censored on the NLD

ဟောပြောပွဲတခုတွင် NLD အမည် ဆင်ဆာဖြတ်ခံရ
မိုးမခအထောက်တော် အမှတ် ဝဝ၈
ဇွန် ၇၊ ၂ဝ၁ဝ စနေနေ့က ရန်ကုန်တွင် မောင်ဝံသ ဟောပြောနေပုံ နှင့် သူ၏ ပရိသတ်

စနေနေ့က ရန်ကုန်တွင် ပြုလုပ်သည့် စာနယ်ဇင်းဆရာ မောင်ဝံသ၏ ဟောပြောပွဲတခုတွင် NLD အဖွဲ့တွင် တာဝန်ယူခဲ့ဖူးသည်ဟူသော အချက်ကို သူ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားစဉ် ထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို ကိုယ်ရေးအကျဉ်းကို ဆရာမောင်ဝံသ ကိုယ်တိုင် ရေးပေးခဲ့သည်ဟု ဆိုသော်လည်း ဟောပြောပွဲ စီစဉ်သူက NLD နှင့် ဆက်စပ်မှုများအကြောင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD နှင့် မောင်ဝံသ ဆက်စပ်မှုများ အကြောင်းကို မကြားရသဖြင့် စိတ်ပျက်မိကြောင်း ဟောပြောပွဲသို့ ရောက်ခဲ့သည်ဟု ယူဆရသူတဦးက ပြောသည်။

“ဟောပြောပွဲ မစခင် ဟောပြောသူရဲ့ ကိုယ်ရေး ရာဇဝင် ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့  နိုင်ငံရေး ဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ဖွယ် ကောင်းပါတယ်” ဟု အင်တာနက် အီးမေးလ်မှ တဆင့် ဖြန့်ချိသော သူ၏ စာတွင် ရေးထားသည်။

NLD အမည်ကို မတွေ့ရသဖြင့်လည်း ပြစ်တင် ဝေဖန်ထားသည်။

ကာယကံရှင် ဆရာမောင်ဝံသကလည်း ထိုဝေဖန်ချက်များကို ပြန်လည် တုံ့ပြန်ထားရာ ထို တုံ့ပြန်ချက်ကလည်း အီးမေးလ်အသုံးပြုသူ မြန်မာပြည်သားတချို့ကြားထဲတွင် ပျံ့နှံ့နေသည်။

အီးမေလ်းများမှတဆင့် ပျံ့နေသော စာ ၂ စောင်

မောင်ဝံသကို ဝေဖန်သည့်စာ
ဖိုးဇော် ....
မင်းက UMFCCI ကို သွားချင်၊ ငါက ငါးလုပ်ငန်း အဖွဲ့ ချုပ်ကို သွားချင်နဲ့ ညှိမရတဲ့အဆုံး ကိုယ့်လမ်း ကိုယ်သွားခဲ့တယ်။ ဂျူး ရဲ့  သဘာဝ ပတ်ဝန်းကျင် ဘာသာရပ်ကလည်း စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ငါကတော့ မောင်ဝံသ ဆီ ရောက်သွားတယ်။

၁၉၈၅ ခုနှစ်လောက်ကတည်းက အတွေးအမြင် စာစောင်ကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ပြီး မောင်ဝံသ ကို သတိပြုမိပါတယ်။ ဒီမိုကရေစီအုံကြွမှုကြီးအပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အမတ် မောင်ဝံသ၊ နောက် ထောင်ထဲရောက်သွားတဲ့ မောင်ဝံသလို့သိခဲ့ရပါတယ်။

အပြင်ပြန်ရောက်ပြီး NLD နဲ့ မောင်ဝံသ ဝေးခဲ့ပုံရပါတယ်။ စာရေးဆရာ၊ မီဒီယာသမား အဖြစ် နောက်ပိုင်း ပြန်ပေါ်လာတာ တွေ့ရတယ်။

သူကတော့ နေရာမှန် ပြန်ရောက်တယ် ပြောပါတယ်။ ၁ဝ နှစ်တာ ကာလအတွင်း လူအများရှေ့ စင်မြင့်ထက် ပထမဆုံး ပြန်တက်တဲ့ ပွဲလို့ဆိုပါတယ်။ ပရိသတ် ၁၇ဝ ကျော်လောက် လာကြတာ တွေ့ရတယ်။

နိုင်ငံရေးဘက် အလေးကဲပြီး ပြောသွားတာတွေ့ရသလို မေးကြတာတွေ အများစုဟာလည်း နိုင်ငံရေးနဲ့ နွယ်ယှက်တဲ့ မေးခွန်းတွေပါ။ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး မီဒီယာ လွတ်လပ်ခွင့် ... စတဲ့ အမေးတွေကို ထိန်းထိန်း သိမ်းသိမ်း ဖြေသွားပါတယ်။

ဟောပြောပွဲ မစခင် ဟောပြောသူရဲ့ ကိုယ်ရေးရာဇဝင် ဖတ်ပြတဲ့အခါ NLD မှာ ဆောင်ရွက်ခဲ့တဲ့  နိုင်ငံရေး ဖြတ်သန်းမှုကို မကြားရတာ စိတ်မချမ်းမြေ့ ဖွယ်ကောင်းပါတယ်။

တရားဝင် ပါတီ အဖြစ် မရှိတော့တဲ့ NLD ကို မေ့ထားရမယ့်အချိန်မှာမှ စိုးရိမ်စိတ် တထိတ်ထိတ် ဖြစ်နေကြတာ ငါတော့ နားမလည်နိုင်ဘူး။

ဖိုးဇော်ရေ ....
မိုးကြိုးပစ် ထန်းလက်နဲ့ကာလို့ မရလောက်အောင် အဘက်ဘက်က အောက်တန်းနောက်တန်း ကျနေတဲ့ ငါတို့နိုင်ငံ၊ ငါတို့လူမျိုးကို ပြန်လည် ဆယ်ယူ တွန်းတင်ဖို့ရာ ငါတို့မှာ တာဝန်ရှိပါတယ်။ ငါတို့ပဲ လုပ်ရမယ်။ လုပ်ချင်လွန်းလို့ လုပ်တာဘဲ ဖြစ်ရမယ်။

ရိုးသားတဲ့ မျိုးချစ်စိတ်ကို ဆုတ်ကိုင်ပြီး အမျိုးသား ဦးမော့ရေးအတွက် လုပ်ကြ ကိုင်ကြတဲ့ အခါ ခေါက်ရိုးကျိုး အကျင့်ဟောင်းနဲ့ အရိုးစွဲ အကြောက်ဟောင်းတွေကိုမှ ခါ မထုတ်နိုင်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာဘဲ။
မြန်မာပြည် ကွန်မြူနစ်ပါတီ မရှိတော့ဘူး။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ မရှိတော့ဘူး။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မရှိတော့ဘူး။
ဒါ ...ပကတိ အရှိတရားဘဲ။
နိုင်ငံ တည်ဆောက်ရေးနဲ့ အသွင်ပြောင်းရေးအတွက် နေရာ ပေါင်းစုံ၊ ထောင့် အမျိုးမျိုးကနေ အသိရှိရှိ ပါဝင် ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်များရဲ့ ကိုယ်ရေး ရာဇဝင်တွေမှာ ကွက်လပ်တွေ ချန်မထားသင့်ပါဘူး။ အထူးသဖြင့် အဲဒီ ပါတီ ၃ ခုမှာ ဝင်ရောက်လှုပ်ရှားခဲ့သူတွေ ပို သတိပြုသင့်ပါတယ်။ ကွက်လပ်တွေပါတဲ့ ကိုယ့် ကိုယ်ရေး မှတ်တမ်းကို ကိုယ် ကိုယ်တိုင်ဖတ်ပြီး ကျေနပ်နေမှတော့ တိုင်းပြည် အတွက် ဘာမှလုပ် မနေပါနဲ့တော့။ မုန့် ဟင်းခါးသာ ရောင်းစားကြပါတော့ .....။



မောင်ဝံသ၏ တုံ့ပြန်စာ

ဟောပြောပွဲမှာ တုန်းက မေးခွန်းမေးသူ တစ်ယောက်က အလားတူ မေးပါတယ် ကျွန်တော် ရေးပေးတဲ့ ကိုယ်ရေးရာဇဝင်မှာ အကုန် အစုံ ပါပါတယ်။ သတင်းစာ သပိတ်ကို ခေါင်းဆောင်ခဲ့လို့ အလုပ်ပြုတ်ခဲ့တာရော၊ NLD တာဝန်တွေရော၊ ထောင်ကျတာတွေရော၊ အမတ်ရွေးခံရတာရော စာပေဘက် ပြန်ရောက်တာရော အားလုံးရေးပေးပါတယ်။

အဲဒီမှာ ရုံးအဖွဲ့မှူး ဦးခင်မောင်သန်းက ထပြီး ဝန်ခံသွားပါတယ်။ သူ့သဘောနဲ့သူ ဖြတ်တောက်ပစ်တာပါလို့ သူပြောသွားပါတယ်။ ကျွန်တော် ကွက်လပ်ချန်တာ မဟုတ်ပါ။

NLD မှာ (၁) ပဲခူးတိုင်း စည်းရုံးရေးမှူး၊ (၂) ဗဟိုကော်မတီဝင်၊ (၃) ဗဟို အလုပ်အမှုဆောင် (၄) တတ်သိ ပညာရှင် ဗဟိုအဖွဲ့ဝင် အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲသလို လုပ်ခွင့် ရခဲ့တာကို ဘဝတစ်သက်တာ ဂုဏ်ယူစရာ အဖြစ်တောင် အောက်မေ့ပါတယ်။ ထိမ်ချန်လိုစိတ် လုံးဝ မရှိပါ။

ကျွန်တော် တတိယအကြိမ် ထောင်မှာ ၅နှစ်ကျော် နေခဲ့ရပြီး ၂ဝဝ၁ ဇွန်လ ၁၃ရက်မှာ လွတ်တယ်။ ဇူလိုင် ၉ ညမှာ ဒေါ်စု (အိမ်အကျယ်ချုပ်နဲ့ ရှိနေဆဲ)က ဒေါက်တာ တင်မျိုးဝင်းကို ကျွန်တော့်အိမ် လွှတ်ပြီး NLD မှာ ပြန်လည် တာဝန် ထမ်းဆောင်ဖို့ပြောတယ်။ ဦးလွင်နဲ့ သွားတွေ့ သတင်းပို့ဖို့ မှာပါတယ်။ နောက် ၂ရက် အကြာမှာ ကျွန်တော် ဦးလွင်ဆီကို သွားတွေ့တယ်။

ဦးလွင်နဲ့ အဆင် ပြေပါတယ်။ ဒါပေမယ့် ကျွန်တော် အာရုံသိနဲ့ သိလိုက်တယ်။ အရင်လို ကျွန်တော် ဆက်လုပ်ဖို့ မဖြစ်တော့ဘူး ဆိုတာပဲ။ ရုံးက ပြန်လာပြီး ဒေါ်စုဆီကို ပုဂိုလ်ရေး စာတစ်စောင် ရေးတယ်။ ကျွန်တော့်ကို ခွင့်ရက်ရှည်လို့ပဲ သဘောထားပါလို့ ရေးလိုက်တယ်။ ဦးလွင်က တဆင့်ပဲ အဲဒီစာ ပို့လိုက်တယ်။

စာတွေပဲ ဖိရေးပြီး ပါတီ နိုင်ငံရေးက နားနေခဲ့တယ်။ ဦးဝင်းတင် လွတ်လာတော့လဲ ကျွန်တော် အကျိုး အကြောင်း ရှင်းပြပြီး ဒီအတိုင်း ဆက်နေခဲ့တယ်။ ပါတီမှာ တာဝန်ယူ မလုပ်ပေမယ့် ကျွန်တော် စာတွေ ရေးနေတာဟာ နိုင်ငံရေးတာဝန်တစ်ခု mission တစ်ခုကို ထမ်းဆောင်နေတာပဲလို့ ကျွန်တော် ယုံကြည်တယ်။ ပါတီရုံးမှာ သွားထိုင်ပြီး တာဝန် ယူနေတာထက် မလျော့ဘူးလို့ ပြောဝံ့တယ်။

ကျွန်တော်ဟာ နိုင်ငံရေး ခံယူချက်မှာရော၊ ကိုယ်ကျင့် သီလပိုင်းမှာရော၊ နိုင်ငံရေး သီလပိုင်းမှာရော
ဘယ်တော့မှ ဖောက်လွဲဖောက်ပြန် မဖြစ်စေရဘူး ဆိုတာကို ခင်ဗျားတို့ကို တိုင်တည်ပြီး ပြောချင်ပါတယ်။ ကျွန်တော့် ရပ်တည်ချက်ကို ယုံကြည်နိုင်ကြပါတယ်။

မှန်တာပြောသစ္စာ
မောင်ဝံသ

Comments

Unknown said…
ဒီစာကို ဝေဖန်သူကို မေးချင်ပါတယ် သူသာ တကယ်ကို ဒီပွဲမှာ ရှိခဲ့တယ်ဆိုရင် အဲဒီမှာ မေးခွန်းမေးတဲ့သူတစ်ယောက်က အလားတူ မေးခွန်းကိုမေးလို့ ရုံးအဖွဲ့မှုးဦးခင်မောင်သန်းက သူ့ သဘောနဲ့သူ ဖြတ်တောက်ပစ်တာပါလို့ ထပြီး ၀န်ခံသွားပါတယ်ဆိုတာကို သူမသိတာလား မကြားတာလား အဲဒီတုန်းကရော အခုလို ထပြောဖို့ မစဉ်းစားခဲ့ဘူးလား..ဒါမှမဟုတ် သိရဲ့နဲ့ ကြားရဲ့နဲ့ ဒီလို အွန်လိုင်းကနေ တက်ပြီး အားလုံးဆီ ဖြန့်တာလား ဘာရည်ရွယ်ချက်ကြောင့်ပါလဲ နာမည်အရှိန်ကိုမှီပြီး ဒီလူကို ဒီလိုပြောလိုက်ရင် ကိုယ်ပါနာမည်ကြီးချင်တာလား ထင်ပေါ်ချင်တာလား ပွဲဆူအောင်လုပ်တာလား..မောင်ဝံသကတော့ သူဘာတွေလုပ်ခဲ့တယ်ဆိုတာ ရှင်းပြသွားပါပြီ..အခု ဝေဖန်တဲ့သူကရော ဘယ်လိုသမိုင်းကြောင်းတွေရှိလို့ တိုင်းပြည်အတွက် ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သိပါရစေ..ပါးစပ်နဲ့ လူကြားကောင်းအောင် ပြောတာ အင်မတန်လွယ်ပါတယ် သူများလုပ်သမျှ အချိန်ပြည့်စောင့်ကြည့်ပြီး ဝေဖန် အပြစ်တင်နေတာက ပိုလွယ်ပါတယ်..အနှစ်သာရလဲ လုံးဝမရှိပါဘူး..ဒါဟာ တိုင်းပြည်အတွက် လုပ်နေတာပါလို့ ပြောရင် ရှက်တတ်ရင် အင်မတန်ကို ရှက်ဖို့ ကောင်းပါတယ်..အသက်တွေ ပေးသွားတဲ့သူတွေ ထောင်ထဲမှာ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်နေရသူတွေ အပြင်မှာ ကျန်ရတဲ့ မိသားစုတွေရဲ့ ဘ၀တွေ ခံစားမှုတွေ ဒါတွေကို ဖြတ်သန်းဖူးပါလား တကယ်သာ ကိုယ့်ကိုကိုယ် သေချာတယ်ဆိုရင် အွန်လိုင်းကနေ ပုန်းလျှိုးကွယ်လျှိုး ခိုးကြောင်ခိုးဝှက် လက်သီးပုန်းမပြပါနဲ့ သတ္တိရှိရှိ လူရှေ့ထွက်ပြီး ကိုယ့်သမိုင်းက ဘယ်လိုရှိခဲ့တယ်ဆိုတာ ကြေငြာပေးပါ..တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါမယ်..ချီးကျုးပါ့မယ် ဒီလိုမှ မဟုတ်ဘဲ ဘာတခုမှ အနှစ်သာရမရှိဘဲ သူများလုပ်သလောက် ခြေဖျားလောက်တောင် မလုပ်ခဲ့ မလုပ်နိုင်ဘဲပြောရရင် ပြီးရော လျှောက်ပြောနေတာဆိုရင်တော့ သစ္စာဆိုတာ စူးတတ်ပါတယ်..တကယ်ကို စူးပါလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်..
Unknown said…
ဒီ post ကို စီစဉ်သူများ အခု comment ကို အဲဒီဝေဖန်တဲ့သူဆီ ရောက်အောင် စီစဉ်ပေးစေချင်ပါတယ် ဒါမှ မျှတမှာပါ ဝေဖန်ခံရတဲ့အရသာကို ခံစားပါစေ
Saw Naung said…
ဝေဖန်တဲ့သူက မသိပဲပြောတယ်ထင်လို့ အဲဒါကို နောက်တစ်ဆင့် (မသိပဲ) ဝေဖန်ပုံရပါတယ်။ ကျွန်တော်က ဒီစာတွေဖြန့်တဲ့သူကိုလည်း သိပါတယ်။ ဆရာမောင်ဝံသကိုလည်း သိပါတယ်။ မောင်ဝံသက အခုစာကို ရေးသူထံ ကောင်းကောင်းမွန်မွန် နံမည်တပ်ပြီး ပြန်ရေးတာကိုလည်း (မိုးမခက မဖြန့်ခင်) မြင်သိလိုက်ပါတယ်။ မသိပဲဝေဖန်တဲ့သူခင်ဗျား။ ခင်ဗျား အဲဒီအခမ်းအနားကို တက်ခဲ့ရဲ့လားလို့ အရင်မေးချင်ပါတယ်။ မောင်ဝံသရဲ့အကြောင်းကို မသိပဲ ဝေဖန်တာမဟုတ်ကြောင်း စာထဲမှာရေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်တည်ခဲ့မှု၊ အဲဒီမှာမလုပ်တော့တဲ့အခါ “နေရာမှန်ရောက်သွားတယ်” ဆိုတဲ့စကားအပေါ်မကျေနပ်မှု တွေကပြနေပါတယ်။ နောက်တစ်ခုက ဘာလို့ အဲဒီလိုဝေဖန်တဲ့သူဘာလဲ သိချင်ရတာလဲ။ (ကျွန်တော်ကပဲ ပြောပြပါမယ်။ သူဟာ ၈၈ မတ်လ၊ ဇွန်လ၊ ဇူလိုင်နဲ့သြဂုတ်လများက စခဲ့တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ယောက်ပါ။ ဒီနေ့ အကျဉ်းထောင်ထဲက ခေါင်းဆောင်တွေနဲ့အတူ အနှစ် ၂၀ လုံး လုပ်ခဲ့တဲ့သူပါ)။ စင်မြင့်ပေါ်တက်တဲ့ ပညာရှင်ဟာ အမည်မဖော်တဲ့ သူရဲ့ဝေဖန်ဆန်းစစ်မှုကို ခံရဲရပါတယ်။ အဲလို မခံရဲတာ နအဖနဲ့ အပေါင်းအပါတွေ၊ ဒါမှမဟုတ် သူတို့သာ စစ်ဗိုလ်ဖြစ်ရင် နအဖထက် ဆိုးမယ့် နိုင်ငံရေးသမားအမည်ခံတွေပဲဖြစ်ပါတယ်။ မောင်ဝံသကတော့ အဲလိုလူမဟုတ်လို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေရှင်းရဲတာ လေးစားဂုဏ်ယူပါတယ်။ ခုလို ဝေဖန်ခြင်း၊ ခုလို ပြန်ဖြေရှင်းခြင်းဟာ ဒီမိုကရေစီရဲ့ မှန်ကန်တဲ့ အသွင်သဏ္ဍန်တွေမို့ မိုးမခက ရိုးရိုးရှင်းရှင်း ဖော်ပြလိုက်ပုံရပါတယ်။
Unknown said…
မသိဘဲ ဝေဖန်တဲ့သူလို့ တုံ့ပြန်ပါတယ်
ဒီစာရေးနေသူဟာ အဲဒီပွဲကို တက်တဲ့သူမဟုတ်ပါဘူး ထောင်ထဲလဲ တခါမှ မရောက်ဖူးပါဘူး စစ်ဗိုလ်အသိုင်းအ၀ိုင်းလဲလုံးဝမဟုတ်ပါဘူး ဒါပေမဲ့ ဒီပွဲကို မတက်ဘဲ မသိလို့ ဝေဖန်တယ်လို့ ပြောချင်ရင် တက်ရဲ့သားနဲ့ ဝေဖန်တာရော ဘာကြောင့်ပါလဲ
ဘာကို ဝေဖန်ချင်တာပါလဲ ဘာကို မကျေနပ်တာပါလဲ
ကွက်လပ်တွေပါတဲ့ ကိုယ့် ကိုယ်ရေး မှတ်တမ်းကို ကိုယ် ကိုယ်တိုင်ဖတ်ပြီး ကျေနပ်နေမှတော့ တိုင်းပြည် အတွက် ဘာမှလုပ် မနေပါနဲ့တော့။ မုန့် ဟင်းခါးသာ ရောင်းစားကြပါတော့ .....။
ဆိုတာ ဘယ်သူ့ကို ပြောချင်တာပါလဲ
Unknown said…
ဒီ အပြန်အလှန် ပို့ စာ ၂ စောင်စလုံးကို မိုးမခ မှာ မတင်ခင်ကတည်းက
ကျွန်မ ဖတ်ရတယ်။ ဝေဖန်စာ ရေးတဲ့ အစ်ကိုကြီးစာတွေနဲ့ တော့ ရင်းနှီးနေတာ
ကြာပါပြီ။
သူက ပုန်းရှိုးကွယ်ရှိုး လုပ်တတ်တဲ့ သူ လုံးဝမဟုတ်ဘူး။ သူ့ စာ အောက်ဆုံးမှာ
သူ့ နံမည်၊ နေ၇ပ်လိပ်စာ အတိအကျ နဲ့ သူ့ ဖုန်းနံပတ်တွေ ထည့်ပေးထားတယ်။
ကိုအောင်မျိုးထွန်း 8layloneamt@gmail.com ။
ဒါ အဲဒီ အစ်ကိုကြီးရဲ့  မေး လိပ်စာဘဲ။ ဆရာမောင်ဝံသ ပြန်စာထိပ်ဆုံးမှာ
ကိုအောင်မျိုးထွန်းရေ …ကျေးဇူးတင်ပါတယ် ဆိုတဲ့စာကြောင်း ပါသေးတယ်။
ကျွန်မထင်တာတော့ လူတွေက သူတို့ အတိတ်သမိုင်းတွေထဲက သူတို့ မလိုချင်တော့
တာတွေ၊ တခြားသူ မသိစေချင်တာတွေကို ဖုံးကွယ်ပစ်ချင်ကြတာကို ပြောတာ
ထင်ပါတယ်။
နောက်တစ်ခုက ဒီ ဟောပြောပွဲ ဖိတ်စာကို ကျွန်မလည်းရတယ်။ အဲဒီမှာ
ပါတဲ့ ဆရာမောင်ဝံသ ကိုယ်ရေးအကျဉ်းထဲမှာကို NLD နဲ့ ပတ်သက်တာ မပါဘူး။
တကယ်ဆို ဆရာကိုယ်တိုင်က ကျွန်တော်ရေးပေးတဲ့အတိုင်း ဖော်ပြပေးပါ၊
မဖော်ပြပေးနိုင်ဘူး ဆိုရင် ဒီပွဲကို ကျွန်တော် မလာနိုင်ဘူး လို့ ဒါမျိုး လုပ်သင့်တာပေါ့။ ဆရာက NLD ဘဲလေ။
ခုတော့ ထ မေးတဲ့သူ ပေါ်လာမှ ဟိုပြန်ဖြေ၊ ဒီ ထရေး လုပ်ရတာ ဘယ်ကောင်း
မလဲ။ လူတစ်ယောက်အတွက် ကိုယ်ရေးရာဇ၀င်လောက် အရေးကြီးတာ ဘာမှ မရှိတော့
ပါဘူးရှင်။
သြော် …ကျွန်မပြောဦးမယ်။ အဲဒီ အစ်ကိုကြီး အင်းစိန်ထောင်ထဲ ရောက်သွားတာ
ဆရာမောင်ဝံသ ထက် ပိုစောတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို
လို့  စစ်အစိုးရ လိုက်ဖမ်းတာ လွတ်ထွက်သွားတော့ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သူ့  အဖေ နဲ့ 
သူ့ ဇနီးကို အသားလွတ်ကြီး အင်းစိန်ထောင်ထဲ အထည့်ခံခဲ့ရတာရော ၇ှင် သိလား။
Unknown said…
ဒီ အပြန်အလှန် ပို့ စာ ၂ စောင်စလုံးကို မိုးမခ မှာ မတင်ခင်ကတည်းက
ကျွန်မ ဖတ်ရတယ်။ ဝေဖန်စာ ရေးတဲ့ အစ်ကိုကြီးစာတွေနဲ့ တော့ ရင်းနှီးနေတာ
ကြာပါပြီ။
သူက ပုန်းရှိုးကွယ်ရှိုး လုပ်တတ်တဲ့ သူ လုံးဝမဟုတ်ဘူး။ သူ့ စာ အောက်ဆုံးမှာ
သူ့ နံမည်၊ နေ၇ပ်လိပ်စာ အတိအကျ နဲ့ သူ့ ဖုန်းနံပတ်တွေ ထည့်ပေးထားတယ်။
ကိုအောင်မျိုးထွန်း 8layloneamt@gmail.com ။
ဒါ အဲဒီ အစ်ကိုကြီးရဲ့  မေး လိပ်စာဘဲ။ ဆရာမောင်ဝံသ ပြန်စာထိပ်ဆုံးမှာ
ကိုအောင်မျိုးထွန်းရေ …ကျေးဇူးတင်ပါတယ် ဆိုတဲ့စာကြောင်း ပါသေးတယ်။
ကျွန်မထင်တာတော့ လူတွေက သူတို့ အတိတ်သမိုင်းတွေထဲက သူတို့ မလိုချင်တော့
တာတွေ၊ တခြားသူ မသိစေချင်တာတွေကို ဖုံးကွယ်ပစ်ချင်ကြတာကို ပြောတာ
ထင်ပါတယ်။
နောက်တစ်ခုက ဒီ ဟောပြောပွဲ ဖိတ်စာကို ကျွန်မလည်းရတယ်။ အဲဒီမှာ
ပါတဲ့ ဆရာမောင်ဝံသ ကိုယ်ရေးအကျဉ်းထဲမှာကို NLD နဲ့ ပတ်သက်တာ မပါဘူး။
တကယ်ဆို ဆရာကိုယ်တိုင်က ကျွန်တော်ရေးပေးတဲ့အတိုင်း ဖော်ပြပေးပါ၊
မဖော်ပြပေးနိုင်ဘူး ဆိုရင် ဒီပွဲကို ကျွန်တော် မလာနိုင်ဘူး လို့ ဒါမျိုး လုပ်သင့်တာပေါ့။ ဆရာက NLD ဘဲလေ။
ခုတော့ ထ မေးတဲ့သူ ပေါ်လာမှ ဟိုပြန်ဖြေ၊ ဒီ ထရေး လုပ်ရတာ ဘယ်ကောင်း
မလဲ။ လူတစ်ယောက်အတွက် ကိုယ်ရေးရာဇ၀င်လောက် အရေးကြီးတာ ဘာမှ မရှိတော့
ပါဘူးရှင်။
သြော် …ကျွန်မပြောဦးမယ်။ အဲဒီ အစ်ကိုကြီး အင်းစိန်ထောင်ထဲ ရောက်သွားတာ
ဆရာမောင်ဝံသ ထက် ပိုစောတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို
လို့  စစ်အစိုးရ လိုက်ဖမ်းတာ လွတ်ထွက်သွားတော့ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ သူ့  အဖေ နဲ့ 
သူ့ ဇနီးကို အသားလွတ်ကြီး အင်းစိန်ထောင်ထဲ အထည့်ခံခဲ့ရတာရော ၇ှင် သိလား။