USDA party


ကြံ့ခိုင်ရေး ပါတီ လာပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
ဧပြီ ၃၀၊ ၂၀၁၀
ယမန်နေ့က ဖွင့်ပွဲတခုတွင် တွေ့ရသည့် ၀န်ကြီးချုပ် ဦးသိန်းစိန်။ ယခင်က စစ်ယူနီဖောင်းဖြင့်သာ တွေ့ရလေ့ရှိသည့် သူ့ကို ယခုအခါ အရပ်ဝတ်ဖြင့်သာ တွေ့နေရသည်။ (ဓာတ်ပုံ-SPDC)

ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက နိုင်ငံရေးပါတီ ဖွဲ့ရန် ကြာသပတေးနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

ဝန်ကြီးချုပ်၏ ပါတီ အမည်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖြစ်သည်။

ပါတီ၏ အမည်သည် ဗိုလ်ချုပ်ကြီးတို့ ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးအသင်း အမည်နှင့် ဆင်တူနေသည်။

ပါတီဖွဲ့ရန် လျှောက်လွှာတင်သည့် ၂၇ ဦး အမည်ကို မသိရသေးပါ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၀န်ကြီးရာထူးများ ယူထားသည့် စစ်ဗိုလ်ချုပ် ၂၀ ၀န်းကျင်သည် မြန်မာ့တပ်မတော်မှ ထွက်ပြီး အရပ်ဝတ်ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်မည့်သတင်း ထွက်ပေါ်ခဲ့သည်။ စစ်အစိုးရက ထိုပုဂ္ဂိုလ်များ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိပေ။

အရပ်ဝတ်လဲလိုက်သည့် ထိုပုဂ္ဂိုလ်များသည် ကြံ့ခိုင်ရေး ပါတီ ဖွဲ့ရန် လျှောက်လွှာတင်သူများ ဖြစ်ဖွယ်ရှိကြောင်း အများက ယူဆနေကြသည်။

စစ်အစိုးရက ထိုအပြောင်းအလဲများကို ကြေညာခြင်း မရှိသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူများက နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုပြီး ခန့်မှန်း လေ့လာနေကြသည်။

ယနေ့ထုတ် သတင်းစာများတွင် စစ်ယူနီဖောင်းချွတ်လိုက်သူ တဦး၏ အမည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်မှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဖြစ်သည်။ စစ်တပ်ရာထူး စွန့်လွှတ်ခြင်း မပြုမီက သူ၏ ရာထူးမှာ ဗိုလ်မှူးချုပ် ဖြစ်သည်။

Comments