Las Vegas and Sydney say NO to Burmese Junta's Propaganda actress and actors

လပ်စ်ဗေးဂတ်စ်က မြန်မာများ ၀ိုင်းစုခိုင်သိန်းကို လက်မခံသကဲ့သို့
သြစတြေးလျမြန်မာများကလည်း ခန့်စည်သူကို ကြိုဆိုမည်မဟုတ်
မိုးမခအထောက်တော် ၀၀၁
စက်တင်ဘာ ၁၃၊ ၂၀၁၀
ယနေ့ဝင်လာသည့် သတင်း တခုတွင် မိုးမခရေဒီယို ဆစ်ဒနီဝိုင်းတော်သားများ၏ အဆိုအရ သြစတြေးလျရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်သည့် ခန့်စည်သူကို ၎င်းတို့ထံတွင် ဖြော်ဖြေခွင့် ပေးလိမ့်မည်မဟုတ်ဟု ဆိုသည်။ အခြား အနုပညာရှင်များဖြင့် ၎င်းတို့၏ စတိတ်ရှိုးကို ကျင်းပရန် စီစဉ်နေကြောင်း ရေဒီယိုသတင်းတွင် မိုးမခ၀ိုင်းတော်သား ဦးပန်တျာက ထုတ်ဖော် ပြောဆိုသွားသည်။
    ယခုလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ခန့်စည်သူ၏ အင်တာဗျုးတခုကို ဖော်ပြထားရာ - ပြည်ပထွက်တာထက်စာရင် ပြည်တွင်းမှာ ကားရိုက်နေရတာက ပိုအဆင်ပြေကြောင်း၊ ပြည်ပသွားတဲ့ ရက် ၂၀ မှာ ဗီဒီယိုဆို ၂ ကား၊ ရုပ်ရှင်ဆို ၁ ကား (ပြည်တွင်းတွင်) အပြီးရိုက်နိုင်ကြောင်း၊ ပြည်ပရောက်နေချိန်မှာကတော့ ဈေးဝယ်တာ၊ လေ့လာတာကလွဲပြီး ဘာမှ လုပ်လို့ မရနိုင်ကြောင်း ဆိုထားတာကို ဖော်ပြထားသည်။ သို့ဖြစ်၍ ခန့်စည်သူအနေနှင့် ပြည်ပကို ထွက်ရောက်ရာမှာ စင်တင်ပွဲဖျော်ဖြေဖို့ကို စိတ်ထက်သန်ခြင်း မရှိသည်မှာ သိသာနေသည်ဟု ဆိုနိုင်သည်။ အတည်မပြုနိုင်သည့် သတင်းအချို့အရ စစ်အစိုးရ၏ ၀ါဒဖြန့်ကားတွင် သရုပ်ဆောင်ခဲ့သည့် လူပြက်သရုပ်ဆောင်အချို့ကို သြစတြေးလျမြန်မာတို့က ဖိတ်ရန် စီစဉ်ထားခြင်းများကို ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
ထိုနည်းတူစွာ အမေရိကန်ပြည်၊ လပ်စ်ဗေးဂတ်စ်ရောက် မြန်မာမိသားစုများကလည်း ၎င်းတို့အရပ်တွင် ၀ါဒဖြန့်သရုပ်ဆောင်နှင့် အဖွဲ့ လာရောက်ဖျော်ဖြေခြင်းကို ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုး၍ ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ လက်မှတ်ပေါင်း ၂၀၀ ကျော်ကို ယခင်သောကြာနေ့ကတည်းက စုစည်းမိကြောင်း၊ အဆိုပါ သရုပ်ဆောင်နဲ့ အဖွဲ့ကို ဗေးဂတ်စ်ကို ဖိတ်ပြီး ဧည့်ခံပွဲကျင်းပခြင်း၊ ကာရာအိုကေဖြင့် ဆိုကြ ကကြ၊ စားသောက်ကြမည့် ပါတီပွဲ ကျင်းပခြင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။
အမေရိကန်ပြည်သို့ အဆိုပါ စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်နှင့် အဖွဲ့ကို တာဝန်ယူ ခေါ်ဆောင်သူတဦးဖြစ်သည့် အယ်လ်အေမှ မသီတာ ဆိုသူက လပ်စ်ဗေးဂတ်စ်ရှိ မြန်မာအချို့ကို ဆက်သွယ်ပြီး ဧည့်ခံပွဲအစီအစဉ်တခု ကျင်းပရန် တိုင်ပင်ကြောင်း၊ ထိုမြန်မာတို့က မြန်မာမိသားစုများအကြား လိုက်လံ စည်းရုံးပြီး ငွေကြေးမတည်ရန် ဆော်သြကြကြောင်း၊ ထိုကြောင့် မိမိတို့က ကန့်ကွက်သည့် သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မိုးမခမိတ်ဆွေတဦးက ပြောကြားသည်။
“သူတို့တတွေ အမေရိကန်ရဲ့ ဘယ်နေရာကို မဆို လည်ပတ်သွားလာတာကို ဘာမှ မတားမြစ်ပါဘူး။ လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်လို့ ရပါတယ်။ ဒါပေမယ့် စစ်အစိုးရကို အားပေးအားမြှောက်ပြုနေတဲ့သူတွေကိုတော့ အားပေးတာတွေ၊ ပွဲစီစဉ်ပေးရတာတွေ မလုပ်သင့်ဘူး။ ကျနော်တို့အနေနဲ့ ဒီလိုစစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်တွေကို ဖြစ်ပေါ်လာတဲ့ အခြေအနေအရ လိုအပ်ချက်တခုအနေနဲ့ အခုလို ကန့်ကွက်ရတာ ဖြစ်တယ်။ အခုကတည်းက ကျနော်တို့က သီးခံနေရင် နောက်ပိုင်းမှာ ဒီထက် ပိုဆိုးလာမယ်၊ ရှေ့ဆက်ပြီး ပိုဆိုးလာမှာ ကျနော်တို့တတွေ စိုးရိမ်တယ်။ ကျန်တဲ့ မြို့နယ်တွေက ညီအကို မောင်နှမတွေကိုလည်း အခုလို တသွေး တသား တစိတ်တည်း ရှိကြတဲ့အတွက် ၀မ်းသာ ဂုဏ်ယူပါတယ်”
ဟု ၎င်းကပြောကြားသည်။
သြဂုတ်လဆန်းကတည်းက ဗြိတိန်သို့ နေတိုးနှင့်အဖွဲ့၊ အမေရိကန်သို့ ၀ိုင်းစုခိုင်သိန်းနှင့်အဖွဲ့၊ သြစတြေးလျသို့ ခန့်စည်သူနှင့် အဖွဲ့တို့အသီးသီး ဖျော်ဖြေရေး ခရီးစဉ်များ စတင်ခဲ့ကြရာတွင် ပြည်ပရောက် ဒီမိုကရေစီရေးနှင့် အမျိုးသားရေး တက်ကြွသူ မြန်မာများက ထိုသရုပ်ဆောင်များကို ကန့်ကွက်ဆန္ဒပြသော လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုဆန္ဒပြကန့်ကွက်မှုများမှာ ပျော်ပွဲရွှင်ပွဲများကို သာမန်ကြည့်ရှုအားပေးလိုသော မြန်မာပရိသတ်တို့နှင့် သဘောထားကွဲပြားမှု ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း မြန်မာ့အရေးလှုပ်ရှားသူများက ပရိသတ်များကို ကြိုးစားပြီး ရှင်းလင်း ပြောဆိုလျက် ရှိသည်ကို တွေ့ရသည်။
“တိုက်ဆိုင်တာပဲ ပြောမလား။ အဲသည်သရုပ်ဆောင်တွေက ကျနော်တို့ဆီကို ဖျော်ဖြေရေးတွေ လာလုပ်၊ ဟိုဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ အိန္ဒိယတို့ တရုတ်ပြည်တို့ကို ခရီးထွက် … အပြင်ကလူတွေ မနားရဘူးပေါ့”
ဟု မိုးမခပရိသတ်တဦးက စာရေးသားပြီး အမြင်ကို ပြောသည်။
ဆန်ဖရန်စစ္စကိုက လာသည့် သတင်းတရပ်အရ စစ်ဝါဒဖြန့်သရုပ်ဆောင်နှင့်အဖွဲ့ကို ဒုတိယအကြိမ်အဖြစ် ဆန်ဖရန်စစ္စကို ဒေလီးစီးတီးကျောင်းတခုတွင် ရုံသွင်းဦးမည် ဖြစ်ကြောင်း၊ ယခုစီစဉ်သူများနှင့် လက်မှတ်ဝယ်ယူနိုင်သည့် မြန်မာဆိုင်များကို ကြေညာထားကြောင်း သိရှိရသည်။

Comments

Anonymous said…
I do not understand all of you. Can restrict in freedom of other people as they like.Now, restrict in the rights each other.What is the democracy of all of you?