Khaing Mar Kyaw Zaw - Burmese Lives at the Borders - 21

နယ်စပ်လမ်းက ဝမ်းတထွာ ၂၁
ခိုင်မာကျော်ဇော
ဧပြီ ၉၊ ၂၀၁၀
အာရ်အက်ဖ်အေ ရေဒီယို ပင်တိုင်အစီအစဉ်က ကူးယူဖော်ပြသည်
အိန္ဒိယ-မြန်မာနယ်စပ်က မိုးရေးမြို့နဲ့ ယှဉ်တွဲနေတဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ကတော့ စစ်ကိုင်းတိုင်းက တမူးမြို့ပါ။ တမူးနဲ့ မိုးရေးကို အိမ်ဦးနဲ့ ကြမ်းပြင်လို လူးလာခေါက်တုံ့ ပြေးလွှား လုပ်ကိုင်စားသောက် နေကြသူတွေကတော့ တမူးမြို့ စွန်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ခေါင်းရွက်ဗြတ်ထိုး ဈေးသည်တွေပဲ ဖြစ်ပါတယ်။ 
တမူးမြို့စွန်က ခေါင်းရွက်ဗြတ်ထိုး ဈေးသည်တွေဟာ မိုးရေးကို စက်ဘီးဟောင်းလေးတွေနဲ့ ဈေးရောင်း၊ ဈေးပြန်လုပ် ကြသလို တချို့ကတော့ ခြေလျှင်လျှောက်လာကြပြီး မိုးရေးမြို့လေးထဲမှာ တလမ်းဝင် တလမ်းထွက်၊ တအိမ်ဝင် တအိမ်ထွက် တနေကုန် ဈေးလည်ရောင်းကြပါတယ်။ 
စက်ဘီးဟောင်းတွေနဲ့ ဈေးရောင်းထွက်တဲ့ ဈေးသည်တွေဟာ မိုးရေးကိုရောက်တာနဲ့ သူတို့ရဲ့ စက်ဘီးလေးတွေကို မိုးရေးမြို့စွန်က ကက္ကိုတန်းမှာ စီးတန်းထားခဲ့ကြပြီး မိုးရေးရဲ့ မနက်ခင်းဈေးမှာ ပါလာတဲ့ ရောင်းကုန်တွေကို ဖြန့်ခင်းရောင်း ချကြပါတယ်။
မိုးရေး မနက်ခင်းဈေးမှာ တမူးဈေးသည်တွေ ရောင်းချကြတာက မုန်လာ၊ ချည်ပေါင်၊ နံနံ၊ ပဲတောင့်၊ ငရုပ်သီး၊ ခရမ်းသီး၊ ဗူးသီး၊ ဖရုံသီး၊ ရုံးပတီသီးစတဲ့ စိမ်းစိုလတ်ဆတ်တဲ့ အသီးအနှံတွေ။ တမူးချောင်းက ရှာလို့ရတဲ့ ခရု၊ ပုဇွန်၊ ငါးကြင်း၊ ငါးသိုင်းစတဲ့ လတ်ဆတ်တဲ့ ငါးမျိုးစုံနဲ့ တမူး ဈေးကြီးကနေ ဖောက်သည်ဈေးနဲ့ ဝယ်ယူလာတဲ့ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ အမဲစတဲ့ အသားမျိုးစုံပါ။
မနက်ခင်းဈေးမှာ တမူးဈေးသည်တွေကို အမာခံ ဝယ်ယူအားပေးသူတွေကတော့ မိုးရေးမြို့ခံတွေဖြစ်တဲ့ ကူကီး၊ နာဂ၊ ကသည်း၊ ဟိန္ဒူ၊ တမီးလ်တွေနဲ့ မိုးရေးက လက်နက်ကိုင်အဖွဲ့တွေပဲ ဖြစ်ပါတယ်။ 
တမူး-မိုးရေး နယ်စပ်ဈေးမှာ လူမျိုး၊ ဘာသာ၊ စကား ဘယ်လိုပဲ ကွဲပြားခြားနား။ သူပုန်၊ စစ်သား၊ အရပ်သား ဘယ်လိုပဲ ခြားနားခြားနား။ ရောင်းသူနဲ့ ဝယ်သူ နားလည်ကြ။ ဈေးသည်နဲ့ ဈေးဝယ် ဖောက်သည်တွေ ဖြစ်ကြ။ ရင်းနှီးကျွမ်း ဝင်ကြတာကိုလည်း တွေ့ရမြင်ရပါတယ်။
ဈေးသည်တဦးကို သူပုန်တယောက်က ‘နောက်နေ့ လာရင် ငါးပိ တပိဿာလောက်  ပါအောင်ယူခဲ့ပါ’လို့ မှာသလို အဲ့ဒီဈေးသည်ကိုပဲ စစ်သားတဦးက ‘မနက်ဖြန်လာရင် ငါးခြောက်ငါးခြမ်းလေးတွေ ယူခဲ့ပါဦး’လို့မှာတာကလည်း တမူး-မိုးရေး နယ်စပ်ဈေးက  မြင်ကွင်းတွေပဲဖြစ်ပါတယ်။
တနယ်တကျေးကလူတွေအတွက် ဒီမြင်ကွင်း၊ ဒီအသံတွေဟာ ထူးခြားတယ်လို့ ဆိုနိုင်ပေမယ့် တနေ့လုပ်မှ တနေ့ စားရတဲ့ တမူးက ဈေးသည်တွေ၊ ဈေးရောင်းမှ မိသားစု ဝမ်းရေးအဆင်ပြေမယ့် တမူးဈေးသည်တွေအဖို့တော့ နိစ္စဓူဝ ကိစ္စတွေ ပဲလို့ ဆိုပါတယ်။
“ဒီမှာ အဖွဲ့အားလုံးက လက်နက်ကိုင်နေတာဆိုတော့ ဘယ်ဟာသူပုန်၊ ဘယ်ဟာ စစ်သားဆိုတာ ကျနော်တို့ မခွဲ တတ်ဘူး။ တမူးနဲ့ မိုးရေးကို ဈေးရောင်းဈေးပြန် လုပ်နေရတဲ့ ကျနော်တို့ကတော့ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းရတယ်။ ဈေးသည်ဆိုတာ ဈေးရောင်းရမှ ငွေပေါ်တာဆိုတော့ တန်ရာတန်ကြေးပေးရင် ဘယ်သူ ဝယ်ဝယ် ရောင်းတာပဲ”လို့ ဈေးသည် အမျိုးသားတဦးက သူတို့ဒေသနဲ့ သူတို့ဘဝကို ပြောပါတယ်။
ဈေးသည်အများစုဟာ ဈေးကွဲရင် တမူးဘက်ကို ပြန်ကြပါတယ်။ ဒါပေမယ့် ပါလာတဲ့ ပစ္စည်းတွေကုန်မှ ရူးပီးငွေ ၆ဝ၊ ၇ဝ၊  အမြတ်ရမယ့်၊ မိသားစု နေ့ဖို့ညစာ အဆင်ပြေမယ့်၊ ဈေးသည်တွေကတော့ ဈေးကွဲသွားပေမယ့်လည်း တမူးကို မပြန်နိုင် သေးဘဲ သယ်လာတဲ့ ပစ္စည်းတွေ မကုန်ကုန်အောင် လည်ရောင်းဖို့ ခြေလှမ်းပြင်ရပါတယ်။
 “အခြောက်အခြမ်းတွေ မကုန်တာက ကိစ္စမရှိဘူး။ အသီးအရွက်နဲ့ သားငါးတွေ မကုန်ရင် အိမ်စရိတ် အတွက်ရော နောက်နေ့ ဈေးပြန်ရင်းဖို့အတွက်ပါ အခက်တွေ့မှာ။ ‘ ဒီတော့ ရပ်ကွက်တကာ လှည့်ရောင်းရတာပဲ။ ရပ်ကွက်ထဲ လှည့်ရောင်း လို့ အဆင်ပြေပြေနဲ့ ကုန်သွားတဲ့နေ့တွေရှိသလို မကုန်ကုန်အောင် အကြွေးပေးပြီး ရောင်းရတာတွေလည်းရှိတယ်”
လို့ ဈေး သည် အမျိုးသမီးတဦးက ပြောပါတယ်။
ရောင်းသူဝယ်သူ အဆင်ပြေအောင် ဒီလို ရောင်းနေကြ၊ ဝယ်ကြလို့လည်း ‘ဒီနေ့တော့ ငွေမလည်သေးလို့ နောက်နေ့ မှ ယူပါ’။ ‘ငါးခြောက် တဆယ်သားလောက် အကြွေးထားခဲ့ပါဦး’ ‘ကြွေးဟောင်းတွေ ကြေပြီနော်၊ ကြွေးသစ်တော့ ခဏစောင့် ဦး’ ဆိုတဲ့ ဈေးစကား ကြွေးစကားတွေ တမူးဈေးသည်နဲ့ မိုးရေးဈေးဝယ်တွေကြားမှာ ရေပန်းစားလာပါတယ်။
တကယ်တမ်းကြတော့ တမူးက ခေါင်းရွက်ဗြတ်ထိုးဈေးသည် အများစုဟာ နေ့ပြန်တိုးနဲ့ ဈေးရောင်းသူတွေ၊ ခေါက်ပြန် ပေးနဲ့ ဝမ်းကြောင်းနေကြသူတွေဖြစ်ပါတယ်။ ‘မနက်ခင်း ဈေးသည်၊  ညခင်း ကြွေးသည်’ဆိုတဲ့ စကားကလည်း တမူးက ဈေး သည်တွေကြားမှာ ရေပန်းစားတာပါပဲ။
သူတို့ကလည်း နေ့ပြန်တိုးပေးစားသူတွေ၊ ခေါက်ပြန်ပေးသမားတွေကို ကြွေးဟောင်းဆပ်၊ ကြွေးသစ်ယူကြရတဲ့ အကြွေးသံသရာထဲမှာ တဝဲလည်လည် ဖြစ်နေကြတဲ့ ဈေးသည်တွေဖြစ်ပါတယ်။
ကန်ဇင်းရိုး တချောင်းသာခြားတဲ့ တမူး-မိုးရေး နယ်စပ်လမ်းမှာ ဈေးရောင်းထွက် သူတွေ၊ ကြွေးတောင်းထွက်သူတွေ ခြေခြင်းလိမ်နေကြသလို တစ်ဝမ်းတစ်ခါး၊ ဝမ်းစာ ရှာသူတွေ။ ဆုံကြ၊ တွေ့ကြ၊ ချစ်ကြိုက်ကြ။ ညားကြ၊ ကွဲကြ၊  ပြန်ပေါင်းကြတဲ့ အချစ်အလွမ်းဇာတ်လမ်းတွေကလည်း တမူး-မိုးရေး နယ်စပ်လမ်းက သမရိုးကျ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

Comments