Mar Mar Aye - 333

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၃၃)
ဦးဘသိန်း မြိုင်ထ
မာမာအေး
ဇွန် ၁၃၊ ၂၀၁၀

မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - မာအေးက သက်တော်ရှည် ဂီတ စာဆိုကြီး ဖြစ်တဲ့ မန္တလေး ဦးဘသိန်း နဲ့ သူ့သီချင်းတွေ အကြောင်းကို သင်္ကြန်မတိုင်မီက စပြီး ပြောလာခဲ့တာပါ။ သူရေးခဲ့တဲ့ ‘ဗုတ်တလုတ်ကန်တော်’ ‘ဖူးစာ’ ‘ပန်းပုသူဇာ’ ‘သုံးရာသီ’ ‘သလ္လာရွှေမြေ’ ‘တန့်ကြည်တောင်မှ ဖိတ်ခေါ်သံ’ အတော်လေး စုံသွားပါပြီရှင်။ ကြားမှ ဖြတ်ပြီး ပြောသင့်တာတွေ ရှိလာတော့လည်း ဖြတ်ပြီး ပြောလိုက်ရတာမို့လို့ အကြိုက် မကျခဲ့ရင် ခွင့်လွှတ်ပေးပါ လို့ ပြောချင်တာပါပဲ။

ဦးလေး ကိုဘသိန်းဟာ အသက် ရာတန်း ဆိုတော့ မန္တလာရဲ့ ဓလေ့နဲ့ ဆိုရင် ‘ဘိုးတော်’ လို့ ခေါ်ကြ သုံးကြမှာပေါ့ရှင်။ ကိုယ်လည်း ကြုံရင် သုံးရမှာပေါ့။ ဒီဘိုးတော်က သက်တမ်းအရ မြို့မ၊ ယုဝ၊ သင်္ဂဟ စတဲ့ ဂီတ အသင်းအဖွဲ့ကြီးတွေ စည်ပင် ဝေဆာ ဂီတ ဘ၀ သာနေချိန် ကတည်းက အရေးလက်ကျ ကောင်းခဲ့တဲ့သူ ဆိုတော့ သီချင်းတွေ အများကြီး ကျန်ခဲ့မှာပါ။ အဆိုတော် ကိုအံ့ကြီး ဆိုတဲ့ သီချင်း အများစုကို ဦးလေး ကိုဘသိန်း ရေးခဲ့ပါတယ်။ ကိုအံ့ကြီးကလည်း ဘယ်လို သီချင်းမျိုးကို ဆိုဆို၊ အပိုအလိုမရှိ ပကတိ ပီပြင်တဲ့ အဆိုမျိုး ပါရမီရှင်မျိုးပါ။ မာအေးတို့လို ဂီတမျိုးရိုး မဟုတ်ပါဘဲ၊ ကျော်မြဲကျော်ဆဲ၊ အပျော်ထမ်း အဆိုတော် တပါးကို ဒီဘက် ခေတ်မှာ ဘယ်ကာလပေါ် ဂီတစာဆိုမှ မစပ်ဖွဲ့တော့တဲ့ ‘မြိုင်ထ’ ပုံစံ သီချင်းနဲ့ ရွှေနားတော်သွင်းစေခဲ့ပါတယ်။ ‘စိမ့်ကြီးမြိုင်ကြီး မြိုင်ထ’ ခေါ်ကြပါစို့

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးငယ် သာဆန်းလေစွတကယ် xxx တစ်လှန်း မကွာတယ် ဘယ်ဆီမြန်းပါစေတော့ရယ် နန်းညာနွယ် တွဲမှီကာ လိုက်ရှာလေတဲ့မယ် xxx ကန္တာမဆုံးမီမှာကွယ် တလမ်းလုံး သီကရီ မဒီ ပမ်းရှာရော့မယ် (ရွှေအားတော် ငယ်နဲပကွယ်) ၂ xxx ဟောဒီကုန်းအတက်ကလေးက ချော်မယ် မောင်ပခုံးကို မှီတွဲဖက်ပါ့ကွယ် xxx [စိမ့်ကြီးမြိုင်ကြီး မြိုင်ထ-ကိုအံ့ကြီး]

မြိုင်ထသီချင်း အကြောင်းကို ပဲရော့ ကိုဘသန်းလေးရဲ့ ဆိုသံနဲ့ တခါ မာအေး ပြောခဲ့ပြီးပြီလို့ မှတ်တာပဲ။ ဇာတ်စင်ပေါ်မှာ မြင်လာတဲ့ အသိနဲ့ ပြောခဲ့တာပါ။ ဇာတ်သဘင်တို့ရဲ့ သဘာဝ တိုင်းပြည် နိုင်ငံတွေရဲ့ ထီးညွန့်နန်းနွယ်တွေဟာ တက္ကသိုလ်ပြည်က ဒိသာပါမောက္ခ ဆရာကြီးထံ တပည့်ခံ ပညာသင်ဖို့ရာ သွားကြတာကိုး ရှင့်။ ကိုယ့်တိုင်းပြည် ပြန်မယ် ကြံတော့ ပညာတော်တဲ့ တပည့် သားမြေး ဆိုရင် သမီးကညာနဲ့ပါ ပေးစားလွှတ်လိုက်တာမျိုးလည်း ပါ၊ သူတို့ဖာသာ ဖူးစာဆုံလို့ ရွှေဘုံ အတူပြန်ကြတာလည်း ပါသတဲ့လေ။ ပညာလည်းစုံ ကြင်ယာလည်း စုံမို့ ရွှေရင်ခုန်ချိန်မှာ သာတောင့်သာယာ ကျေးငှက်သံ တစာစာနဲ့ အေးရိပ်ဆာ တောပန်းတွေကြား နှစ်ဦးသား ကြင်မ၀ ပိုပြီးတော့ ချစ်ကြလို့ မြိုင်ထ ခေါ်တဲ့အကြောင်းပါ။

အခု မာအေးပြောနေတဲ့ ဘိုးတော်ကြီးက မြိုင်ထ ရေးတာပေမယ့် ဇာတ်သဘင် လောကသား မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်မို့ သစ္စာထား အမျိုးထဲ ထားရမယ့် မြိုင်ထထဲမှာ တခြား ဇာတ်စာရေးဆရာများ ရေးဖြစ်ကြသလို တလင်ထဲ လင်နေတဲ့ ဟာမျိုး စာမဖွဲ့တာ ထူးတယ် လို့ပဲ ညွှန်းပြစရာ ရှိပါတယ်။ သဘာဝကျတဲ့ အတွေးတွေကိုလည်း မာအေးက သဘောကျမိပါသေးတယ်ရှင်။ အရင်က ကြားဖူးတဲ့ မြိုင်ထတွေမှာ ချစ်တဲ့သူကို ‘မောင်ထမ်းလို့ ခေါ်ပါ့မယ်’ လို့ချည်း ပြောတတ်တာလေ။ ဦးလေး ကိုဘသိန်းကတော့ နိုင်သလောက်ပဲ ရေးတယ် ထင်ပါရဲ့။ ‘ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်။ မောင့်ပခုံးကို မှီတွဲဖက်ပါ့ကွယ်’ တဲ့။ သူက ထမ်းခေါ်မယ်လို့ မပြောဘူး ရှင့်။ ခရီး အဝေးကြီး သွားရမယ့် ကိစ္စ၊ ကုန်းကြောင်းလည်း သွားရမယ့် အချိန်မှာ ကိုယ့်ကိုယ်ပေါ်ကို နောက်တယောက် ထမ်းပိုးသွားရရင် ဘယ်နိပ်မှာလဲလို့။ ခုတော့ သူက သတိပေးတာလောက်ပဲ၊ သူ့ပခုံးကို မှီလိုက်တွဲလိုက် တဲ့၊ ကုန်းအတက်ကလေးမို့ ချော်သွားမှာ စိုးတာကိုပဲ ရေးပါတယ်။ မြိုင်ထ ဆိုတဲ့ သီချင်း ပုံစံမှာ လေးချိုးတို့ လွမ်းချင်းတို့ ဗုံထောက်တို့က အချိုးတွေလည်း ပါသေးတာမို့ အချိန်က ရှည်ပါဘိသနဲ့ သိရုံလောက်သာ ကောက်ထည့် ပြောရတာ ဆောရီးပဲနော်။ သံရိုးသံဟောင်း ဂီတ ရေစီးောကာင်းဟာလည်း ရွှင်ပျော်ဖွယ် ကောင်းပါတယ်။ ဆက်နားထောင်ပါဦး။ ငှက်ကို ချော့ခိုင်းတာမျိုး ၀ါးကျည်တောက်နဲ့ အနယ် မပါအောင် ရေခတ်ပေးတာမျိုးတွေလည်း ကြားရပါလိမ့်မယ်ရှင်။

xxx ဟိုးတောင်ခြေ စခန်းမှာလဗျာ - - -၊ စမ်းရေအေးအိုင်ထက် ကြည်လင်တယ် xxx (ဟောဒီခင်ကွယ်)၂ xxx အပမ်းဖြေ သောက်ရအောင် ဟောဒီခင်ကွယ် အပမ်းဖြေ သောက်ရအောင် ၀ါးကျည်တောက်မယ် အနယ် မပါရစေဘူး (ပယ်ဖျောက်ခါ)၂ xxx မောင်ယူဖို့ သွားပါ့မယ်။ အို ခင်ရဲ့ - - - -မျက်ထားသုန် မှုန်ပါနဲ့ကွယ် xxx (စုံကန္တာ နေပူခရီး၊ ဘယ်ထီးမှ မပါ ပါတယ်ဗျာ) ၂ xxx [မြိုင်ထ အဆုံးပိုဒ်]


(မူရင်း - ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

Comments

Anonymous said…
hay... i want this song help me pls.