Burmese in SF Bay staged protests against Regime's Actress & Supporters


ဆန်ဖရန်ဘေးဧရိယာမြန်မာများက ၀ါဒဖြန့်သရုပ်ဆောင်နဲ့ အပေါင်းအပါများကို အလိုမရှိကြောင်းပြ
မေရီလင်း၊ ၀ါရှင်တန်တွင် စီစဉ်မည့် စတိတ်ရှိုး ဘုရားရှိခိုးကျောင်းက လက်မခံ
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၂၆၊ ၂၀၁၀

ယမန်နေ့ညနေခင်းက ဆန်ဖရန်ဘေးဧရိယာ၊ ဒေးလီးစီးတီးရှိ လစ်တဲသီယေတာတွင် မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့် အပေါင်းအပါများ၏ စတိတ်ရှိုးကျင်းပခဲ့ရာ မြန်မာဒီမိုကရေစီအင်အားစုများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ယခုစတိတ်ရှိုးသည် ဆန်ဖရန်ဘေးဧရိယာတွင် ဒုတိယအကျော့ ရုံသွင်းခြင်း ဖြစ်သည်။

ဆန်ဖရန်ဘေးဧရိယာအခြေစိုက် အင်န်အယ်ဒီ - အယ်အေ အဖွဲ့ဝင်များ၊ သုံးရောင်ခြယ် ကျောင်းသားလူငယ်များအဖွဲ့၊ ဘားမိစ်အမေရိကန် ဒီမိုကရေစီမဟာမိတ်၊ ဘားမိစ်အမေရိကန် အမျိုးသမီးများမဟာမိတ်အဖွဲ့၊ ဖရီးဘားမားပရိုဂျက်တို့က စည်းရုံးလှုံဆော်ဆောင်ရွက်ခဲ့ကြပြီး မြန်မာအရေးလှုပ်ရှားသူများ၊ တက်ကြွသူ မိသားစု ၅၀ ခန့် လာရောက်ကြပြီး စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်နှင့် အပေါင်းအပါများကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ 

“ကျောင်းဝင်ပေါက် ကားလမ်းမပေါ်မှာ မြန်မာတွေက ဆန္ဒပြကန့်ကွက်နေတာကို ကြိုတင်ရောက်နေတဲ့ ပွဲစီစဉ်သူတွေနဲ့ အဆိုတော်တွေက ကားတွေနဲ့ ထွက်မောင်းပြီး လာအကဲခတ်တာကို တွေ့ရတယ်။ အဲသည်မှာ ကျနော်တို့တတွေက ဆိုင်းဘုတ်တွေ၊ ပိုစတာတွေထောင်ပြပြီး ကျနော်တို့ရဲ့ သဘောထားတွေကို မျက်ဝါးထင်ထင် တွေ့သွားကြရတာပေါ့” ဟု ဆန္ဒပြသူတဦးက ၎င်းအတွေ့အကြုံကို ပြောပြသည်။

ယခင်စတိတ်ရှိုးကို စီစဉ်ခဲ့သည့် ယခင်က နိုင်ငံရေးလုပ်ခဲ့သူဟုဆိုသည့် ဥက္ကလန်က မြန်မာ့နိုင်ငံရေးဒုက္ခသည်အချို့ကလည်း ဒုတိယပွဲကို လာရောက်အားပေးကြသည်။ ကျောင်းပေါက်ဝတွင် စာတမ်းများကိုင်စွဲပြီး ဆန္ဒပြကန့်ကွက်သူများရှေ့က ၎င်းတို့ကိုယ်တိုင် ကားဖြင့် ဖြတ်မောင်းပြီး ၀င်လာကြရသည်ကို တွေ့ရသည်။

ဆန္ဒပြပွဲကို လာရောက်ထောက်ခံအားပေးသည့် အမေရိကန်နိုင်ငံသားများက ပွဲခင်းအတွင်း ၀င်ကြည့်ပြီးနောက် အံအားတသင့် စိတ်ထိခိုက်စွာ ပြောဆိုကြသည်မှာ - မြန်မာပြည်တွင် လွတ်လပ်မှုများ မရှိဘဲ နိုင်ငံရေးအကြပ်အတည်းများ အဆိုးဆုံး ရင်ဆိုင်နေရချိန်တွင် စစ်အစိုးရကို ထောက်ခံသည့် ၀ါဒဖြန့်အနုပညာရှင်များကို အမေရိကန်မြန်မာများက ဧည့်ခံကြိုဆိုနေကြသည်မှာ မဖြစ်သင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးလုပ်ကိုင်ခဲ့သည်ဟု ဆိုသူများသာမက၊ မြန်မာပြည်နိုင်ငံရေးကြောင့် ထွက်ပြေးလာပြီး အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ရယူထားသူများကပါ ထိုပွဲလမ်းများကို အားပေး တက်ရောက်နေကြသည်မှာ ရှက်စရာကောင်းကြောင်း၊ အမေရိကန်အစိုးရ၏ မြန်မာ့အရေးကို ထောက်ခံသည့်မူဝါဒအရ ကာကွယ်စောင့်ရှောက်မှုပေးထားသည်ကို မထီမဲ့မြင်ပြုသည့် အဖြစ်အပျက်ဖြစ်ကြောင်း၊ မိမိတို့အမေရိကန်နိုင်ငံသားများအနေနှင့် ထိုလူမျိုးများကို လက်မခံသင့်ကြောင်း စသည်ဖြင့် ၎င်းတို့၏ သဘောထားကို ပြောကြားသည်။

ထိုဆန္ဒပြပွဲကျင်းပနေချိန်တွင် အမေရိကန်ပြည်အရှေ့ဖက်ခြမ်း ၀ါရှင်တန်ဒီစီ မက်ထရိုဧရိယာ၊ မေရီလင်းက ၀င်ရောက်လာသည့် သတင်းအရ ထိုဒေသတွင် ၎င်းတို့ဝါဒဖြန့်တို့၏ နောက်ဆုံးပွဲဟု စီစဉ်ထားသော စတိတ်ရှိုးကျင်းပရန် နေရာပေးမည့် ခရစ်ယာန်ဘုရားကျောင်းက ထိုသူတို့ကို လက်မခံတော့ကြောင်း စာပြန်လိုက်သည်ဟု သိရှိရသည်။ သို့ဖြစ်၍ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာများသာမက အမေရိကန်လူမျိုးများအတွင်းတွင်ပါ အဆိုပါ ၀ါဒဖြန့်တို့ကို လက်ခံခြင်း မရှိတော့သည်မှာ သိသာထင်ရှားလာသည်ဟု ဆိုနိုင်သည်။
ထိုကဲ့သို့ စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့် အပေါင်းအပါတို့ကို အမေရိကန်ပြည်အနှံ့ရှိ မြန်မာဒီမိုကရေစီရေး အင်အားစုများနှင့် အမေရိကန်များကိုယ်တိုင် လက်မခံတော့သည့် အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် စစ်အစိုးရ၏၀ါဒဖြန့်ပါဝင်သော ဆန်ဖရန်စစ္စကိုစတိတ်ရှိုးကို အယ်လ်အေမှ အရောက်လာအားပေးသူမှာ ယခုမြန်မာပြည်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ပြည်သူချစ်သောအနုပညာရှင် ကိုဇာဂနာ၏ သား၊ ရက်ပ်အဆိုတော်၊ မြတ်ကောင်း ခေါ် ကေကက်ရှ် ဖြစ်သည်။ 
ကိုဇာဂနာ့သား မြတ်ကောင်းက ဆန္ဒပြသူများ ရှိရာ ကျောင်းဝင်းဝသို့ ကားဖြင့် ဖြတ်မောင်းသွားရာတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများက - “ဟေ့ မင်အဖေရဲ့ ဓာတ်ပုံတွေ ပွဲခင်းထဲ ယူသွား၊ မင်း အဖေအတွက် ဆန္ဒပြနေတာ မင်း ဂရုမစိုက်တော့ဘူးလား” ဟု စိတ်ထိခိုက်စွာဖြင့် အော်ဟစ်ကြသည်။
မိဘများနှင့်အတူ လာရောက် ဆန္ဒပြနေသူ အသက် ၁၃ နှစ် အရွယ်  ကျောင်းသူတဦးက
“ဦးဦးမြတ်ကောင်း (ကိုဇာဂနာသား) နဲ့ မမငယ်ငယ် (ကိုဇာဂနာသမီး) တို့က သူတို့အဖေ ထောင်ကျနေတာကို သူတို့ မစဉ်းစားတော့ဘူးလား …” ဟု ၀မ်းနည်းစွာဖြင့် မေးခွန်းထုတ်သွားသည်။


Comments

How many people do you have? You are funny. There are few people in your protest and there are not fifty and I am sure you are only 20.He He.
No metter what you lost.
I don't want to blame you as you guys are loosers.
You lost and we won.
There are no seat left as no tickets to be sold.
You are so poor that you need to do many things like Than Gar Ah Ye Ah Khin.