talk with Gyi Daw Kyaing

ဂျီးဒေါ်ကြိုင်နှင့် ထပ်မံ တွေ့ဆုံခြင်း
ရန်လိုကျွဲ
မတ် ၂၇၊ ၂၀၁၀

Moemaka.com အတွက် ဂျီးဒေါ်ကြိုင်နှင့် အင်တာဗျူးရပြန်ချေပြီ။ တန်ခူးလ၏ အပူရှိန်က ကြောက်ခမန်းလိလိ ဖြစ်သော်လည်း သတင်းထောက်တို့၏ ၀တ္တရားတာဝန်များကြောင့် အိမ်ထဲတွင် နေ၍ မဖြစ်ပေ။ ထို့ကြောင့် ဂျီးဒေါ်ကြိုင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အတိုင်း တွေ့ဆုံဖြစ်လေသည်။

လိုရင်းပြောရပါက ယခင် စိတ္တဇဆေးရုံအနီး အိမ်တော်ကြီးတွင် နေထိုင်သူ ဂျီးဒေါ်ကြိုင်က
နိုင်ငံခြားမှလာသော ကိုကာကိုလာ ဖျော်ရည်ဖြင့် ကျွန်ုပ်ကို ဧည့်ခံတိုက်ကျွေးလေသည်။ မြို့တော်ဟောင်း ရန်ကုန်၏ နွေဦးရာသီတွင် သုံးဆောင်ရသည့် ကိုကာကိုလာသည် အရသာ ရှိလှပါဘိ။

ထူးခြားမှု တခုအဖြစ် ပန်းဂေါ်ဖီများ ခြံလုံးပြည့် ပေါက်နေသည်ကို သတိပြုမိသည်။ ဟုတ်သည် ပန်းဂေါ်ဖီများ ခြံလုံးပြည့် ပေါက်နေကြသည်။

ကျွန်ုပ် – ဂျီးဒေါ်ရေ - အရမ်းကို ပြောင်းလဲနေပါလား၊ ဟိုတခါ ကျနော် ဒီကို လာတုန်းက ခြံစည်းရိုး ကြက်ဆူတွေ စိုက်ထားတာတွေ့တယ်၊ အခု ပေါက်လာတော့ ပန်းဂေါ်ဖီတွေ ဖြစ်နေတယ်နော်။ အရမ်း ထူးဆန်းတာပဲနော်။

ဂျီးဒေါ်ကြိုင် – ထူးဆန်းပါဘူးဟယ်။ ဗေဒင်ဆရာက ခုတ်ဆိုလို့ ခြံစည်းရိုးကြက်ဆူတွေ ခုတ်ခိုင်းလိုက်၊ ပြီးတော့ မြေးလေးကို ဂေါ်ဖီ ပြောင်းစိုက်ဆိုလို့ စိုက်ခိုင်းလိုက်တော့ ဂေါ်ဖီတွေ ပေါက်လာတာပေါ့။

ကျွန်ုပ် – သြော် - မှတ်သားစရာပါပဲ။ ဗေဒင်ဆရာက ဘာကြောင့် ဂေါ်ဖီတွေ စိုက်ခိုင်းရတာလဲ။

ဂျီးဒေါ်ကြိုင် – အချစ်ဆုံးမြေးလေးရဲ့ အကြိုက်ဆုံးပန်းကို ခြံလုံးပြည့်စိုက်ဆိုလို့ စိုက်လိုက်တာ အခု မင်းမြင်တဲ့အတိုင်း ဂေါ်ဖီပန်းတွေ တင်းကျမ်းပြည့်နေတာပေါ့ကွယ်။

ဗေဒင်ဆရာ နှင့် ဖိုးလပြည့်တို့၏ ပူးပေါင်းမှုကြောင့် စိုက်ပျိုးစွမ်းအား အလွန့်အလွန် ထွန်းကားလျက် ရှိပုံကို ဂျီးဒေါ်ကြိုင်က ရှင်းပြလေသည်။ ခြံလုံးပြည့် ဂေါ်ဖီပန်းတို့ ဝေဆာစေနိုင်ခဲ့သော ဖိုးလပြည့်၏ အရည်အချင်းကြောင့် နာမည်ကျော် တက္ကသိုလ်ကြီးများသို့ စေလွှတ်ပြီး ပညာသင်ယူလျှင် သင့်လျော်မည်ဟု ကျွန်ုပ် အကြံပေးလိုက်မိသည်။

ဂျီးဒေါ်ကြိုင် – ကြံကြီးစည်ရာကွယ်။ ငါ့မြေးလေးက စာဘယ်လိုက်နိုင်ပါ့မလဲ။ ပြီးတော့ ဟိုရောက်ရင် အပေါ်စီးကနေခွင့်တို့၊ ရမ်းကားခွင့်တို့ ဘာတို့ ရှိတော့မှာ မဟုတ်ဘူး။ ဒီမှာနေလည်း နိုက်ကလပ် ဆိုတာတွေ တက်လို့ရနေတာပဲ။ ဟဲ့ - ကြုံလို့ ပြောရဦးမယ်၊ ငါ့မြေးက စွယ်စုံရတယ်ဟဲ့။ နိုက်ကလပ်မှာ ဒီဂျေဆိုလား ဘာဆိုလား အဲဒါလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်ဆိုပဲ။

ကျွန်ုပ် – ဟုတ်ကဲ့။ ၀မ်းသာပါတယ်။ ဒါပေမယ့် ဖိုးလပြည့်က နေပြည်တော်မှာ မနေဘဲ ရန်ကုန်မှာပဲ နေတယ်နော်။

ဂျီးဒေါ်ကြိုင် – နင်ကလည်း သတင်းထောက်ဖြစ်ပြီး တုံးလိုက်တာ၊ နိုက်ကလပ် ဆိုတာတွေက ရန်ကုန်မှာပဲ များများစားစား ရှိတယ်လေ။ သူ့ကြောင့် ငါတို့လင်မယားလည်း ရန်ကုန်မှာပဲ နေဖြစ်တာ များပါတယ်အေ။ မြေးကို ချစ်လွန်းတော့လည်း မြေးနားမှာပဲ နေရမှာပေါ့။ ပြီးတော့ အနာဂတ်ရဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ ငါတို့က အနီးကပ် လေ့ကျင့်ပျိုးထောင်ပေးလို့လည်း ရတယ်လေ။

ဂျီးဒေါ်ကြိုင်၏ စကားကြောင့် ကျွန်ုပ် ကိုကာကိုလာ သီးပြီး အသက်ရှူပင် ရပ်သွားသည်။

ဂျီးဒေါ်ကြိုင် – ဒါပေမယ့် ငါ့မြေးက ရည်မှန်းချက် သိပ်မကြီးဘူး။ သူ့ကို ဘာဖြစ်ချင်သလဲ မေးတော့ ဘယ်လိုဖြေတယ် မှတ်သလဲ။ ကျောင်းအုပ်ကြီး ဖြစ်ချင်တယ် တဲ့။ ဆရာတွေကို ရိုက်ချင်လို့ ဆိုပဲ။

ကျွန်ုပ် – စာညံ့တဲ့သူက ဘယ်လို ကျောင်းအုပ် ဖြစ်နိုင်မလဲ။

ဂျီးဒေါ်ကြိုင် – နောက်တော့ ပြောသေးတယ်၊ မထသ ဥက္ကဋ္ဌ ဖြစ်ချင်တယ် တဲ့။ ပြိုင်ကားမောင်းချင်လို့ ဆိုပဲ။ သူဖြစ်ချင်တာတွေကလည်း သိပ်များတယ်ကွယ်။ မန်ယူ ဘော်လုံးအသင်းမှာလည်း ဘော်လုံးး ကန်ချင်တယ်။ ပြီးတော့ လေတပ်ဦးစီးချုပ်လည်း ဖြစ်ချင်တယ် တဲ့။ ရဟတ်ယာဉ်မောင်းချင်လို့ ဆိုပဲ။ ဒါပေမယ့် တပ်မတော်ထဲ မ၀င်ဘဲနဲ့ လေတပ်ဦးစီးချုပ် ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲကွယ်။

ကျွန်ုပ် – ဒါဆိုရင်လည်း သူ့ကို စစ်ထဲ ပေးဝင်လိုက်ပေါ့ဗျာ။

မြေးတော်မောင်ကို တပ်မတော်သားတဦးအဖြစ် တာဝန်ထမ်းဆောင်စေသင့်ကြောင်း အကြံဉာဏ်ကြောင့် ဂျီးဒေါ်ကြိုင် မျက်လုံးများ ပြူးထွက်ကုန်သည်။ ထို့နောက် ပြာပြာသလဲဖြင့် -

ဂျီးဒေါ်ကြိုင် – ပေးဝင်လို့ ဖြစ်မလား ဟဲ့၊ ငါ့မြေးက ငယ်ငယ်လေးဟာကို။

ကျွန်ုပ် – အသက် ဘယ်လောက်ငယ်ငယ် ရပါတယ်၊ တပ်မတော်က အသက် ၁၂ နှစ် ကျော်ရင် လက်ခံနေတာပဲ။ သြော် - ကြုံလို့ မေးရဦးမယ်၊ ဟိုတလောတုန်းက ကမ္ဘာအေးဘုရားလမ်းပေါ်က ကော်ဖီဆိုင်ကို ဖိုးလပြည့် ၀င်ရိုက်ပြီး သောင်းကျန်းသွားတာက ဘာကြောင့်လဲ။

ဂျီးဒေါ်ကြိုင် – ငါ အဲဒါ ပြောမလို့ပဲ။ ငါ့မြေးက သိပ်တော်တာဟဲ့၊ ခေါင်းဆောင် ဖြစ်ချင်လို့ လက်စွမ်း ပြလိုက်တာ။ အဲဒီသတင်း မိုးမခ ဒေါ့ကွန်မှာ ငါတို့ ဖတ်လိုက်ရသေးတယ်။ သတင်းကို မင်း ရေးတာလား။ ကလောင်နာမည်က မိုးမခ အထောက်တော် ရန်ကုန် ဆိုလား ဘာဆိုလား။

ကျွန်ုပ် – ဟုတ်ပါဘူးဗျာ။ မိုးမခ အထောက်တော် ရန်ကုန် ဆိုတာက ဘုံပိုင် နာမည်ပါ။ မန္တလေးက ကိုဘီယာ၊ ပဲခူးက ကိုဝီစကီ တို့လည်း ဒီနာမည် ယူသုံးနေကြတာပဲ။ အဲ - ဖိုးလပြည့် လက်ချက်နဲ့ ကော်ဖီဆိုင်လည်း စုတ်ပြတ်သတ်သွားတယ်နော်။

ဂျီးဒေါ်ကြိုင် – အေး - အဲဒီ ကော်ဖီဆိုင်ကို ၀င်ရိုက်အပြီးမှာ ဖိုးလပြည့် ဖြစ်ချင်တာတွေ အားလုံး အဆင်ပြေသွားတယ်။ သူ့အဖိုးလည်း စိတ်တိုင်းကျ သွားတယ်ဆိုပါတော့အေ။ ဖိုးလပြည့် ရှေ့ရေးအတွက် အရမ်းကို စိတ်တိုင်းကျသွားတာ။ ရှစ်လုံးကိုတော့ ချော့ရတာပေါ့။

ကျွန်ုပ် – ဘာလဲဗျ ရှစ်လုံး ဆိုတာ။

ဂျီးဒေါ်ကြိုင် – ရှစ်လုံး ဆိုတာ သီဟသူရ တင်အောင်မြင့်ဦး ဆိုတဲ့ ပုဂ္ဂိုလ်ပေါ့။ နာမည်က ၈ လုံး ရှိလို့ ခေါ်ရတာ ရှည်တာနဲ့ တို့က ရှစ်လုံးလို့ လွယ်လွယ် ခေါ်လိုက်တာပါ။ အေး - အဲဒီကော်ဖီဆိုင်က သူ့သားရဲ့ စတုတ္ထမြောက် မယားငယ်က ဖွင့်ထားတာ ဆိုလားပဲ။ ဆိုင်ပျက်စီးသွားတော့ နောက်တနေရာမှာ နောက်တဆိုင် ထပ်ဆောက်ပါကွယ်လို့ ချော့ရတာပေါ့အေ၊ ဟင်းဟင်းဟင်း၊ ငါ့မြေးကလည်း လက်သံပြောင်ပါပေ့၊ ပြောင်ပါပေ့။ အဲဒီလို ပြောင်လို့လည်း သူ့အဖိုးရဲ့ စိတ်ကြိုက် ဖြစ်သွားတာပေါ့။

ကျွန်ုပ် – သူ့အဖိုးက သူ့ကို ခေါင်းဆောင်ဖြစ်စေချင်တာပဲ။ အခု ဖိုးလပြည့်က လမ်းသရဲလိုလို လူမိုက်လိုလို ဘာလိုလို - -

ဂျီးဒေါ်ကြိုင် – အေး - ဖိုးလပြည့်က ခေါင်းဆောင်ဖြစ်ဖို့ ကြိတ်ပြီး ကြံနေတာလေ။ သူ့အဖိုးကလည်း မင်းပြောသလို သူ့ကို ခေါင်းဆောင်ဖြစ်စေချင်တာပဲ။ သို့ကလို ကော်ဖီဆိုင်ကို ၀င်ပြီး ရိုက်နှက် သောင်းကျန်း လက်သံပြောင်ပြလိုက်တော့ သူ့အဖိုးက သူ့ကို သိပ်ပြီး သဘောကျသွားတယ်။ ဒါနဲ့ပဲ သူ့ကို စွမ်းအားရှင် အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် စိတ်ချလက်ချ ခန့်လိုက်တော့တာပါပဲကွယ်။

ကျွန်ုပ် – ဘာလဲဗျ စွမ်းအားရှင် အဖွဲ့ ဆိုတာ။

ဂျီးဒေါ်ကြိုင် – သြော် - မိုးမခသတင်းထောက်ကလည်း ညံ့လိုက်ပါဘိ။ စွမ်းအားရှင်အဖွဲ့ ဆိုတာ ပေါ်နေတာ ၁၅ နှစ် ကျော်နေပြီ။ ဒီမိုကရေစီ ဟိုမိုကရေစီ လျှောက်အော်တဲ့သူတွေကို ရိုက်ဖို့ နှက်ဖို့ သတ်ဖို့ ဖြတ်ဖို့ အာဏာကုန် လွဲအပ်ထားတယ်လေ။ အခု ငါ့မြေးက အဲဒီအဖွဲ့မှာ ခေါင်းဆောင်ကွဲ့။ အဲဒါ မင်း အင်တာဗျူးချင်တယ် ဆိုရင် သူ့ကို ဗျူးပေတော့။

ဂျီးဒေါ်ကြိုင်နှင့် အမေးအဖြေအပြီးတွင် ကျွန်ုပ်လည်း ဂေါ်ဖီပန်းခြံကြီးအတွင်းမှ လေးလံစွာ ထွက်ခွာခဲ့လေသတည်း။

Comments