Hay Man Thazin - Fear and Me in my life ...

ကြောက်ရွံ့ခြင်းနဲ့ ကျမ … ဘ၀ စာမျက်နှာများ
ဟေမန်သဇင်
စက်တင်ဘာ ၉၊ ၂၀၁၀

အခုတလော ကျမအတွေးအာရုံထဲမှာ “ကြောက်တယ်” ဆိုတဲ့ စကားလုံးတလုံးဟာ နေရာယူနေလွန်းနေတယ်။
 “ဘယ်လုပ်ချင်ပါ့မလဲ၊ ကြောက်လွန်းလို့သာပေါ့”
“မလုပ်လို့ မရဘူးလေ၊ ငြင်းကြည့်ပါလား၊ တခါတည်း တဆွေလုံး တမျိုးလုံး ထိသွားမယ်”
ဆိုတဲ့ စကားတွေ အလျှံပယ် ကြားနေရတယ်။
 မလုပ်ချင်ဘဲ လုပ်ရ၊ မပြောချင်ပေမယ့် ပြောနေရတာတွေဟာ ကြောက်လွန်းလို့ပါ ဆိုတဲ့ နောက်ကွယ်က မောင်းနှင်တံကို ညွှန်ပြနေတဲ့ စကားတွေပေါ့။
 အဲဒီအတွေးတွေကြောင့်ပဲ ကျမလည်း ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ်။ ကျမကော ဘယ်လောက်ကြောက်တတ်သလဲ လို့။ ကြာကြာတောင် ပြန်စဉ်းစားစရာ မလိုဘဲ ကျမရဲ့ ကြောက်စိတ်နဲ့ ဆိုပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေ တခုပြီး တခု အစီအရီ ပေါ်လာတော့တာပါပဲ။

အမှန်ကတော့ ကျမဟာ အင်မတန် ကြောက်တတ်သူပါ။ မဟုတ်တာ၊ မမှန်တာ မတရားလုပ်တာတွေကို မဟုတ်ဘူး၊ မမှန်ဘူး၊ မတရားဘူးလို့ ရဲရဲကြီး ရှေ့ထွက် ပြောရဲတဲ့ သတ္တိ ကျမမှာ မရှိပါဘူး။ အဲဒီလို သတ္တိအရာမှာ အင်မတန် ချို့တဲ့တဲ့ ကျမဟာ စက်မှုတက္ကသိုလ်ရဲ့ ကျောင်းသူတဦးအဖြစ် မထင်မရှား ဖြတ်သန်းနေချိန်မှာ ဗြုံးဆို ကမ္ဘာကျော်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး၊ လူထုအုံကြွမှုကြီးနဲ့ ထိပ်တိုက်တိုးတော့တာပါပဲ။
 သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ကြားက ငွေမင်သုတ်ပြီး ခပ်ပါးပါး ခပ်ဝါးဝါး ဖြစ်အောင် ဖန်တီးခြင်းတွေ ခံနေရတဲ့ အရောင်တွေ ဆိုးပစ်ပြီး အရောင်ပြောင်းသွားအောင်  မတရားတန်ဆာဆင်ခြင်းတွေ ခံနေရဆဲ ဖြစ်တဲ့ အဲဒီရှစ်လေးလုံး အုံကြွမှု ဖြစ်ချိန်မှာတော့ ကျမဟာ ပဉ္စမနှစ် ကျောင်းသူတဦးပါ။
 ပုံမှန်အိမ်ကနေ ကျောင်းအသွား ကျောင်းဝင်းဝမှာ ကျောင်းတက်ဖို့လာတဲ့ ကျောင်းသူ ကျောင်းသားတွေ အားလုံး လှည့်ပြန်ခိုင်းတော့ ဘာမှန်းမသိဘဲ ပြန်ခဲ့ရတယ်။ သိပ်မကြာပါဘူး၊ သတင်းတွေ ကြားရတော့တာပေါ့။
 ရပ်ကွက်လဘက်ရည်ဆိုင်က ရန်ပွဲကို ဖြေရှင်းလိုက်တာ စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်ကျောင်းသားတွေ သေနတ်ဒဏ်ရာရလို့ သေသူသေ၊ ဒဏ်ရာရသူရ၊ G-Hall  အဆောင်က ကျောင်းသူတွေလဲ မျက်ရည်ယိုဗုံးတွေ ဒဏ်ခံရ ဆိုတဲ့ သတင်းဟာ အဆောင်ပိတ်လိုက်လို့ နေရပ်မပြန်ခင် အိမ်မှာ စတည်းချတဲ့ အဆောင်သူ သူငယ်ချင်းဆီက ကြားခဲ့ရတဲ့ ဇာတ်စုံပါပဲ၊ ထုံးစံအတိုင်း အစိုးရသတင်းဌာနတွေမှာတော့ အမှန်ခပ်ပါးပါး သုတ်ထားတဲ့ ၀ါးတားတားသတင်းတွေ ထုတ်ပြန်ပြီး အကန့်အသတ်မရှိ ရက်ရှည် ကျောင်းတွေ ပိတ်လိုက်တော့တာပေါ့။

 ကျောင်းတွေ ပိတ်ပြီး ရက်အတော်ကြာတော့ ကျမကို သူငယ်ချင်းတယောက်ရဲ့ အမက မေးတယ်။ နင် … ကိုမြင့်ဦးကို သိသလား တဲ့။ နင်တို့ ကျောင်းရဲ့ နောက်ဆုံးနှစ် ကျောင်းသားတဲ့ …။ ပြီးတော့ ကိုစိုးနိုင်ကိုကော သိလားတဲ့ …။ သူက ပဉ္စမနှစ် စက်မှုက၊ ပုသိမ်သား ဆိုပဲ။ သူတို့တွေအားလုံး ငါတို့ ၀ဒ် ထဲမှာ တဲ့။ ကျမ အရမ်းအံ့သြသွားမိတယ်။ တဆက်တည်းမှာပဲ ကျမ ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ အတွေးဟာ ကျမခေါင်းထဲ ချက်ခြင်း ရောက်လာတော့တာပါပဲ။ တကယ်လို့များ ကျမသာ တခြားမြို့တမြို့ရဲ့ ဆေးရုံပေါ်မှာ ဆွေမျိုးသားချင်း အနီးအနား မရှိ၊ ဆေးရုံတက်ခဲ့ရရင် ဘယ်လို ခံစားနေမလဲ။ ရိုးရိုးလေးပဲ တွေးမိတာတောင် မြို့ခံသူတယောက် အနေနဲ့  တခုခု လုပ်ပေးသင့်တာပေါ့။ အခုတော့ သူတို့တတွေက ဒီရိုးရိုးလေး ဖြစ်စဉ်ထက်တောင် ကျော်နေပြီလေ။
 သိပ်မကြာခင်မှာပဲ ကျမတယောက် ဆေးရုံကြီးတရုံရဲ့ ခပ်မှောင်မှောင် ကော်ရစ်ဒါတွေကို ခပ်သွက်သွက် ဖြတ်ပြီး လျှောက်နေတယ်။ ၀ဒ်တွေ တခုပြီး တခုပြီးအခန်းတွေ တခန်းပြီး တခန်း ဖြတ်လျှောက်နေရတာဟာ ကျမအတွက် ကမ္ဘာတွေ တကမ္ဘာပြီး တကမ္ဘာ ဖြတ်လျှောက်နေရသလို ခံစားနေရတယ်။ လက်ထဲမှာ ကိုင်လာတဲ့ မုန့်ပုံး ၂ ပုံး ဟာလည်း ဧရာမကျောက်တုံးကြီး ကို ဆွဲထားရသလို လက်အံသေမတတ် ခံစားလာရတယ်။ ကျမ တကိုယ်လုံးဟာလည်း ကြောက်လွန်းလို့ ချွေးတွေ ရွှဲနစ်နေတယ်။
 တယောက်ယောက်က ငါ့များ ကြည့်နေမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာ ကျမကို ဘေးဘီဝဲယာတောင် စောင်းငဲ့မကြည့်ရဲအောင် ဖြစ်စေတယ်။ ကျမနောက်ကျောကနေ ဘယ်သူများ လှမ်းဆွဲပြီး ဆွဲထုတ်သွားမလဲ ဆိုပြီးတော့လဲ နောက်ကျောမလုံ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ အလင်းရောင် ခပ်ဝါးဝါးလေးရှိတဲ့ အခန်းလေးတခန်းဆီ ရောက်လို့ သွားတယ်။
 လူနာကုတင်ထက်ဆီမှာတော့ ခပ်ပိန်ပိန်ပါးပါး လူတယောက် မှိန်းနေတယ်။ လူနာရဲ့ ခြေအစုံကို ကုတင်ခြေရင်းမှာ သံခြေကျဉ်းနဲ့ ချုပ်နှောင်ထားတယ်။ ကျမဟာ မောဟိုက်နေတာတွေ၊ ကြောက်ရွံ့တုန်လှုပ်နေတာတွေ၊ မြင်ရတဲ့ အာရုံအပေါ် စိတ်မကောင်းဖြစ်ရတာတွေ သက်သာရာ ရစေမလားလို့ ခပ်ပြင်းပြင်း လေတချက် ရှုသွင်းလိုက်မိတယ်။
 အသံဗလံတွေကြောင့် ထင်ပါရဲ့။ မှိတ်ထားတဲ့ မျက်လုံးတစုံ ပွင့်လာတယ်။ မြင်နေကျ ဂျူတီကုတ်ဝတ်တွေ၊ ယူနီဖောင်းဝတ်တွေ မဟုတ်ဘဲ မျက်စိရှေ့မှာ အူတူတူ ကောင်မလေးတယောက်ကို မြင်လိုက်ရတော့ အံ့သြသွားပုံရတယ်။ ပြုံးပြီ မိတ်ဆက်လိုက်တော့ အရမ်းအံ့သြသွားပြီး ကျမအတွက် စိုးရိမ်မကင်းဟန် သူမျက်လုံးထဲမှာ ဖြတ်ကနဲ မြင်လိုက်ရတယ်။
 ကျမလည်း ကြောက်စိတ်တွေ နဲနဲ အနယ်ထိုင်ပြီမို့ စကားစမြည်ပြောဖို့ စကားအစရှာ နှုတ်ဆက်လိုက်တယ်။ “အကို နေကောင်းလား” လို့ ချက်ချင်းပဲ ကျမရဲ့ နှုတ်ဆက်စကားဟာ ပကတိအခြေအနေနဲ့ တလွဲဖြစ်နေတဲ့ စကားမှန်း သတိပြုလိုက်မိတယ်။
 ကဲ … စဉ်းစားကြည့်ပါဦး။
 ဘာကြောင့်၊ ဘယ်လိုရလိုက်မှန်း မသိဘဲ ရလိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် မသက်မသာ ခံစားနေရတဲ့အပြင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရတဲ့ ခြေအစုံနဲ့ လူနာကို နေကောင်းလားလို့ ဆိုတော့ … သူက ချက်ချင်း ပြန်ဖြေတယ်။ “ကောင်းတယ်၊ ကောင်းတယ် …” တဲ့။
 ပြီးတော့ ကျမတို့ ၂ ယောက်စလုံး သဘောတွေ ကျပြီး ရီဖြစ်ကြတယ်။ အချိန်အတော်လေး ကြာတော့ ပြန်သင့်ပြီ ဆိုတဲ့ အသိနဲ့ နှုတ်ဆက်ခဲ့ပါတယ်။
 “လိုတာရှိရင် မှာလိုက်ပါ။ ကျမလည်း ထပ်လာလို့ရရင် လာခဲ့ပါဦးမယ် …” ဆိုတဲ့ ကျမရဲ့ နှုတ်ဆက်စကားကို ပြုံးပြီး ခေါင်းငြိတ် အသိအမှတ်ပြုရင်း ကျန်ရစ်ခဲ့တယ်။
 ဝေဒနာတွေ သိပ်သည်းနေတဲ့ နောက်လူနာတဦးဖြစ်တဲ့ ကျောင်းသား ကိုစိုးနိုင်ကိုတော့ ကျမ စကားဆိုခွင့် မရှိခဲ့ပါဘူး။ အလာတုန်းက ကြောက်စိတ်တွေနဲ့ မောပန်း တုန်ရင်နေတဲ့ ကျမဟာ အပြန်လမ်းမှာတော့ အမည်မဖော်နိုင်တဲ့ ခံစားချက်တွေနဲ့ ကျမရဲ့ ခြေလှမ်းတွေဟာ ယိုင်တိယိုင်တိုင်နဲ့ ပေါ့။
 တသက်မှာ တခါပဲ မျက်နှာချင်းဆိုင် တွေ့ခဲ့ရဖူးတဲ့ အဲဒီကျောင်းသားလူငယ် ၂ ဦးထဲက ကိုစိုးနိုင်က သိပ်မကြာခင်မှာ တလောကလုံးကို နှုတ်ဆက်မသာဘဲ တိတ်တဆိတ် အပြီးတိုင် ခွဲခွာသွားခဲ့ပါတော့တယ်။ ကိုမြင့်ဦးနဲ့ကတော့ ဆေးရုံက ဆင်းသွားပြီ ဆိုတဲ့ သတင်းစကားကလွဲလို့ ဘာသတင်း အဆက်အသွယ် မရခဲ့တော့ပါဘူး။

အဲသည်နောက်ပိုင်းကာလတွေတလျှောက်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ တော်လှန်ရေးမော်ကွန်းမှတ်တိုင်မှာ ရိုးသားတဲ့ ရဲရင့်တဲ့ စွန့်လွှတ်စွန့်စားတဲ့ ပေးဆပ်သူတွေ၊ သူရဲကောင်းတွေ၊ အညတရ သတ္တိရှင်တွေရဲ့ အမည်ကမ္ဗည်းတွေနဲ့ ရဲရဲနီစွေး စွာ အမြင့်မားဆုံး လွှင့်ထူလာခဲ့ပေါ့။
 ကြောက်တတ်လွန်းတဲ့ ကျမဟာလည်း သူတို့ကို အားကျရင်း၊ ဂုဏ်ယူရင်း သာမန်ရိုးကျ ကျောင်းသူလေးတဦးအဖြစ် ရန်ကုန်လမ်းမတွေပေါ်မှာ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ နောက်က လိုက်ပါခဲ့။ နောက်တော့လည်း စာသင်ခန်းတွေထဲ ပြန်လည်ဝင်ရောက်ခဲ့။ နောက်တော့ ကျောင်းဆရာမတဦးအဖြစ် ကျောင်းပရ၀ုဏ်အတွင်းမှာ ဆက်လက် ကျင်လည်ခဲ့ရပြန်ပါတော့တယ်။
 သို့သော်လည်း ကျောင်းသူဘ၀နဲ့ မတူစွာဘဲ ကျမတို့မှာ အပြောင်းအလဲများစွာနဲ့ ကြုံခဲ့ရပါတယ်။
 ၉ ၆၊ ၉ ၇၊ ၉ ၈ ခုနှစ်တွေမှာ ကျမတို့ ကျောင်ဝင်းရဲ့ စာသင်ခေါင်းလောင်းသံတွေ တိတ်နေတဲ့ အချိန်မှာ တ၀င်းလုံးမှာ စစ်သွေး စစ်ရောင်တွေက ပြိုးပြိုးပြောင်ပြောင်၊ စစ်မာန်တွေနဲ့ လာပြီး ဟိတ်ဟန်ပြနေချိန်ပေါ့။
 အသိပညာတွေ တိုးစေဖို့ပဲ အားသန်ကျွမ်းကျင်တဲ့ ကျမတို့ ဆရာတွေ ဆရာမတွေကို ကျမတို့ နားမလည်၊ မကျွမ်းကျင်တဲ့  အဓိကရုဏ်း ဖြေရှင်းနည်းတွေ၊ ဖိနည်း၊ နှိပ်နည်း၊ ပိတ်နည်း၊ ဆို့နည်း စတဲ့ အင်မတန် လက်သံပြောင် ကြမ်းတမ်းတဲ့ အကြမ်းဖက်သေနင်္ဂဗျူဟာတွေကို စစ်သားတွေက ကျောင်းဆရာတွေကို ပို့ချပေးနေတဲ့ တနေ့ပေါ့။

ကျမတို့အားလုံး အင်းစိန် ဂျီတီအိုင်ရဲ့ ခန်းမကြီးတခုမှာ စုစည်းနေရတယ်။ ပို့ချမည့် သူက အဲဒီအချိန်က ရန်ကုန်စစ်ဒေသတိုင်းကို တာဝန်ယူထားရတဲ့ ဗိုလ်မှူးကြီး သိုက်ထွန်း။ ကျမတို့က ကြောက်တတ်သူဆိုတော့ ရှေ့တန်းခုံတွေမှာဘယ်ထိုင်ရဲပါ့မလဲ။ ဟိုးနောက်ဆုံးက ခုံနားတွေမှာ ခပ်ကုပ်ကုပ် လေး ထိုင်နေတာပေါ့။ သူတို့တတွေ ခန်းမထဲ ၀င်လာတော့ ကျမဟာ ကြောက်လွန်းလို့ မတ်တပ်ရပ် အရိုအသေမပေးနိုင်ပါဘူး။ ထိုင်ခုံမှာ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ထိုင်နေဖြစ်တယ်။ အဲဒီဗိုလ်မှူးကြီးကလည်း သူအင်မတန်ကျွမ်းကျင် ပိုင်နိုင်ထားတဲ့ အကြမ်းဖက်ဘာသာရပ်ကို ပို့ချတာဆိုတော့ အင်မတန်ကို အားပါးတရ ရှိသပေါ့။
           ကျမလည်း ကြောက်လွန်းတော့ အကုန်လုံးတော့ ဘယ်မှတ်မိပါ့မလဲ။ မှတ်မိသလောက်က ကျောင်းသားတွေ စပြီး ဆူပူခဲ့ရင် တဲ့ … ပထမဦးဆုံး လုပ်ရမှာက ကျောင်းရဲ့ ၀င်းတံခါးတွေ အကုန်ပိတ်ရမယ် ဆိုပဲ။ အဲဒီအချိန်မှာ သူတို့ရဲ့ စွမ်းအားရှင်တွေဟာ ကျောင်းအပြင်မှာ ၀ိုင်းထားမယ် တဲ့။ ကျောင်းသားတွေကို မထိန်းနိုင်လို့ တံခါးတွေ ပွင့်ခဲ့ရင် အဲဒီစွမ်းအားရှင်တွေဟာ ကျောင်းသားတွေကို စာသင်ခန်းတွေဆီ ပြန်ဖို့ ဖြောင်းဖြကြမယ် ဆိုပဲ။ ဒါမှ မရရင်တော့ ၀ါးရင်းတုတ် စွမ်းအားရှင်အဖွဲ့တွေနဲ့ တွေ့ရလိမ့်မယ် တဲ့။ သူတို့တတွေက ကျောင်းသားတွေရဲ့ ခေါင်းကို ရိုက်မှာ မဟုတ်ပါဘူး တဲ့။ ညို့သကျည်းလေးတင်ပါပဲ တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်၊ ဓါတ်ပုံရိုက် သတင်းယူ ကြိုက်သလောက် လုပ်ကြ တဲ့။ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်း လုံးလုံး မတွေ့စေရဘူး တဲ့။
           ကျမမှာ ကြောက်လွန်းလို့ ရင်တုန်၊ ပန်းတုန် ဖြစ်လာတယ်။ ကြောက်ပြီ ဆို ဘာတခုမှ မကောင်းတော့ဘူး။ မှတ်ဉာဏ်တွေမှာ သိုမှီးထားတဲ့ ဦးနှောက်ကလည်း သုံးစားလို့ မရတော့ဘူး။ ကျမမှာ ဗိုလ်မှူးကြီးရဲ့ စကားသံတွေ ကြားနိုင်စွမ်း မရှိတော့ဘဲ ခေါင်းထဲမှာ ညို့သကျည်းနဲ့ တင် အလုပ်ရှုပ်နေတော့တယ်။ ညို့သကျည်း ဆိုတာ ဘယ်နေရာလဲလို့ ပေါ့။ ခေါင်း မှာ မဟုတ်တာတော့ သေချာသား။ စဉ်းစားလို့ က မရ၊ သိကလည်း သိချင်ပြန်ဆိုတော့  ဘေးနားမှာ ထိုင်နေတဲ့ ဆရာမကို မေးကြည့်ရတော့တာပါပဲ။
           အဲဒီဆရာမကလည်း သင်ကြားရေးမှာ ကောင်းမှ ကောင်း၊ သူသင်ပြီ ဆို ရှင်းကနဲ၊ လင်းကနဲ ဖြစ်လွန်းလို့ ကျောင်းသူ ကျောင်းသားတွေ သိပ်ကြိုက်ပေါ့။ ရုတ်တရက် ကျမက လှမ်းမေးတော့ ဗိုလ်မှူးကြီးရဲ့ သေနင်္ဂဗျူဟာဇာတ်လမ်းတွဲမှာ မြောနေတဲ့ ဆရာမလည်း ဆတ်ကနဲ တုန်သွားတယ်။ ပြီးတော့မှာ အတော် ကြာကြာ စဉ်းစားလိုက်ပြီး … “ငါ့အထင်တော့ ဒူးအထက် ပေါင် …” တဲ့။ ဒါပေမယ့် သူကလည်းေ၀၀ါးဝါးရယ်။ သူ့နားက ဆရာမကို ထပ်မေးလိုက်ပြန်တယ်။ ဒီတော့မှ ပိုရှုပ်ကုန်ရော။ သူက "လည်မျိုရဲ့ အပေါ် ..." ဖြစ်လိမ့်မယ် တဲ့။ ဒါနဲ့ ကျမ စ လိုက်တဲ့ ညို့သကျည်းဇာတ်လမ်းကြောင့် နောက်ဖက်က ဆရာ၊ ဆရာမတွေ အကုန် အတွေးရှုပ်၊ ခေါင်းရှုပ်နဲ့ ရှုပ်သွားလိုက်ကြတာ သေနင်္ဂဗျူဟာဇာတ်လမ်း ဘယ်နား ဆုံးသွားမှန်းတောင်  မသိတော့ဘူး။ ကျမတို့ရဲ့ ညို့သကျည်းဇာတ်လမ်းကတော့ နောက်နေ့ ဆက်ရန် ဖြစ်သွားတယ်။ တကယ်တော့ ကျမဟာ တန်းကနဲ ထပြီး မေးလိုက်သင့်တာပေါ့။ ဒါပေမယ့် ကြောက်တာကိုး။

          ကြောက်ပါတယ် ဆိုမှ ကျမလည်း တခုပြီး တခု ဆက်တိုက် ဖြစ်နေတော့တာပါပဲ။ အဲ … တနေ့မှာပေါ့။ အမျိုးသမီးပညာတတ်ကြီးများ ဖွဲ့ထားတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်ကြီးများအသင်းက ဦးဆောင်ပြီး ပြည်ပအားကိုးပုဆိန်ရိုးတွေကို ဆန့်ကျင်ကြမတဲ့။ အပြတ်ကို ရှုတ်ချကြမတဲ့။ ပြီးတော့ ကြီးကြီးကျယ်ကျယ် အဆင့်မြင့်မြင့် ဖြစ်အောင် ကျင်းပမယ် ဆိပဲ။ ဒါကြောင့် သုဝဏ္ဏ အမျိုးသားပြဇာတ်ရုံကြီးမှာ ပညာတတ်တွေ ဖြစ်တဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ပညာအကြီး အလယ်၊ အလတ်တတ်သူတွေ မလိုက်မနေရတဲ့။ မလိုက်ရင် အလုပ်ဖြုတ်ပစ်လိုက် မတဲ့။ “နှုတ်မိန့် … နှုတ်မိန့် …” ။ ကျမမှာ အတော့်ကို စိတ်ရှုပ်ရတော့တာပါပဲ။
           ကိုယ့်ဖာသာကိုယ်တော် မှန်တယ်လို့ မပြောရဲ၊ မဟုတ်တာ လုပ်နေတာကို မဟုတ်တာ လုပ်နေပါတယ် လို့ မပြောရဲလောက်အောင် ကြောက်တတ်တဲ့ သူက ဆန့်ကျင်တာတို့၊ ရှုတ်ချတာတို့ကို လက်သီးလက်မောင်းတန်းပြီး ဘယ်လုပ်ရဲပါ့မလဲ။ ကျမလည်း မဆန့်ကျင်၊ မရှုတ်ချရဲတဲ့ ကြောက်စိတ်က တမျိုး၊ အလုပ်ပြုတ်မှာကို ကြောက်တဲ့ ကြောက်စိတ်က တဖုံနဲ့ ကြောက်စိတ် ၂ ထပ်ကွမ်းတောင် ဖြစ်နေတော့တာပါပဲ။
           နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ကြောက်တဲ့ စိတ်နဲ့ပဲ ဌာနမှူးဆီ သွားတွေ့ပါတယ်။ ဌာနမှူးကို အရိုးသားဆုံးပဲ ပြောပြပါတယ်။ ကျမ ကြောက်တတ်ပုံတွေကို နားထောင်ရင်း စိတ်ရှုပ်လာတဲ့ ဌာနမှူးက သဘော … သဘော … တဲ့။ ဖြစ်လာရင် ကိုယ့်ဖာသာ ရှင်းတဲ့။ ကျမလည်း ၀မ်းသာသွားလိုက်တာ၊ ကြောက်စိတ်တခု ပေါ့သွားလို့ပေါ့လေ။
           နောက်တနေ့ညမှာတော့ တယ်လီဗီးရှင်းသတင်းကနေပဲ အဲဒီပွဲကို ကြည့်လိုက်တော့တယ်။ ကျောင်းပြန်တက်တော့လည်း ဆရာ၊ ဆရာမတွေရဲ့ ထူးကဲတဲ့ အတွေ့အကြုံတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်ရတာပေါ့။ များလိုက်တဲ့ ပညာတတ်တွေဆိုတာ … အကြိုအပို့ လုပ်ရတဲ့ တီအီးကားကြီးတွေ၊ ဘတ်စကားတွေဆိုတာ ဘယ်နိုင်မလဲ တဲ့။ ခေါက်တုံ့ ခေါက်ပြန် သယ်ပို့ရတာ၊ ကားတွေလည်း ပညာတတ်တွေ ပဒေသာသီးလို့ ကြပ်ထုပ်နေ ဆိုပဲ။ ဆရာ ဆရာမတွေဆို လူရိုသေ ရှင်ရိုသေအောင် ဆင်ထားတဲ့ ဆွဲကြိုး လက်ကောက် ဒုတ်ကောက် မျက်မှန်တွေ ကျပျောက် ကျွတ်ပျောက် ခဲ့ကြတာတွေတောင် ရှိသတဲ့။ ကြောက်တတ်တဲ့ ကျမ ဒီလိုအရသာတွေ ဘယ်ခံစားဖူးပါ့မလဲ။ ဒါ့အပြင် နောက်ထပ် ၁ လလောက် ဆက်ပြီး ကြောက်လိုက်ရသေးတယ်။ အဲသည်ပွဲဆက်တွေမှာ ပါဝင်ဆင်နွှဲရမှာ စိုးလွန်လွန်းလို့။ တော်သေးရဲ့ … အလုပ်မပြုတ်လို့။

           အဲဒီလိုအချိန်တွေမှာ ကျမ ဘယ်လိုများ ကြောက်ခဲ့သလဲ လို့ ခြုံပြီး ကြည့်လိုက်ရင် …
          ခါးမှာ ဗြောက်ထိုးပြီး လူလုံးပြတတ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို မြင်လိုက်ရင်ပဲ ကြောက်လွန်လွန်းလို့ အကြောက်တွေလွန်ပြီး ကျမနှုတ်ခမ်းတွေဟာ ပြုံးပြီး မနှုတ်ဆက်တတ်တော့ဘူး။
          ကျမရဲ့ လက် ၂ ချောင်းဟာလည်း ရင်ညွန့်အထိ မြောက်တက် လက် ၂ ဖက် ယှက်လို့ လက်အုပ်ချီ နှုတ်ဆက်ဖို့ အဆင်သင့် ဖြစ်မနေတော့ဘူး။
          ကျမ နားတွေဟာ သူတို့ပို့ချတဲ့ သေနင်္ဂဗျူဟာတွေ ရှင်းကနဲ လင်းကနဲ လျှောကနဲ ၀င်ပြီး သွားဖို့ မဖြစ်နိုင်လောက်အောင် အူနေ ထူနေပါတော့တယ်။

          မဟုတ်တာ မမှန်တာ မတရား လုပ်နေတာတွေကို မဟုတ်ဘူး၊ မမှန်ဘူး၊ မတရားဘူးလို့ ရဲရဲကြီး ရှေ့ထွက် ပြောရဲတဲ့ သတ္တိ မရှိပေမယ့် …
          ဗောင်းတော်ညိတ်၊ စိတ်တော်သိပြီး ကြိုတင် အလိုက်သိတတ်၊ ဒူးထောက် ခစား၊ ကျွန်ပါးဝ တဲ့ အထိ ကြောက်တတ်လွန်းစိတ်မျိုးတော့ ကျမမှာ မရှိပါ။
          ဒါ့အပြင် အသားပဲ ဖြစ်ဖြစ်၊ အရိုးပဲ ဖြစ်ဖြစ် ထူချင် ထူ၊ ပါးချင် ပါး၊ တတုံးလေး ရရ တဖဲ့ပဲ ရရ၊ ဘယ်လောက်ပဲ ရရ၊ မစားလိုက်ရ၊ မ၀ါးလိုက်ရမှာ စိုးတဲ့ ကြောက်စိတ်မျိုးလည်း စိုးစဉ်းမျှတောင် ကျမမှာ မရှိ။
          ဒါပေမယ့် ကျမဘ၀တလျှောက်လုံးမှာ မဟုတ်တာ၊ မမှန်တာ၊ မတရားတာတွေကို လုပ်ရမှာ ပြောရမှာကို ကြောက်တတ်တဲ့ ကြောက်စိတ်မျိုးတော့ အမြဲတမ်း ရှိနေချင်သူ သာမန်လူသား တဦးပါ။

Comments

lwinthet said…
အမှန်တော့ကျွန်တော်တို့မြန်မာနိုင်ဂံသားအားလုံးလိုလို ကြောက်စိတ်တွေစိုးရိမ်စိတ်တွေ ရှိနေကြရတာ ပါပဲ ဒီလိုစိတ်တွေရှိမှ အသက်ရှင်နေထိုင်ခွင့်ရအောင် မွေးဖွားခံထားရတာကိုး ဒါကိုမသိနားမလယ် တဲ့သူတွေက ဆင့်ကဲဆင့်ကဲကိုယ့်လက် အောက်ကလူတွေကို အကြောက်တရားတွေ ပေးပေးထားကြတော့ ကျွန်တော်တို့မြန်မာသားတွေရဲ့ လူနေ မှူစနစ်မှာ ရိုးရာလိုလိုယဉ်ကျေးမှူ့လိုလို အစွဲတွေဖြစ်ကုန်ကြတော့တာပါပဲ နမူနာတခုအနေနဲ့ ကျွန်တော့ရဲ့ အဖြစ်မှန် တခုကိုရေးထားတဲ့ myshare page http://myosatthit.com/my_share.htmlကိုဝေမျှလိုက်ပါတယ်
lwinthet said…
www.myosatthit.com again
လောင်းရိပ်
ကျွန်တော်တို့ဟာလောင်းရိပ်အောက်မှာ မွေးဖွားကြီးပြင်းခဲ့ရတာပါ သစ်ပင်ပန်းမာလာပဲဖြစ်ဖြစ် လူသား တွေပဲဖြစ်ဖြစ် လောင်းရိပ်အောက်မှာ ကျရောက်နေရရင် လန်းဆန်းတက်ကြွမှူ့တွေကင်းမဲ့နေပီး တောင်ကျိုးငှက် တကောင်လို အရာရာကိုထိပ်လန့်ကြောက်ရွံနေရမှာပါပဲ လောင်းရိပ်ကြီးမားရင် ကြီးမား သလောက် ဆုံးရှုံးတွေကြီးမားကြရမှာပါပဲ လောကအလယ်မှာရဲရဲဝင့်ဝင့် ဘယ်လိုလို့ လျှောက်လှမ်းနိုင်ပါ တော့မလဲ အရာရာကို စိုးရွံ့ကြောင့်ကျမူ့တွေ အားငယ်ညိုးနွမ်းစိတ်တွေတာအစဉ်စိုးမိုး နေတော့မှာပဲ မဟုတ်လား တကယ်တန်းလည်းကျွန်တော်တို့ဟာ လူတွေနဲ့ပတ်သက်လာရင် စိုးရိမ်ပူပန်မှု့ တွေအမြဲ ရှိတက်ပါတယ် စကားတခွန်းပြောဖို့အရေ: ချင့်ချိန်နေရတာနဲ့ စိုးရိမ်နေရတာနဲ့ ဘယ်တော့မှကိုယ်လိုရာ ဖြစ်ဖြစ် မြောက်မြောက်မပြောဖြစ်ခဲ့ပါ လူဆိုတဲ့သူကလည်းအားနဲချက်ကိုဖိလေ့ရှိတက်သူ မြေနှိမ့်ရာ လှံစိုက် ချင်သူက များများမို့ လူတွေနဲ့ခပ်ကင်းကင်းပဲ နေလေ့ရှိခဲ့ပါတယ် လူတွေနဲ့ဝေးလေ ပေါင်းသင်း ဆက်ဆံ ရေး ညံ့ဖျင်းလေမို့ ပိုလို့တာ မပြောတက်မဆိုတက် ဖြစ်လာခဲ့ရပါတယ် ဒါတွေဟာ ကျွန်တော် တို့အပေါ် တချိန်လုံး ကျရောက်နေခဲ့တဲ လောင်းရိပ်ရဲ့ ဆိုးကျိုးတွေပဲမဟုတ်ပါလား မိသားစုတခု ဖြစ်ဖြစ် အဖွဲ့အစည်းတခု ဖြစ်ဖြစ် ဦးစီးဦးဆောင်သူကိုယ်တိုင် လောင်းရိပ်ဖန်တီးသူ ဆိုပါလျှင်လောင်းရိပ်အောက် တွင်း အသက်ရှင်နေထိုင်ရသူတို့အဖို့ ဆိုဖွယ်ရာမရှိတော့ပါ
အိမ်ထောင်ဦးစီးဆိုတဲ့ ခေါင်းစီးနဲ့ အာဏာရှင်ဆန်ဆန် ကျွန်တော်တို့အပေါ် ပိန်းမှောင် နေသော လောင်းရိပ်ဆိုးကြီးကို အနီးကပ်ဆုံး အုပ်မိုး ထားသူမှာ ကျွန်တော်တို့ရဲ့ ဖခင်ကိုယ်တိုင်ပါ သူကိုယ်တိုင် မည်သည့်ဖိနိပ် မှူ့မျိုးကိုမဆိုတွန်းလှန်တက်သူဖြစ်ပါလျှက်သူ့ရဲ့မိသားစုကို သူကိုယ်တိုင်အမှောင်တိုက်ထဲ ထည့်တွင်းထားမိနေသည်ကို သတိထားမိဟန်မတူပါ သူဟာတကယ်တော့ ထူးချွန်ထက်မြက်သူ တယောက် ပါ သို့ပါသော်လဲ မိမိလုပ်နိုင်သလောက် လုပ်ပိုင်ခွင့်မရခြင်း လုပ်သလောက်အကျိုး မခံစားရ ခြင်းတို့အပေါ် မကျေနက်မူများစွာဖြင့် စိတ်ဖိစီးမှူ့ များစွာရှိလာခဲ့ရသူပါ မိမိ မိသားစုကောင်းစားလိုသည့် စိတ်ရင်းထက် မည်သူ့ကိုမျှ ဒူးမထောက် လက်မမြောက်လိုသည့်မာနက အစမတန်မြင့်မားနေသူမှို့ မိမိမိသားစုအပေါ် လောင်းရိပ်ပြန်လည် ဖုံးအုပ်မိနေသည်ကိုမူ မြင်နိုင်စွမ်း မရှိတော့ပါ မည်မျှထူးချွန်သူ ဖြစ်ပါစေ အထက်ကိုမပူဇော်မပ သ သူမှန်သမျှ မွမ်းကျပ်အောင် ပိတ်လောင် ထားလေ့ရှိတက်ကြသော စနစ်အောက်မှာရှင်သန်လာရသူများအ ဖို့ တခုသောထွက်ပေါက်ဖြစ်သည့် မိမိ မိသားစုကိုအသုံးချခံ အဖြစ် ပြစ်မှတ်များ စုပုံ ကျရောက်လာရခြင်းမှာ ထူးဆန်းလှသည်တော့မဟုတ်ပါ ထို့ကြောင့်အဖေ သည်လည်း ကျွန်တော်တို့မိသားစုအပေါ် ပိန်းမှောင်နေသော ဒေါသမောဟ များစွာဖြင့် လောင်းရိပ် လက်ဝေခံ လက်ဆင့်ကမ်းမိသူ ဖြစ်ခဲ့ရပါတယ်
ကျွန်တော်တိုဟာလူ့လောကထဲစ ရောက်လာချိန်မှစ၍ မြေစာမြက်များဘဝဖြင့် အရိပ်မိုးကြီး၏ စိုးမိုးခြင်းကို မသိနားမလည်စွာ ခံစားကြီးပြင်းလာခဲ့ရပါတော့တယ် ကျွန်တော်တိုရဲအသိထဲမှာလဲ ရေအိုင် ထဲက ဖားငယ် ပမာ လောကဘဝဘဲလို့ ထင်မြင်လာခဲ့ရပါတယ် ရေအိုင်တဖက်ရဲ့အခြာ: ဟိုဒီ ဖက်မှာ အဆုံးအစ မရှိလှတဲ့ ဘဝရဲ့အမှန်တရားတွေ ရဲရင့်မှု့တွေ ဖြစ်ထွန်းနေတာ ကိုယ်နဲ့ဘာမှမဆိုင်သလိုပါ ဖခင်ကိုမော်တောင် မကြည့်ရဲ လောက်အောင် ကြောက်ရွံ့မူ တွေနဲ့အတူ ငြိမ်ငြိမ် ဝပ်ဝပ် ပိပိ ပြားပြား နေထိုင်လာခဲ့ရတာပါ ဒါကြောင့်လဲခြေတလှမ်းတောင်မမှားရဲအောင်မလှုပ်သာမရွံသာပြောဆို နေထိုင် လာရတဲ့ ခပ်ညံ့ညံ့ အလေ့အထတွေပေါ်ပေါက်လာခဲ့ရပါတယ်
continoue to next post, Please

မှတ်မှတ်ရရ တခုပြောပြရရင်ကျွန်တော် ရ နှစ့််လောက်ကဖြစ်မယ်ထင်ပါတယ် ကျွန်တော် တို့ဟာခပ်ညံ့ညံ့အစိုးရ စုပေါင်းအိမ်ယာတခုမှာနေဖြစ်ခဲ့ကြပါတယ်
အဖေနဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျခပ်ကင်းကင်းကျိုးစားနေထိုင်လာခဲ့ရင်း တရက် အဖေရုံးကပြန်လာ ကာနီးအချိန်လောက်မှာ အိမ်ရှေ့ ပြူတင်းပေါက်မှန်ကို မတော်တဆခွဲလိုက်မိပါတယ်
ကျွန်တော့ အသွေးအသားဦးနှောက်ထဲမှာကြောက်ရွံ့ ထိတ်လန့် မှူ့မျာနဲ့သာစိုးမိုးကုန်ပါတော့တယ် တွေဝေနေစဉ်အတွင်းမှာပဲ အဖေအိမ်ပေါ်တက်လာတာကို တွေ့ လိုက်ရပါတယ် ညီအကိုမောင်နှမ အားလုံး ဘယ်ချောင်ရောက်ကုန်လဲ ကျွန်တော်မသိပါ ကျွန်တော် တယောက်ထဲ ကျားရှေ့မှောက့်ရက်လဲတဲ့ သိုးငယ်ပမာ အဖေဘာတွေမေးပြီးကျွန်တော်ဘာ တွေ ဖြေသလည်း မသိတော့ပါ မှန်ကွဲစများကို မသိမ်း ခိုင်းပဲ မှန်တချပ်ပြန်ဖြစ်အောင်ဘလူးသရဲပမာ ဆက်ခိုင်းပါတော့တယ် ထိုင်ခုံတလုံးနင့် ကျွန်တော်ဘေးမှာ ထိုင် ကာ ၂ ပေကျော်လောက်ရှိတဲ့ ဓားမ တချောင်းနဲ့ ကျွန်တော်ခေါင်းပေါ် ခုတ်တော်မဲ့ဟန် ဖြင့်ရွယ်မိုး ထား ပါတယ် မှန်ကွဲစများကိုကိုင်ပြီး တရွှံ့ရွှံ့ငိုရုံကလွဲ၍ ကျွန်တော်ဘာမျှမတတ်နိုင်ပါ
မှန်ကွဲစများကို puzzle ဆက်သလိုဆက်က အကောင်း ပြန်ရ နိုင်ပါလျှင် ကျွန်တော်လက်တွေ ကြွေမွှပြက်စီး ချင် ပြက်စီးသွားပါစေ ကျွန်တော်ပြန်ဆက်ပေးလိုက်ချင်ပါသည်
အဖေကိုလဲပြန်မကြည်ရဲ ကူညီမဲ့သူလဲမမျှော်ရဲပါ အမှားအမှန်ကွဲကွဲပြားပြားမကွဲခြားနိုင်သေးသည့်
၇ နှစ်ရွယ် ကလေးငယ်တယောက် မည်သို့ခံ စားရမည် ထင်ပါသနည်း ဤသို့သောစိုးရိမ်ကြောက် ကျမှူ့များနှင့် လောကကို အောင်မြင်စွာရှောက်လှန်းရန်ဖြစ်နိုင်ပါ မည်လား
နဂိုကတည်းကဘာမှအမှာ:မလုပ်မိအောင်ကြောက်ကြောက်ရွံ့ရွံ့နေထိုင်ပြီးသားပါ
အဖေ့ရဲကြင်နာမှု့အရိပ်အရောင်ဆိုတာဝေးလာဝေး အမှားနဲ့အမှန်ကိုတောင်ခွဲခြားမပြဘူးခဲ့ပါ
သူ့ကိုစိတ်အနှောက်အယှက်ပေးသူအားလုံးကိုသူ့ရဲ့အာဏာစက်နဲ့အပြစ်ပေးခဲ့တာချည်းပါ
ကျွန်တော်တို့တွေ လောကအလယ်မှာ ဘယ်လိုလို့ ရဲရဲရင့်ရင့်ဝင့်ဝင့်ကြွားကြွား နေထိုင်လာနိုင်ပါ့မလဲ
သူကိုယ်တိုင်ကော မိမိ မိသားစုအပေါ်လောင်းရိပ်မဲကြီးဖုန်းအုပ်ထားတယ်ဆိုတာ စဉ်းစားမိသလား ကျွန်တော်မသိပါ အမြဲတန်းလိုလို တင်းတင်းမာမာဆက်ဆံလေ့ရှိတတ်ကြတဲ့ အာဏာရှင် တို့ရဲ့ထုံးစံ အတိုင်းထမင်းစားရင်း အပေါ့အငန်လိုတဲ့အသေးအမွှားပြသနာလေးကအစ ပုံကြီးချဲ့ ဒေါသ ထွက်ပြ တက်တာ နေ့စဉ်လိုလိုပါ
ကိုယ်လိုရာစေနိုင်ဖို့် မာန်မဲချိန်းချောက် ဟိန်းဟောက်မူ့တွေနဲ့ အမှောင်ဖုံ:ထားဖို့ လိုအပ်ပါသလား ကြာခဲ့ပါပြီ ကျွန်တော်အသက်၄၀ ကျော်ပါခဲ့ပါပြီ ကျွန်တော့အဖေလည်းဆုံးပါးသွားခဲ့ပါပြီ
လောင်းရိပ်မဲကြီးလည်း ကျွန်တော်မှာမရှိတော့ပါ သို့ပါသော်လည်း မှုန်မွားဝေဝါးကျွန်တော့အသိတွေမှာ ဘာမျှ တက်တက်ကြွကြွမရှိနိုင်တော့ပါ တသက်သာလောင်းရိပ်အောက်မှာ ချည့်ချည့် နဲ့နဲ့ရှင်သန်လာ ခဲ့ရတဲ့ မြေဇာမျက်များကိုဘယ်လိုမှလန်းဆန်းတက်ကြွအောင် မစွမ်းဆောင်နိုင်တော့ပါ
ကျွန်တော်ခုထိစိုးရွံ့နေဆဲပါ ကျွန်တော်ခုထိခြောက်ခြားနေဆဲပါ
လောင်းရိပ်ပန်း
(စိုးရိမ်ကြောင့်ကျမူ့များမွေးဖွားခံထားကြရသော မြန်မာလူငယ်များခံစားနားလယ်နိုင်ကြမည်ဟုယူဆမိပါသည်)
မာလာ said…
ဆရာမရေ.. စာတွေဖတ်ရတာ... အရမ်းကောင်းတာပဲ... YIT နေ့ ရက်များကိုလည်းသတိရမိပါတယ်.. ကျန်းမာပျော်ရွှင်ပါစေရှင့် ... Han Su Mar (3rd Year, Chemical Engineering; 1996)