World Peace Day in Rangoon

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနား ရန်ကုန်တွင် ပြုလုပ်၊
နိုင်ငံရေးသမားတချို့ တက်ရောက်

ဘားမားပါပါရာဇီ
စက်တင်ဘာ ၂၂၊ ၂၀၁၀

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့က အလုံမြို့နယ် နွယ်နီလမ်းရှိ NLD မြို့နယ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင် ဒီမိုကရေစီအင်အားစုများဖြင့် ကျင်းပခဲ့သည်။

နံနက် ၁၀ နာရီအချိန်တွင် ပင့်ဖိတ်ထားသော သံဃာတော် ၅ ပါးက ငါးပါးသီလပေးပြီး မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ် ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်ကြသည်။
ထို့နောက် ကိုလူမော်လတ်၊ မ၀င်းမော်ဦး(၈၈ကျဆုံး)၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက သံဃာများကို လှုဖွယ်ဝတ္ထုများ၊ သင်္ကန်းများ ဆက်ကပ် လှုဒါန်းခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ ကျောင်းသား/သူ အပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်း၌ မတရား ဖမ်းဆီး အကျဉ်းချထားခြင်း ခံနေရသော ရဟန်း သံဃာများ၊ နိုင်ငံရေးသမားများ၊ ကျောင်းသား လူငယ် မျိုးဆက်သစ်များ အမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာ ဆုတောင်း မေတ္တာ ပို့သကြသည်။

ထို့နောက် သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ် လှုဒါန်းကြသည်။ ဧည့်ပရိသတ်ကို ဧည့်ခံ ကျွေးမွေးသည်။

ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်က တစ်ကမ္ဘာလုံး၊ ငြိမ်းချမ်းပါစေခြင်း အတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့သည်။

ရဲရဲတောက် ဦးသိန်းအောင်(ရွှေပြည်သာ)က “ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး”၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က “ငြိမ်းချမ်းရေးတမန်တော်” ၊ ကဗျာဆရာ ဘုန်းကျော်က “ပြည်သူတွေကို ညှာတာပါ” စသည့် ကဗျာတို့ကို ရွတ်ဖတ်ကြသည်။


အခမ်းအနား တက်ရောက်သူများ၊ ဦးစီး ကျင်းပသူ ကိုလူမော်လတ်

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဦးစီး ကျင်းပသူ ကိုလူမော်လတ်က - “ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိဘဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့ အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီ လမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ် ဆွမ်းကပ်လှုပြီး မေတ္တာပို့သ၊ အမျှပေးဝေချင်လို့ပါ။ ကျွန်တော့် အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့် အဖေက အလုံမြို့နယ် NLD ဥက္ကဋ္ဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော်မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့် အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး” ဟု ပြောသည်။

Comments