်ပေးရမည့်အစား ပုံသေဇလုတ်တိုက်နည်းဖြင့် တိုက်ချနေကြသည့်ဆရာ ဆရာမများ လက်ထဲတွင် မည်မျှရေတိမ်နစ်ခဲ့ရသနည်းကို ပြန်စဉ်းစားလိုက်တိုင်း စိတ်မကောင်းစရာပင်။
တင်ညွန့်၊ ကျောင်းဆရာဟောင်း
Voice ဂျာနယ်၊ ဖေဖော်ဝါရီ ၁၅

တရားဝင် ကဒ်ကိုင်ပြီး နိုင်ငံခြားသတင်းဌာနတွေအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းက နိုင်ငံခြား သတင်းထောက်တွေတောင် စစ်အာဏာရှင်တွေ အမျက်မရှအောင် ကြည့်ကျက်ပေါင်းနေရသေးတာပဲ။ - - -

ပြည်တွင်းမှာ တရားဝင် ထုတ်ဝေခွင့် ရထားတဲ့ သတင်းဂျာနယ်တွေမှာ လုပ်နေပါရဲ့နဲ့ အခန့်မသင့် ခြေချော်လက်ချော် ဖြစ်ခဲ့လို့ ထောင်နန်းစံခဲ့ရသူတွေတောင် ရှိမှတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေသူတွေ အတွက်ကတော့ ပြောနေဖို့ကို မလိုတော့ဘူး။ ပြည်ပသတင်းဌာနတွေအတွက် သတင်းယူနေတာ သိပြီး၊ မိသွားခဲ့ရင်ဖြင့် သောက်မြင်ကတ်ပုဒ်မပါ ပေါင်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာနေပြီး ပြည်ပြအခြေစိုက်ကာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ သတင်းဌာနအတွက် အလုပ်လုပ်နေသူ သတင်းမုဆိုးတွေဟာ ကိုယ်ကိုယ်တိုင် သားကောင်မဖြစ်ဖို့ သွားသတိ၊ စားသတိ၊ သတင်းလိုက်သတိ၊ ပြောသတိ၊ မေးသတိနဲ့ သတိများစွာ ထားရပါတယ်။
မင်းအောင်နိုင်၊ သတင်းထောက်
မဇ္ဈိမ၊ ဖေဖေါ်ဝါရီလ ၂၃

မူလ ပင်လုံအစည်းအဝေးကို ဗိုလ်ချုပ်ကို ဖိတ်ကြားထားခြင်း မရှိဘူး။ ဘုရင်ခံကိုယ်တိုင် တက်မယ်၊ နယ်ခြားဒေသ ပြည်နယ်များ သမဂ္ဂ ဆိုတာကို ကောင်အထည်ဖော်ဖို့ စီစဉ်ထားတာဗျ။ အင်္ဂလန်က ၀န်ကြီးချုပ် ကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်း တက်ပြီး မျက်နှာစုံညီ ဆွေးနွေးပါ၊ အဆုံးအဖြတ် ယူပါလို့ ဖိတ်လိုက်လို့သာ တက်ရောက်ခဲ့ရတာ ဖြစ်တယ်။ ဖေဖော်ဝါရီ ၃ ရက်နေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံ ကုန်ကျစရိတ် အားလုံးကို စော်ဘွားများ အဖွဲ့က တာဝန်ယူတယ်။ ကစားဝိုင်းတွေ၊ ဇာတ်ပွဲတွေ၊ ပြပွဲတွေလည်း ပါဝင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ခွင့် ရလိုက်လို့သာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ နိုင်ငံရေး အလှည့်အပြောင်းကြီး ဖြစ်ပေါ်ခဲ့တာပေါ့ဗျာ။
မောင်ဝံသ၊ စာနယ်ဇင်းသမား၊ နိုင်ငံရေးသမား
Ecovision ဂျာနယ်၊ ဖေဖော်ဝါရီ ၃

တတိုင်းပြည်လုံးကို အုပ်စီးထားမဟဲ့ဆိုတဲ့ ဧရာမ ရည်မှန်းချက်ကြီးနဲ့ အစိုးရ ရုံးတွေမှာ ထောင်နဲ့ချီတဲ့ စစ်ဗိုလ်ဟောင်းတွေနဲ့ ထမ်းဆောင်ဆဲ စစ်အရာရှိတွေကို ဆွဲခန့်ပစ်တာကို ဆိုလိုတာပါ။ ဒီလူအများစုဟာ အစိုးရရုံး လုပ်ထုံးဆောင်တာကို အပါးမဝတဲ့အပြင် စီမံခန့်ခွဲနိုင်တဲ့ အစွမ်းအစ၊ စိတ်နေသဘောထားတွေနဲ့လည်း မပြည့်ဝကြပါဘူး။

ကချော်ကချွတ်နဲ့ လည်ပတ်လာခဲ့တဲ့ စစ်အစိုးရယန္တရားဟာ မဆလတပါတီစံနစ် ပြိုလဲပြီးသွားတာတောင် ဆက် သက်ဆိုးရှည်နေတုန်းပါ။ ဘာအပြောင်းအလဲပဲ လုပ်လုပ်၊ အမြင်မှန်တဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းရယ် သူတို့ ညွှန်ကြားသမျှ စွမ်းဆောင်နိုင်တဲ့ စံချိန်မီ အစိုးရယန္တရားရယ် ရှိထားမှ အောင်မြင်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” စနစ်မှာ ခေတ်မီ ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း တည်တံ့နိုင်အောင် ဒါမှမဟုတ် စီးပွားရေးဖွံ့ဖြိုးလာအောင် စစ်နိုင်ငံတော်ကြီးကို ဘယ်ပုံဘယ်နည်း အသွင် ပြောင်း ပစ်မယ်ဆိုတဲ့ အစီအစဉ်တခုတလေများ ပါမလား မျှော်မိပါတယ်၊ ခုထိတော့ ဘာအစအနမှ မမြင်ရ သေးပါ။
ဒေါက်တာဇာနည်၊ နိုင်ငံရေးသမား၊ သုတေသီ
ဧရာဝတီအင်တာနက် စာမျက်နှာ၊ ဖေဖော်ဝါရီ ၂၆

မြန်မာစာကို ကလေးတွေက ကိုယ်တိုင် မတွေး၊ မရေးဘဲ ကူးရေးနေတာက များတယ်။ တတ်မြောက်ဖို့ထက် ဂုဏ်ထူးရဖို့ကို အဓိက ထားနေတယ်။ ကလေးတွေက စာကျက်အားလည်း သန်တော့ ကျက်ဖို့ ၀န်မလေးဘူး။
ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ စာရေးဆရာမ၊ ဖန်တီးဖွဲ့သီစာကိုစီ နွေရာသီ သင်တန်းကျောင်း ဆရာမ
Popular News ဂျာနယ်၊ ဖေဖော်ဝါရီ ၁၈

Comments