စင်္ကာပူက မြန်မာများကလည်း ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ
မိုးမခအထောက်တော် စင်္ကာပူ
အောက်တိုဘာ ၂၆၊ ၂၀၁၀
မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချပွဲများကို ကမ္ဘာတလွှား နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ စင်္ကာပူနိုင်ငံတွင်လည်း လာမည့် အောက်တိုဘာလ ၃၀ ရက် (စနေနေ့) ညနေ ၄ နာရီမှ ၅ နာရီအတွင်း စပီကာ ကော်နာ (Speakers’ Corner)၌ “ဖရီးဘားမားကမ်ပိန်း - စင်္ကာပူ” မှ ဦးဆောင်၍ မြန်မာစစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြမည်ဖြစ်ကြောင်း၊ ထိုပွဲတွင် စင်္ကာပူနိုင်ငံသားများနှင့် စင်္ကာပူရှိမြန်မာနိုင်ငံသားများအား ပူးပေါင်းပါဝင်ကြရန် အင်တာနက်စာမျက်နှာများ၊ ဘလော့ဂ်များ၊ အီးမေးလ်များနှင့် ဖေ့စ်ဘွတ်စာမျက်နှာများမှတဆင့် တိုက်တွန်း နှိုးဆော်ထားသည်ကို တွေ့ရသည်။
အဆိုပါ ကန့်ကွက်ပွဲသို့ တက်ရောက်ကြမည့်သူများအား မြန်မာပြည်သူ ပြည်သားများနှင့် တသွေးတသားထဲရှိခြင်း အထိမ်းအမှတ်အဖြစ် အနီရောင် တီရှပ်များကို ဝတ်ဆင်လာကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။
မြန်မာစစ်အစိုးရသည် လာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရန် ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ စစ်အစိုးရက ချမှတ်ထားသော ရွေးကောက်ပွဲဥပဒေများအရ အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတခု မဖြစ်လာနိုင်တော့သည်မှာ အထင်အရှားပင်ဖြစ်သည်ဟု နိုင်ငံတကာနှင့် မြန်မာမိသားစုများက ထုတ်ဖော်ပြောဆိုလျက်ရှိသည်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား အများအပြားမှာ စစ်အစိုးရ၏ မတရား ချုပ်နှောင် ဖမ်းဆီးထားခြင်းကို ခံနေရဆဲဖြစ်ကြောင်း၊ တဖက်တွင်လည်း မြန်မာပြည်သူများမှာ စစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်း၊ အနှောက်အယှက်ပေးခြင်း တို့အောက်တွင် အစဉ်သဖြင့် စိုးရိမ်ကြောင့်ကြစွာ နေထိုင်နေရဂကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများနှင့် တသွေးတသားတည်းရှိကြောင်း ပြသရန်အတွက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။ မြန်မာပြည်သူတို့၏ ဆန္ဒအစစ်အမှန်ကို မထင်ဟပ်သော အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို လာရောက် ကန့်ကွက်ရှုတ်ချကြပါရန် တိုက်တွန်း ထားသည်ကိုလည်း တွေ့ရပါသည်။
ကြွေးကြော်သံမှာ “စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲ အလိုမရှိ” ဟူ၍ဖြစ်သည်။
Facebook event page –
Comments