19 - Broken Memories

ကြေကွဲပုံရိပ် ၁၉
နိုင်ငံရေး အကျဉ်းသူဟောင်းတစ်ဦး
ဇူလိုင် ၁၈၊ ၂၀၁၀
ဇူလိုင် ၁၉၊ ၁၉၈၉
ညက ဇူလိုင်မိုးတွေရွာခဲ့တယ်၊၊ မနေ့ကခြံထဲကို ရောက်ခဲ့တယ်၊၊ ညနေ ၆ နာရီထိုးမှပြန်ခဲ့သည်၊၊ ကျန်လူများကမနက်ဖြန်အတွက်ဆွေးနွေးနေခဲ့-ကသည်၊၊ ထွက်လာသည့်အသံတွေက သိပ်မကောင်း၊ ကျမစိတ်ထဲအတော်ထင့်မိသည်၊၊ တညလုံး အတွေးတွေဝေနေသည်၊၊ တစုံတခုကို သိနေသလိုပင်၊၊ မနက် ၆ နာရီ မထိုးခင် အိပ်ယာကထခဲ့သည်၊၊ ကိုယ်လက်သန့်စင်ပြီး လဘက်ရည်သောက်နေစဉ်မှာပင် သူငယ်ချင်းများက ရောက်လာကြသည်၊၊ မိမိက သွားဖို့အဆင်သင့် ဖြစ်နေပြီ။ စိတ်ထဲမှာလည်း ဆုံးဖြတ်ချက်ချပြီးပြီ။ အမေ့ကို နှုတ်ဆက်သည်၊၊ ပြီးတော့ …၊
ဗဟန်းကွင်းရှေ့ရောက်တော့ မိမိတို့ ရှေ့တိုး မရတော့ချေ၊၊ ယောင်ပေပေနှင့် ကျမတို့အုပ်စု သစ်ပင်ချုံနွယ်များကို ဖြတ်ကာ ဗဟန်းအရှေ့မုခ်ကို လျှောက်ခဲ့သည်၊၊ ကြားတောရလမ်း အကုန်ပိတ်ထားပြီ။ ဘုန်းတော်ကြီးကျောင်းများကို ဖြတ်၍ ဗဟန်း ၃ လမ်းထိပ်ရောက်သည်၊၊ ကျမတို့ ဘယ်လိုလုပ်ကြမလဲ။ ရှေ့မှာလည်း စစ်တပ်၊ နောက်မှာလည်း စစ်တပ်၊ ဘုန်းကြီးကျောင်းများ၏ ချောင်ကြို ချောင်ကြားမှ ကျမတို့ ရေခဲဆိုင်ရှေ့ ရောက်ခဲ့သည်။
လူအုပ်ကြီးက ညို့ညို့ မည်းမည်း တွေ့ လိုက်ပါပြီ။ မိမိတို့ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။ လူအုပ် ထူထူကြီးထဲတွင် သူက ပန်းခွေအကြီးကြီးကိုင်၍ လူပုံအလယ်မှာ။
မိမိတို့ ရွှေဂုံတိုင်အဝိုင်းထိပ်အထိ သွားကြသည်။ ကိုကိုကြီးက ဦးဆောင်လျက် …

ဒေါ်စုကား ထွက်မလာသေး။ ခေါင်းဆောင်ပိုင်းများကတော့ သတင်းရပြီးပြီထင့်။ သို့သော် မိမိတို့ ကျောင်းသားအင်အားစုများနှင့် လူထုပရိသတ်က နောက်ဆုတ်မည့်ပုံ မပေါ်။ ရှေ့တိုးရန်သာ ဆန္ဒစောလျက်ရှိသည်၊၊ ဦးဆောင်သူများလည်း ရအောင်ထိန်းသည်။ သို့သော် လူထုနှင့်ကျောင်းသား အင်အားစုများ၏ စိတ်ဆန္ဒကို လွန်ဆန်ရန် မလွယ်။ အသံများ ထွက်လာသည်။
“ ကျောင်းသားဆိုတာ ဘယ်တော့မှ နောက်မဆုတ်ဘူး …”
“ ကဲဟေ့ … ငါတို့ လုပ်နိုင်တာ … တဗိုလ်ကျ တဗိုလ်တက်ပဲ”
ရေခဲဆိုင်မှတ်တိုင်သို့ ၅ ယောက်တတွဲ ချီတက်လာကြသည်၊၊ အရှေ့ဘက်မုခ်မှ အတင်းထိုးဖေါက်၍ အာဇာနည်ဗိမာန်သို့ သွားမည်။ မြို့လည် လဟာပြင်ဈေးဘက်မှ ချီတက်လာမည့် ကိုမိုးကြိုးတို့ စစ်ကြောင်းကလည်း မိမိတို့နှင့် ဘုရားအရှေ့ဘက်မုခ်တွင် စုံမည်ဟု သိထားသည်၊၊ စစ်တပ်က ထိုးဖောက်ခွင့် လုံးဝမပေး။
 မိမိတို့ကို ဝိုင်းထားလိုက်ပြီး လက်ကိုင်စပီကာဖြင့် အော်သည်၊၊ ၁ဝ မိနစ်အတွင်း ဆုတ်ခွာပေးရန် … မိမိတို့က မလျော့။  ထိုအချိန်တွင် ဦးဆောင်သူက လမ်းမပေါ် ထိုင်ချခိုင်းသည်။
ထိုအချိန်တွင် ကျမစိတ်ထဲ တံတားနီဖြစ်ရပ်ကို ပြန်မြင်လာသည်။ သေချာပြီ မိမိတို့ ပိတ်မိသွားပြီ။
ထိုအချိန်တွင် စစ်သားများ ကားတွေပေါ်မှ ခုန်ဆင်းလာသည်။ ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းအတွင်းများတွင် ကင်းပုန်းဝပ်နေသော စစ်သားများပါ ပြေးထွက်လာ၍ မိမိတို့ အင်အားစုအားလုံးအား ရိုက်နှက် … စစ်ကားတရကြမ်း ဝင်လာသည်။
ရိုက်ပြီးတော့ ကားပေါ်ပစ်တင်။
ရုန်းလား ကန်လား လုပ်ရင် မိန်းကလေးသော … ယောကျာ်းလေးသော ဘာမှ မစဉ်းစား။ မျက်နှာကို လက်သီးနှင့် ထိုးသည်၊ နံပါတ်တုတ်နှင့် ရိုက်သည်။
အချို့မိန်းခလေးများမှာ ငယ်ငယ် ရွယ်ရွယ် အထက်တန်းကျောင်းသူအရွယ်မျှသာ ပိုးစိုးပက်စက် ရိုက်သည်။ ကျမလည်း အရိုက်ခံရသည်။
ကားပေါ်သို့ ရောက်သွားသည့်သူ အများစုမှာ ရိုက်နှက်လွန်း၍ သတိမေ့ကုန်ကြသည်။ တချို့ကတော့ ခေါင်းထောင်ကြည့်သည်။
“ခေါင်းထောင်တဲ့သူ ရိုက်ကွာ”  
ကျမတို့လည်း ခေါင်းထောင်မကြည့်ရဲ။
သို့သော် လမ်းဘေး တဘက်တချက်မှ
“ ငါတို့ကျောင်းသားတွေ ပြန်လွတ်ပေး …”
ဆိုသည့်အသံများ ကြားရသည်။
ကျမ ဝမ်းသာသွားသည်။ ထိုအသံများက ကျမတို့အတွက် အားဆေးပင် မဟုတ်လော။
ထို့နောက် ကျမတို့ကို တောင်ဘက်မုခ်ကို ခေါ်သွားသည်၊၊ စစ်ကြောရေးလုပ်သည်။ မိန်းမတယောက်နှင့် အခြားထောက်လှမ်းရေး အရာရှိများပါသည်၊၊
ထို့နောက် …
ထို့နောက်  …
တခါမှ မရောက်ဘူးခဲ့သော  အင်းစိန် …
သွေးများ ချွေးများဖြင့် ရပ်တည်ခဲ့ရသော အာဇာနည်နေ့
ထောင်ဒဏ်များ …
အလုပ်ကြမ်းများ …
အခွင့်ထူးခံများ …
အသားထဲက ထွက်သော လောက်ကောင်များ …

(၈၉ အင်းစိန်အမှတ်တရ)

Comments