Reactions on NLD's decision


NLD ပါတီ၏ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်ချက်များ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်၃၀၊ ၂၀၁၀သမိုင်းဝင် အစည်းအဝေး ပြုလုပ်စဉ် NLD ရုံးအနီး စုဝေးနေကြသော NLD အဖွဲ့ဝင်တချို့(ဓာတ်ပုံ - မိုးမခ)

NLD က ဆုံးဖြတ်လိုက်သည့် ပါတီ မှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက် အပေါ် နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ထောက်ခံပြီး အချို့သော သူများကမူ နအဖ ကြိုးဆွဲပါတီများကို ဆန့်ကျင်ရာတွင် အတိုက်အခံ ဘက်မှ ၀င်ရွေးမည့်သူ မရှိမည့် အဖြစ်ကို စိုးရိမ်ကာ ဆန့်ကျင်သည့် အမြင် ရှိသည်ကို ကြားသိရသည်။

ဆုံးဖြတ်ချက် ချမှတ်လိုက်သည့် ယမန်နေ့ ညနေပိုင်းတွင် NLD ရွေးကောက်ပွဲ ၀င်မည် မ၀င်မည်၊ ပါတီ မှတ်ပုံတင်မည် မတင်မည်ကို ပြည်ပ အခြေစိုက် ရေဒီယိုများမှ လည်းကောင်း၊ အချို့က အင်တာနက် သတင်းများကို ၀င်ရောက် ဖတ်ရှုခြင်းဖြင့် လည်းကောင်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြ သည်ကို တွေ့ရှိရသည်။ အသက် ၄၀ အရွယ်ရှိ ၀န်ထမ်းဟောင်း တဦးက ``ကျွန်တော်က ၃နာရီ ကျော်ကျော် ကတည်းက အင်တာနက်မှာ ကြည့်ပြီး သိတာ။ အခုလို လုပ်တာ မှန်တယ်၊ ကျွန်တော်တော့ ထောက်ခံတယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေတောင် ပါတီ မရှိဘဲ နိုင်ငံရေး အရ ရပ်တည်နိုင်သေးတာပဲ၊ NLD လည်း အဲလို ရပ်တည်နိုင်ရမှာပေါ့။ အခုလိုမ၀င်မှ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ ရွေးကောက်ပွဲ ဖြစ်သွားမှာပေါ့၊ ဘာပဲပြောပြော NLD က သူ့သမိုင်းကို ဒီလိုရေးတာ ကောင်းတယ်´´ဟု ပြောသည်။

ကိုယ်ပိုင် ကျွမ်းကျင်မှုဖြင့် အသက်မွေးသူ တဦးကလည်း ``အရင် ရက်တွေက နယ်မြို့ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အမြင်တွေကို ရေဒီယိုမှာ ကြားနေရတော့ အဖြေက အခုလိုပဲ ဖြစ်မယ် လို့တော့ ထင်မိတယ်။ အခုတော့ NLD ပါတီအပေါ် အစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ´´ဟု လာမည့် အကျိုးဆက်ကို စိတ်ဝင်စားစွာဖြင့် သူ့အမြင်ကို ပြောဆိုသည်။

မွန်ပြည်နယ်တွင် နေထိုင်ပြီး ယခင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးနု၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ကိုယ်စားပြု အမတ်လောင်း အဖြစ် သထုံမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူက ``ကျွန်တော့်အမြင်တော့ NLD အနေနဲ့ ၀င်သင့်တယ် လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ ရှိရင်တော့ သူ့အနေနဲ့ လူထုကိုစည်းရုံးပြီး နအဖ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ဖို့ လူထုကို ခေါင်းဆောင်နိုင်မယ်၊ အဲလိုမှ မဟုတ်ရင်တော့ ကျန်တဲ့ NLD ခေါင်းဆောင်တွေ အနေနဲ့ ဥပဒေ လမ်းကြောင်းထဲကပဲ စစ်အစိုးရကို ပြောင်းလဲလာဖို့ ကြိုးစားရမယ့် သဘောပဲ ရှိတယ်လို့ မြင်တယ်။ NLD အနေနဲ့ အခုလို ဆုံးဖြတ်တာ မှားတယ်လို့ ကျွန်တော့် အနေနဲ့ မြင်တယ်၊ မြန်မာပြည် နိုင်ငံရေး အတွက် ရှေ့ကိုမရောက်နိုင်ပဲ ဖြစ်သွားတဲ့ သဘော´´ဟု သူ့သုံးသပ်ချက်ကို မိုးမခသို့ ပြောဆိုသည်။

နယ်မြို့ကြီး တမြို့မှ အသက် ၃၈ နှစ်အရွယ် ကိုတိုး ကလည်း ``ကျွန်တော်တို့ ရပ်ကွက်က နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေထဲမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ဘက်က မဲပုံး ထောင်ထားနိုင်မယ့် အနေအထားမျိုးကို ရှိစေချင်တယ်။ ဘာလို့ဆို ကြံ့ဖွံ့ရဲ့ ပါတီတွေကို ဆန့်ကျင်မဲ ပေးဖို့အတွက် NLD က ၀င်ရွေးနိုင်မှ မဲပေးလို့ရမှာ၊ အဲလိုမှ မဟုတ်ရင် သူတို့ ပါတီကိုပဲ ပေးလိုက်ရမယ့် အဖြစ်မျိုး ဖြစ်မှာ စိုးလို့၊ လူတွေရဲ့ ရင်ထဲမှာ အန်အယ်လ်ဒီကို ထောက်ခံတဲ့ ဆန္ဒ၊ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒက အခုချိန်ထိ ရှိနေဆဲပဲ ဟိုလွန်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်က ပီဒီပီ (ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းနှင့် သခင်လွင်တို့ တည်ထောင်သည့် ပါတီ) ပါတီဝင်ပါ၊ ဒါပေမယ့် NLD ကိုလည်း အားပေးတယ်။ ထောက်ခံခဲ့တယ်။ အခု ကျွန်တော့် အနေနဲ့ နိုင်ငံရေး ဘာမှ မလုပ်နိုင်ပေမယ့် ရွေးကောက်ပွဲ ဖြစ်လာရင်တော့ ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ လုပ်နိုင်တာလေးကို လုပ်ပေးချင်တာပါပဲ´´ဟု ပြောသည်။

ရန်ကုန်မြို့မှ NLD လူငယ်အဖွဲ့ဝင် တဦးက ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ``ကျွန်တော်တို့ လိုချင်တာ ဒါပဲလေ၊ စစ်အစိုးရကို ပြတ်ပြတ် သားသား ဆန့်ကျင်မယ်၊ ဖြစ်လာတာကို ရင်ဆိုင်မယ်၊ မကြာခင် ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ပြင်ထားပြီးသား အဖမ်းအဆီး ရှိလာမယ် ဆိုလည်း အထုပ် ပြင်ထားရုံပဲ´´ ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် လူငယ်တဦးက ``အခုလိုဆုံးဖြတ်တာ မှန်တယ်။ ၉၀ ခုနှစ်မှာ အနိုင်ရခဲ့တဲ့ သိက္ခာကို ထိန်းရမယ်လေ၊ ကျွန်တော်တို့လို လူငယ်တွေ သူများနိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြရတာ စစ်အစိုးရ မကောင်းလို့၊ ကိုယ့်အဖေ ဆုံးတာတောင် မပြန်နိုင်ဘူး။ အလုပ်ရှင်က လူလို ဆက်ဆံတာ မခံရလည်း ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘူး၊ ကိုယ့်အစိုးရကမှ မကောင်းပဲ´´ဟု သူ့ အမြင်ကို ပြောဆိုသည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်စားစွာ ဖြင့်စောင့်စား နားထောင်သူများ ရှိသကဲ့သို့ နယ်မြို့တွင် နေထိုင်သည့် အချို့သောသူများ အနေဖြင့် ဂရုမထားမိသူများလည်း ရှိသည်ကို မေးမြန်းချက်များအရ သိရှိရသည်။

Comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဒေါ်အောင်ဆန်းစုကြည်တဦးထဲကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ဦးဝင်းတင် လိုကိုယ့်ပါတီကို ကိုယ်တိုင်မသာချ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မယုံကြည် ပြည်သူ့မျက်နှာမထောက်ထားသူများရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး၊ရှစ်ဆယ့်ရှစ် ရဲ့သွေးတွေ ချွေးတွေ မျက်ရည်တွေနဲ့ ထုဆစ်ထားရတာ...
ဘယ်လိုမဟာဗျူဟာ နည်းဗျူဟာတခုမှကြိုတင်ပြင်ဆင်ထားမှုမရှိပဲ အောက်ခြေ ရဲဘော်တွေကို ထိုးကြွေးတော့မလို့လား
လူထုဟာလမ်းမပေါ်ကို ဦးဝင်းတင်တို့ဦးဆောင်တာနဲ့ ထွက်လာမယ်လို့ထင်သလား
santun said…
မဲသွားပေးမလို့များစဉ်းစားနေသလား၊ နအဖ က ဘယ်တုန်းကများ ရိုးသားဖူးလို့လဲ၊ ၂ တုံးကုန်လို့မှ ဘာမှန်းမသိရင် ကျွေးတဲ့လူအပြစ်မဟုတ်ဖူး၊ စားတဲ့လူအပြစ်၊
ဒီရွေးကောက်ပွဲကို ပြည်သူလူထု က တညီတညွတ်ထဲ မဲသွားမပေးပဲ လုံးဝ လုံးဝ သပိတ်မှောက်ရမယ်၊
လမ်းမပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ဖူး၊ ဒီလိုနေရာမှမညီညွတ်ရင် ကိုယ် နဲ့ထိုက်တန်တဲ့အစိုးရကိုပဲရမယ် ဆိုတာမှတ်ထားကြ၊
ရွေးကောက်ပွဲ ကိုသပိတ်မှောက်ကြ၊