SPDC won 99.9% of the seats in elections

ဗိုလ်ချုပ်ကြီးတို့ ပါတီက ၉၉.၉% ဖြင့် အနိုင်ရရှိ
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
စက်တင်ဘာ ၂၈၊ ၂၀၁ဝခေါင်းပေါင်းစ တလူလူနှင့် ကြံ့ခိုင်ရေးပါတီဝင် စစ်အစိုးရ ခေါင်းဆောင်များ (photo: irrawaddy)


နိုဝင်ဘာ (၇) ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ပါတီတွေဟာ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ မဲဆွယ် စည်းရုံးမှုတွေ စတင်နေကြပါပြီ။ အဲ့ဒီပါတီတွေထဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ လွှတ်တော် သုံးရပ်လုံးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင် အရွေးခံမယ့် ပါတီကတော့ အားလုံး သိကြတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီပဲ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဆိုတာ ၁၉၉၃ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူမှုရေးအသင်း အမည်ခံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို ပါတီ အသွင် ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်းရဲ့ အမွေအားလုံးကို ဆက်ခံတယ် ဆိုတဲ့အတိုင်း အသင်းပိုင်ငွေကြေး ရန်ပုံငွေ၊ မြေယာ အဆောက်အအုံ၊ မော်တော်ယာဉ် စသည့် ပိုင်ဆိုင်သမျှ အားလုံးကို လွှဲပြောင်း ရယူခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် နိင်ငံတော်ပိုင်ပစ္စည်း၊ ပြည်သူပိုင် ပစ္စည်းတွေကို လွှဲပြောင်းရယူ အသုံးချနေတယ်လို့ ဆိုနိုင်ပါတယ်။

ဘာ့ကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ စတင် တည်ထောင်စဉ်က လူမှုရေးအသင်းလို့ အမည် ခံခဲ့ပါတယ်။ နိင်ငံတော် အကြီးအကဲနဲ့ အစိုးရအာဏာပိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ဦးဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ပိုင်ငွေ၊ ပြည်သူပိုင်ငွေကျပ် သိန်းပေါင်း ၆ဝဝဝ မ တည် ထည့်ဝင်ခဲ့တာပါ။ အဖွဲ့ဝင်တွေအဖြစ် ကျောင်းသား၊ ကျောင်းသူ၊ တပ်မတော်သားများပါ မကျန်၊ နိုင်ငံဝန်ထမ်း အားလုံးကို မဝင်မနေရ အသင်းဝင်စေခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းဝင်ကြေးနဲ့ နှစ်စဉ်ကြေးတွေ ပေးခဲ့ကြရတယ်။

ဟော ... အခုတော့ အဲ့ဒီငွေကြေး ရန်ပုံငွေတွေနဲ့ ပိုင်ဆိုင်သမျှ အားလုံးကို ကြံ့ခိုင်ရေးပါတီက မောင်ပိုင်စီးသွားခဲ့ပါပြီ။ အဲ့ဒီလို မောင်ပိုင်စီးသွားတာ၊ လွှဲပြောင်း ရယူသွားတာဟာ တရားဝင်ပါရဲ့လား။ မျှတမှုရော ရှိပါသလား။ တခါ ရွေးကောက်ပွဲ ဥပဒေပါ အချက်တွေနဲ့ရော ညီညွတ်ပါရဲ့လား စတဲ့ မေးခွန်းတွေ တသီကြီး ပေါ်လာပါတော့တယ်။

မျှတမှုရှိ မရှိ၊ ဥပဒေနဲ့ ညီမညီတော့ မသိပါ။ ခုတလော ဂျာနယ်တွေထဲမှာ ကြံ့ခိုင်ရေးပါတီက ဒေသခံပြည်သူတွေ၊ တောင်သူလယ်သမားတွေကို ငွေထုတ်ချေးနေတဲ့သတင်းတွေ ဖတ်နေရ၊ တွေ့နေရပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင်တော့ ၂ဝ၁ဝ စက်တင်ဘာလ (၁ဝ) ရက်နေ့ ထုတ် Weekly Eleven ဂျာနယ်မှာ ရွေးကောက်ပွဲ အကြိုကာလတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ထုတ်ချေး'' ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း တပုဒ် ဖတ်လိုက်ရပါတယ်။ သိန်းပေါင်း ရှစ်သောင်းတဲ့။ နည်းနည်းနောနော ပမာဏ မဟုတ်ပါ။ ဒါက ရန်ကုန်တိုင်း တခုတည်းမှာ ထုတ်ချေးသုံးစွဲတဲ့ ပမဏပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကျပ်သိန်းပေါင်း ဘယ်နှစ်သိန်းများ ရှိမလဲ ဆိုတာ စဉ်းစားသာကြကြည့်ပါတော့။

ဒီလောက်များပြားတဲ့ ငွေတွေ ဘယ်ကရပါသလဲ။ ၁၉၉၃ ခုနှစ်ကတည်းက ကြံ့ခိုင်ရေး အသင်းကို တည်ထောင်ခဲ့တာပါ၊ ဘာ့ကြောင့် အခုမှ ငွေတွေ ထုတ်ချေးရတာလဲ၊ ၂ဝ၁ဝ ကျမှပဲ လူမှုရေးစိတ်ဓာတ်တွေ နိုးကြားပြီး ပြည်သူ့အကျိုးကို သယ်ပိုးချင်စိတ်တွေ ဖြစ်ပေါ်လာရတာလဲ၊ အဖြေက ဗေဒင်မေးနေစရာ မလိုအောင် ရှင်းပါတယ်။ မဲရချင်လို့ပါ။ ရွေးကောက်ပွဲမှာ နိုင်ချင်လို့ပါ။ အခုလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးတဲ့အနေနဲ့ အခုလို ကျပ်သိန်းပေါင်း သောင်းနဲ့ချီ သုံးစွဲခွင့်ရော ရှိပါသလား။ ရွေးကောက်ပွဲ ဥပဒေက ကိုယ်စားလှယ်လောင်း တယောက်အတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ကျပ်သိန်းတရာသာ အသုံးပြုရမယ်လို့ ကန့်သတ်ထားရုံတင်မကပါဘူး။ အဲ့ဒီငွေဟာ ဘယ်ကလာသလဲ။ ဘယ်ကရသလဲ ဆိုတာ စာရင်းပြကြရမှာပါ။ တနည်းအားဖြင့် ငွေဖြူဖြစ်ကြောင်း ရှင်းလင်း တင်ပြရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီဟာ ကိုယ်စားလှယ်လောင်း အများဆုံး၊ ဒါအပြင် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကလေးတွေ ဦးဆောင်နေတာမို့ လုပ်ပိုင်ခွင့်ကလည်း အရှိဆုံး ဆိုတာ ရှင်းနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ နိုဝင်ဘာ (၇) ရက်ဆိုပေမယ့် ရွေးကောက်ပွဲအဖြေက အခုကတည်းက ထွက်နေပြီလို့ ဆိုနိုင်ပါတယ်။

၉၉.၉% နဲ့ ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားကြောင်းပါဗျာ။

မူရင်း - ဗွီအိုအေ မြန်မာဌာန
http://www.voanews.com/burmese/news/

Comments

maykoko said…
သိပ်မှန်တဲ့ အကြောင်းတွေပေါ့ဗျာ။
အရမ်းကောင်းပါတယ်။
ဒီလိုပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်တတ်တဲ့ အကြောင်းတွေ ထပ်သိခဲ့မယ်ဆိုရင်လဲ အမြဲတမ်းပြောပြပေးပါဦး။
ကျေးဇူးပါပဲဗျာ။
maykoko said…
သိပ်မှန်တဲ့ ပြောချက်ပေါ့ဗျာ၊၊
သိပ်ကိုကောင်းပါတယ်၊၊
ဒီလိုမျိုး အပြောတစ်မျိုး အလုပ်တစ်မျိုး ထောက်ပြနိုင်တဲ့အကြောင်းအရာမျိုးတွေရှိရင် တင်ပေးပါ။
ကျေးဇူးတင်ပါတယ်။
maykoko said…
This comment has been removed by the author.
Unknown said…
It is not good just to teasing this and that only. All people in Myanmar should consider about the basic reasons of political problems in Myanmar. For me, all tribal groups need to have their own identity and rights in the country. All Burmese people should know that Burmese people is only one of tribal people in Myanmar. If Myanmar is Burma, then it is needed to change "Myanmar" to something which covers for all tribal groups in Myanmar. It is clear that Burmese people has one country, one name and one centred people; fightings in the country will not be finished.