tight security after bomb blasts

ဗုံးကွဲမှုများအပြီး ရဲစခန်းများ ကိုယ်တိုင် လုံခြုံရေး ဂရုစိုက်ရန် အာဏာပိုင်တို့ ညွှန်ကြား
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၃၀၊ ၂၀၁၀ လွိုင်ကော်ရဲစခန်း ဗုံးကွဲအပြီး မြင်ကွင်းဓာတ်ပုံများမှာ အင်တာနက်တွင် ပျံ့နှံ့နေသည်။

သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုနှင့် ကချင်ပြည်နယ်မြစ်ဆုံ ဗုံးကွဲမှုနောက်ပိုင်း ရန်ကုန်မြို့ရှိ လူအများ စုဝေးရာ ကုန်တိုက် ၊ဈေးဝယ် စင်တာများတွင် သာမက ရဲစခန်းများကိုယ်တိုင် သူတို့၏ လုံခြုံရေး အတွက် စေ့စေ့ စပ်စပ် စစ်ဆေး စောင့်ကြပ် ကြရန် ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့မှ ရဲဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မှ ရဲတပ်ဖွဲ့ဝင်များအား လူစည်ကားရာ နေရာများတွင် သတိဖြင့် သွားလာကြရန် ညွှန်ကြားထားသကဲ့သို့ သက်ဆိုင်ရာ ရဲစခန်းတိုင်းတွင်လည်း လူဝင် လူထွက်ကို သေချာစွာ စစ်ဆေးရန်နှင့် ပတ်ဝန်းကျင် လုံခြုံရေးကို ပိုမို ဂရုပြုရန် အထက်က ညွှန်ကြားထားသည်ဟု အဆိုပါ ရဲဝန်ထမ်းက ရှင်းလင်း ပြောဆိုသည်။

အဆိုပါ ရဲဝန်ထမ်းက`` စခန်းတွေဘယ်လောက် လုံခြုံရေး ကောင်းသလဲ ဆိုတာကို ရဲတပ်ဖွဲ့ဝင် အချင်းချင်း စခန်း တစ်ခုနဲ့ တစ်ခု ဗုံး အတုတွေ ယူသွားပြီး စမ်းသပ်တဲ့ သဘောနဲ့ သယ်သွင်းသွားတာ၊ ထောင်တာတွေ လုပ်ရတယ်။ အဲလို သယ်သွင်းသွားတာကို စစ်ဆေးလို့ မသိတဲ့ စခန်းဆို အထက်က ထုချေလွှာ တောင်းတာ ခံရတဲ့ သဘောပဲ´´ဟု လည်း ပြောဆိုသည်။

အနည်းဆုံး ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး ၁၇၀ ၀န်းကျင် ဒဏ်ရာ ရစေခဲ့သည့် ရန်ကုန်မြို့ သင်္ကြန် ဗုံးကွဲမှု နောက်ပိုင်း ကချင်ပြည်နယ် ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရာ မြစ်ဆုံ ဗုံးကွဲမှု၊ ယခုလ ၂၈ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ ရဲစခန်းတွင်း ဗုံးကွဲမှုတို့ ဆင့်ကာ ဆင့်ကာ ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ နှင့် မြစ်ဆုံ ဗုံးကွဲမှု လက်သည်များအား ဖော်ထုတ် ကြေညာနိုင်ခြင်း မရှိသေးပေ။

လွိုင်ကော်ရဲစခန်း ဗုံးကွဲအပြီး စစ်ဆေးနေပုံ မြင်ကွင်း

တနေ့က ဖြစ်ပွားသည့် လွိုင်ကော်မြို့ ဗုံးကွဲမှုတွင်မူ ဈေးတွင် ဗုံးထောင်ရန် ကြိုးစားသူ နှစ်ဦးကို ရဲက စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ဗုံးခွဲမည့် သူ၏ ကိုယ်ခန္ဓာတွင် ဖွက်ပြီး သယ်ဆောင်လာသည့် ဗုံးက ပေါက်ကွဲပြီး ဗုံးခွဲရန် ကြိုးစားသူ ကိုယ်တိုင်နှင့် အနီးအနားရှိ ရဲတပ်ဖွဲ့ဝင် တချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်း ဖေါ်ပြချက်များ အရ သိရှိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ရဲနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရိုက်ယူထားသည်ဟု ယူဆရသော ဗုံးကွဲသူ သေဆုံးနေသည့် သတင်းဓာတ်ပုံများလည်း အင်တာနက်တွင် ပျံ့နှံ့လျက် ရှိသည်။

နအဖ အစိုးရက ဗုံးကွဲမှုများသည် ပြည်ပ အခြေစိုက် နိုင်ငံရေး အဖွဲ့များနှင့် တိုင်းရင်းသား သူပုန်အဖွဲ့ အစည်းတို့၏ လက်ချက် ဖြစ်သည်ဟု သတင်းစာ ဆောင်းပါးများတွင် စွပ်စွဲ ရေးသားသော်လည်း တိကျသည့် သက်သေ အထောက်အထား မပြသနိုင်သေးပေ။

Comments