LA Burmese Community protest against Stage Shwow with Junta's Actress


အယ်လ်အေက မြန်မာများက စစ်အစိုးရသရုပ်ဆောင်၏ စတိတ်ရှိုးကို ကန့်ကွက်ကြ၊
အမေရိကန်ဒေသခံများကလည်း စိတ်ဝင်တစား မေးမြန်းစုံစမ်း
မိုးမခဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၁၀
ယမန်နေ့ ညနေက အယ်လ်အေမြို့၊ ပါးဆာဒီးနား အထက်တန်းကျောင်းတွင် မြန်မာစတိတ်ရှိုးတခုကျင်းပရာ မြန်မာ့အရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ စစ်အစိုးရ၏ ၀ါဒဖြန့်ရုပ်ရှင်သရုပ်ဆောင်တဦးက အခြားမြန်မာဧည့်သည်သရုပ်ဆောင်များနှင့် တွဲပြီး အမေရိကန်ပြည်တ၀ှမ်း လှည့်ပြီး ဖြော်ဖြေလျက်ရှိရာ နယ်အတော်များများတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။
ယမန်နေ့က အယ်လ်အေဆန္ဒပြပွဲသို့ မြန်မာ့အရေး လှုပ်ရှားသူများ၊ အယ်လ်အေသြဂနိုက်ဇာ အဖွဲ့သားများဖြင့် လူဦးရေ ၅၀ ကျော် ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ ဆန္ဒပြပွဲ ပိုစတာများတွင် စစ်အစိုးရ၏ မတရားလုပ်ကြံစွတ်စွဲမှုများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသူ အနုပညာသမားများ၏ ဓာတ်ပုံများကို ကိုင်စွဲပြီး စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့် အလိုတူ အလိုပါအားလုံးကို ကန့်ကွက်ရှုတ်ချခဲ့သည်ကို တွေ့ရသည်။
စတိတ်ရှိုးပွဲစီစဉ်သူများဖက်က သတင်းဖြန့်နေသကဲ့သို့ ဆူပူအကြမ်းဖက်လိုသူများ၊ လူ့အဆင့်အတန်းမရှိသူများ၊ အများသူငှာတို့၏ ပျော်ရွှင်မှုကို မလိုလားသူများက စတိတ်ရှိုးကို ဖျက်ဆီးရန်ကြိုးစားနေသည့် လှုပ်ရှားမှုမျိုး မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီရေးကို သိမ်ဖျင်းနိမ့်ကျအောင် စစ်အစိုးရနည်းတူ လုပ်ကြံစီမံသူများ၊ အားပေးသူများကို ငြိမ်းချမ်းစွာဖြင့် တည်ငြိမ်အေးချမ်းစွာ လာရောက် ဆန္ဒပြ ကန့်ကွက်သည့် လုပ်ရပ်တခုအဖြစ် တွေ့ရှိရသည်ဟု မျက်မြင်တဦးက ပြောကြားသည်။
“စတိတ်ရှိုး စီစဉ်သူတဦးက ရဲကို သည်လိုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းတာမျိုးတွေ သွားလုပ်တယ်ဗျာ။ အမေရိကန်က ရဲဆိုတာက ဆန္ဒပြတဲ့သူတွေကို တွေ့တာနဲ့ နှိမ်နင်းရတယ်လို့များ ထင်နေသလား မသိပါဘူး။ ဒီမှာက ၂ ဖက်စလုံးကို ကာကွယ်ဖို့ ရဲတွေမှာ တာဝန်ရှိတယ်လေ။ မြန်မာပြည်က စစ်အစိုးရရဲ့ ရဲတွေလိုမျိုး ထင်နေသေးတဲ့ သူတွေက ရှိသေးတယ်။ ရဲတွေက နောက်တော့ ခပ်ဝေးဝေးမှာ သွားစောင့်နေတာပါပဲ။ ဘာမှ အနှောက်အယှက် မရှိပါဘူး”
ဟု မိုးမခမိတ်ဆွေတဦးက ပြောပြသည်။
စတိတ်ရှိုးပွဲသို့ ကျောင်းဝင်ပေါက်မှ ၀င်ရောက်လာသူများ ရှိသလို ကျောင်းနောက်ဖေးပေါက်မှ လှည့်၍ ၀င်သူများလည်း ရှိသည်ဟု ဆိုသည်။ လူဦးရေ ထောင်သောင်းချီ၍ ပျော်ပွဲရွှင်ပွဲများကို တက်ရောက်ဆင်နွှဲလေ့ရှိသော အယ်လ်အေမြို့တွင် အဆိုပါ စတိတ်ရှိုးကို လာရောက်သူမှာ ဦးရေ ၃၀၀ ကျော်ခန့်သာ ရှိသည်ဟု သိရသည်။ မြန်မာ့အရေး ဆော်သြသူများက ထိုအရေးကိစ္စကို လူအများနှင်၎င်း၊ လုပ်ငန်းရှင်များ၊ လူမှုရေးဦးဆောင်သူများနှင့်ပါ လိုက်လံဆွေးနွေးခြင်း၊ စတိတ်ရှိုးပွဲကို သပိတ်မှောက်ရန် အချက်အလက်များ တင်ပြပြီး မေတ္တာရပ်ခံခြင်းများ အဆင့်ဆင့် ပြုလုပ်ခဲ့ကြသည်ဟု ပြောပြသည်။ 
 “နောက်တချက်ကတော့ ပွဲနေရာကို ပေးသုံးတဲ့ ကျောင်းက ဘုတ်အဖွဲ့ကို ကျနော်တို့တတွေ သွားရောက်တွေ့ဆုံပြီး ရှင်းပြတယ်။ အမေရိကန် ပညာရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေကိုလည်း အကူအညီတောင်းတယ်။ အမေရိကန်အစိုးရကိုယ်တိုင်က စီးပွားရေး ပိတ်ဆို့ထားတဲ့ လူ့အခွင့်အရေးမရှိတဲ့ တိုင်းပြည်က မြန်မာစစ်အစိုးရကို ထောက်ခံတဲ့ လူတွေပါတဲ့ ပွဲတွေ၊ အလုပ်တွေကို လူမှုရေး၊ ပညာရေး စံပြလုပ်နေသူတွေက သွယ်ဝိုက်ပြီးတော့ အားပေးမှာလား ဆိုတဲ့ မေးခွန်းပေါ့။ သူတို့တတွေကို သိသွားအောင် ပြောပြ၊ ရှင်းပြတဲ့ သဘောပဲ။ ဒါကို ကျောင်းက ဘုတ်အဖွဲ့ဝင်တွေက မှတ်တမ်းယူထားတာပေါ့။ ကျနော်တို့ဖက်ကလည်း မှတ်တမ်းယူထားပါတယ်”
ဟု အယ်လ်အေမြို့ခံ မိုးမခမိတ်ဆွေက ရှင်းပြသည်။
 “ဆန္ဒပြတဲ့နေရာကို အဲသည်အထက်တန်းကျောင်းက ကျောင်းသားသမဂ္ဂသတင်းစာနဲ့ ကျောင်းသားအဖွဲ့က သတင်းလာယူတယ်။ သူတို့တတွေလည်း သိသွားတယ်။ သူတို့ကျောင်းက ဘုတ်အဖွဲ့ကလူကြီးတွေက သည်လိုပွဲမျိုးကို လက်ခံပြီး ပွဲနေရာငှားတယ် ဆိုတာ သူတို့ သိသွားတယ်။ သူတို့သတင်းစာမှာ ဒါက ရေးစရာ ကိစ္စ ဖြစ်သွားပြီ။ အနီးအနားက ကျောင်းသားမိဘတွေကလည်း ဒီကိစ္စကို သတင်းလာမေးတယ်။ ငါတို့ကျောင်းကို ဘာလို့ ဆန္ဒ̔လာပြသလဲပေါ့။ ငါတို့ကျောင်းက ဘာတွေ ဖြစ်နေပြီလဲပေါ့။ အဲသည်လိုမျိုး ကျနော်တို့က ရှင်းပြရတာပေါ့။ စိတ်ဝင်စားကြတယ်။ ကျနော်တို့ကို နားလည်တယ်၊ အားပေးတယ်ဆိုတဲ့ သဘောမျိုး ကျောင်းသားတွေက ပြသတယ်”
လို့ ၎င်းက ဆက်လက် ပြောပြသည်။
 (Photo - Zarganar's Daughter seen entering the Stage Show)
ဆန္ဒပြသူများက ၎င်းတို့ အံ့အားသင့်ပြီး စိတ်မကောင်း အကြီးအကျယ်ဖြစ်ရသည့် ဖြစ်ရပ်တခု ရှိကြောင်း၊ မြန်မာစစ်အစိုးရ၏ လုပ်ကြံဖမ်းဆီးချုပ်နှောင်မှုဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် ပြည်သူ့အချစ်တော် အနုပညာသည် လူရွှင်တော် ကိုဇာဂနာ၏ ရင်သွေး သားနှင့် သမီး ၂ ဦး စလုံးက အဆိုပါ စတိတ်ရှိုးသို့ သွားရောက် အားပေးကြည့်ရှုခဲ့ကြသည်ကို တွေ့လိုက်ရ၍ ဖြစ်ကြောင်း၊ သားဖြစ်သူ မြတ်ကောင်း နှင့် သမီးဖြစ်သူ ငယ်ဦးမွန်တို့မှာ စတိတ်ရှိုးပွဲဖြော်ဖြေသူ ဧည့်သည်များနှင့် သူငယ်ချင်းများဖြစ်နေသဖြင့် သွားရောက် အားပေးကြသည့်သဘောဆိုလျင် စစ်အစိုးရ လုပ်ကြံဝါဒဖြန့် ဖျက်ဆီးနေသည့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၏ သူရဲကောင်းတဦးဖြစ်သူ၊ ၈၈ မျိုးဆက်တဦးဖြစ်သူ ကိုဇာဂနာ၏ မျက်နှာကို မထောက်ထားတော့ဘူးလားဟု မေးခွန်းများ ဖြစ်ပေါ်မိကြောင်း ဆန္ဒပြသူများက ပြောကြားသည်။
“ဒီပွဲကတော့ အယ်လ်အေရဲ့ အတိုင်းအတာအရဆိုရင် အတော်ဆိုးသွားတယ်။ ရိုးမစားသောက်ဆိုင်က နောက်ဆုံးနေ့ လက်မှတ်ရောင်းတော့ ၃၅ ဒေါ်လာတန် လက်မှတ်က တစောင်ဝယ်ရင် တစောင် အလကားပေးတယ် ပြောတယ်။ လီယိုနတ်မောင်မောင်လွင်ဆိုတဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း ၀ိုင်းစုခိုင်သိန်း မပါရင် မတီးဘူးလို့ ပြောနေတော့ တခြား အဆိုတော်တွေကလည်း ဘေးကြပ်နံကြပ် ဖြစ်နေကြတယ်လို့ သိရတယ်။ ဒီအတိုင်းကို အလွန်အရုပ်ဆိုးတဲ့ အဖြစ်ပါ။ ဒီနေ့ဆန္ဒပြပွဲက ပိုစတာတခုလိုပေါ့လေ … အမှန်ကို မလုပ်ရဲရင်တောင် အမှားတွေကို မထောက်ခံပါနဲ့ ပေါ့ …။ လူတွေ အမြင်ရှင်းကြသင့်ပြီ”
ဟု မျက်မြင်တဦးက မှတ်ချက်ပေးသွားသည်။

(Photos - LA Burmese Community and MoeMaKa's Friends)

Comments

Anonymous said…
ကိုမောင်ရစ်နှင့် ၀ိုင်းတော်သားများ-ကူးယူသွားပါကြောင်း ။ သတင်းဓါတ်ပုံအတွက် မိုးမခကို ကျေးဇူးတင်လျှက်-မောင်အိုး
Anonymous said…
They are protesting? Stupid!Look like funfair in LA.