Burma internet shutdown in daytime ahead of the elections

သတင်း အချက်အလက်များ ပြည်ပသို့ မထွက်စေရန် အင်တာနက်ကို နေ့ခင်းဘက် ဖြတ်တောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၃၁၊ ၂၀၁၀AFP သတင်းဌာနက ရိုက်ကူးထားသော ရန်ကုန်မှ အင်တာနက် ဆိုင်ရှေ့ မြင်ကွင်း တခု။ အင်တာနက်က အင်တာပျက် ဖြစ်နေသောကြောင့် ဆိုင်အတွင်း ဂိမ်းကစားခြင်းသာ ပြုလုပ်နိုင်သည်။

ယခုလ ၂၅ ရက်နေ့ ၀န်းကျင်မှ စတင်ကာ အင်တာနက် ဆက်သွယ်မှုကို နေ့ခင်းပိုင်းတွင် ဖြတ်တောက်ထားပြီး ညဦးပိုင်းနှင့် ညနက်ပိုင်းတွင်သာ ဖွင့်ပေးလျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် အခြား နယ်မြို့များတွင် လုံးဝ နီးပါး ပြတ်တောက်နေသည်ဟုလည်း မွန်ပြည်နယ် မော်လမြိုင်မြို့မှ သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယခုကဲ့သို့ ဖြတ်တောက်ရခြင်းမှာ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း သတင်း အချက်အလက်များ ပြည်ပမီဒီယာများသို့ မရောက်ရှိစေရန် ကြိုတင် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြည်တွင်းမှ အင်တာနက် သုံးစွဲသူ အချို့နှင့် သတင်းထောက်များက ယူဆနေကြသည်။

အင်တာနက် ဆက်သွယ်မှု ရသည့် အချိန်အတောအတွင်းမှာပင် မကြာခဏ ပြတ်တောက်ခြင်း ဖြစ်ပေါ်လျက်ရှိရာ ဖိုင်များ အင်တာနက်ပေါ် အောင်မြင်စွာ မတင်နိုင်စေရန် တမင်ရည်ရွယ် ဆောင်ရွက်နေသည့် သဘောဟု အင်တာနက် ကျွမ်းကျင်သူ တဦးက ပြောသည်။

စစ်အစိုးရ၏ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက 7Day ဂျာနယ်အား အင်တာနက် ဆက်သွယ်မှု တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယခုလို ရွေးကောက်ပွဲ အကြိုကာလနှင့် တိုက်ဆိုက်လွန်းသည့် အချက်နှင့် နေ့အချိန်တွင် ဆက်သွယ်မှု မရသော်လည်း ညဦ.းပိုင်းနှင့် ညနက်ပိုင်းတွင် ရရှိနေခြင်းအတွက် တိုက်ခိုက်ခံရသည် ဟူသော အကြောင်းပြချက်ကို မယုံကြညိကြခြင်း ဖြစ်သည်။

နယ်မြို့များတွင်မူ နေ့ရောညပါ လုံးဝ သုံးစွဲမရသလောက် ဖြစ်နေပြီး အင်တာနက် ကဖေးများမှာ နက်ဝေါ့ခ် ဂိမ်းဆော့ရန်အတွက်သာ ဖွင့်လှစ်ထားရသည့် အနေအထားဖြစ်သည်ဟု မော်လမြိုင်မြို့မှ ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်း ဖြစ်စဉ်ကလည်း အင်တာနက်ကို သီတင်းပတ် ၂ ပတ်ခန့် ဖြတ်တောက်ထားခဲ့ပြီး နောက်ပိုင်းရက်များတွင် ညသန်းခေါင် ကဲ့သို့သော အချိန်မျိုးတွင် သုံးစွဲနိုင်ခဲ့သည်။

အင်တာနက် မသုံးမဖြစ်သည့် စီးပွားရေး လုပ်ငန်းများ အတွက် ထိုကဲ့သို့ ညဘက်တွင် အချိန်ပိုင်း ဖွင့်ပေးသည့် သဘောဖြစ်သည်ဟုလည်း သုံးစွဲသူများက ယူဆလျက်ရှိသည်။

Comments