မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတိုင်းဟာ ပြည်ပမှာလည်း တစ်စုံတစ်ရာ ဂယက် ရိုက်ခတ်မှု ရှိတန်သလောက် ရှိတယ် ဆိုတဲ့ အကြောင်း ဒီတစ်ခါ စကားသင့်လို့ ထပ်ပြောပရစေဦး။
ခုတလော ပြည်ပမှာ၊ အဝေးရောက် မြန်မာတွေကြားမှာ၊ ပြည်တွင်းက နအဖ ဝါဒဖြန့် မဟုတ်တမ်းတရမ်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားအပေါ် အခြေခံပြီး အဝေးရောက် ရွှေမြန်မာတွေ အချင်းချင်း အမြင် မတူတာလေးတွေ၊ အယူအဆ ကွဲတာလေးတွေ၊ အခြေအတင် ပြောဆိုငြင်း ခုန်မှုလေးတွေ ဟိုကဒီက ထွက်ပေါ်လာတယ် ဆိုပါတော့ဗျာ။
တည့်တည့် ပြောရရင်တော့၊ ခုလောလောဆယ် အမေရိကားကို ဖြေဖျော်ရေး ခရီးစဉ်အနေနဲ့ ရောက်ရှိနေတဲ့ မြန်မာ ရုပ်ရှင်မင်းသား မင်းသမီးတွေ တချို့နေရာ၊ တချို့မြို့တွေမှာ ဆန္ဒပြခံနေရတယ် ဆိုတဲ့ ကိစ္စပါပဲ။ ဆန္ဒမပြတဲ့ မြို့ကလည်း မပြဘူးပေါ့ ဗျာ။ ဒါ ထားလိုက်တော့။
ဒီနေရာမှာ အဝေးရောက် မြန်မာတွေကြား သဘောထား နှစ်မျိုး ကွဲထွက်လာပါတယ်။ ပထမ သဘောထားက- ပြည်တွင်းက ရုပ်ရှင်အနုပညာသည်တွေ ရပ်တည် ကျင်လည်နေကြတဲ့ အခြေအနေတွေ၊ အကြောင်းကြောင်းတွေ၊ အကျပ်အတည်းတွေကို ငဲ့ညှာ ထောက်ထားပြီး၊ သူတို့အပေါ် တစ်စုံတစ်ရာ နားလည် ခွင့်လွှတ်ပေးစေချင်တဲ့ သဘော ရှိပါတယ်။
ဒုတိယ သဘောထားကတော့ -ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် နအဖ ဝါဒဖြန့် ပေါ်လစီ ရုပ်ရှင်မှာ ဝင်ရောက် သရုပ်ဆောင်တဲ့ ဘယ်အနုပညာရှင်ကို မဆို ခွင့်မလွှတ်သင့်ဘူး၊ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်ဆိုတဲ့ သဘောပါ။
မူအားဖြင့်တော့ ကျနော်တို့ဟာ နအဖစစ်အစိုးရရဲ့ ဝါဒဖြန့် ယန္တရားမှန်ရင် ဘယ်ယန္တရားကိုပဲ ဖြစ်ဖြစ် ဆန့်ကျင်ရမှာ အမှန်ပါပဲ။ နအဖရုပ်ရှင်မှ မဟုတ်ပါဘူး။ နအဖ သီချင်းတွေ၊ နအဖ ရုပ်မြင်သံကြားတွေ၊ နအဖ ရေဒီယိုတွေ၊ နအဖ သတင်းစာတွေ၊ နအဖ ဂျာနယ်မဂဇင်းတွေ အားလုံးကို ကျနော်တို့ မလွဲမသွေ မုချ ဆန့်ကျင်ကြရမှာပါပဲ။
ဒါဟာ မူအားဖြင့် ဘုံရန်သူနဲ့ ပတ်သက်လာရင် ကျနော်တို့ ပြည်သူတွေဘက်က မမှိတ်မသုန် ခံယူထားရမယ့် တိုက်ပွဲအမြင်ပဲ ကိုဒေါင်း။ သို့သော်... လက်တွေ့ပိုင်းမှာ ကျတော့၊ ဘုံရန်သူနဲ့ တစ်တန်းစားတည်း ထားပြီး ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေ၊ ကုန်ကုန် ဆိုပါတော့ဗျာ၊ စာရေးဆရာ ကဗျာဆရာတွေလည်း အပါအဝင်ပေါ့၊ ဒီခေတ်ဆိုး ခေတ်ကျပ်ထဲမှာ တစ်နည်းမဟုတ်တစ်နည်း နအဖ စစ်အုပ်စုနဲ့ ပတ်သက်မိတဲ့ အနုပညာရှင်တွေအပေါ်မှာ၊ ကျနော်တို့ဟာ ဘုံရန်သူ ဖြစ်တဲ့ နအဖ စစ်အုပ်စုနဲ့ ရောထွေးပြီး၊ နအဖစစ်အုပ်စုနဲ့ တစ်တန်းစားတည်း ထားပြီး ဆန့်ကျင် တိုက်ခိုက်လို့ မဖြစ်ဘူး ဆိုတဲ့ လက်တွေ့ အခြေအနေတွေ၊ လက်ငင်း အနေအထားတွေကလည်း ရှိသေးတယ် မဟုတ်လား ကိုဒေါင်း။
ဥပမာပေါ့ ဗျာ၊ ကျနော် ဥပမာအနေနဲ့ ပြောတာပါ၊ ဒီလောက်တောင် ပြည်သူကို စော်ကားတဲ့၊ ဖက်ဆစ်ဝါဒ မှိုင်းတိုက်တဲ့၊ ဒီမိုကရေစီ အရေးတော်ပုံတွေကို အသရေ ဖျက်ထားတဲ့ အဲဒီ နအဖ ဝါဒဖြန့်မုသာဝါဒ ပေါ်လစီ ရုပ်ရှင်ဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာနဲ့ အဲဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မိတဲ့ ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဦး ဆိုပါတော့ ဗျာ၊ သူတို့နှစ်ယောက်ကို အတူ ကြိုးစင်တင်ရမယ် ဆိုတာကတော့ မဟုတ်သေးဘူး ထင်တယ် ကိုဒေါင်း။
အဝေးရောက်နေတဲ့ ဂန္ထဝင် အနုပညာရှင်ကြီး အဆိုတော် ဒေါ်မာမာအေး ပြောဖူးတဲ့ စကား ရှိပါတယ်။ "ပြည်တွင်းက အနုပညာရှင်တွေရဲ့ ဘဝက ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့ အောက်မှာ မလွတ်မလပ် ရုန်းကန် ကျင်လည်နေရတာပါ။ နအဖ စစ်အုပ်စုရဲ့ အမျိုးမျိုးသော ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေ၊ အရေးယူ အပြစ်ပေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ မလွန်ဆန်နိုင်တဲ့ အကြောင်းတွေကြောင့် နအဖစစ်အုပ်စုနဲ့ မပတ်သက်ချင်ဘဲ ပတ်သက်ကြရတဲ့ အခြေအနေတွေလည်း ပြည်တွင်းက အနုပညာရှင်တွေ ကြုံတွေ့နေရတာပါ။ ဒါကြောင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအနေနဲ့ အနုပညာရှင်တွေ အပေါ်မှာ လွယ်လွယ်နဲ့ အပြစ်တင် မစောမိကြဖို့ အထူးပဲ မေတ္တာရပ်ခံပရစေ"တဲ့။ ဒါ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ သဘောထားပါ။
အခုဟာ က နအဖစစ်အုပ်စုရဲ့ အနုပညာ လုပ်ကြံမှုကြီးက ကျနော်တို့ ပြည်ပက အဝေးရောက် မြန်မာတွေကြားမှာ အချင်းချင်း အငြင်းပွားစရာ၊ အချင်းချင်း စိတ်ဝမ်းကွဲစရာ ဖြစ်သွားတာပါပဲ ကိုဒေါင်း။ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာတယ်လို့ ဆိုနိုင်တာပေါ့ ဗျာ။ တကယ်က ဒီအချိန်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီကနေ့ သေရေးရှင်ရေး ပြဿနာက ရွေးကောက်ပွဲကိစ္စပဲ မဟုတ်လား။ နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့၊ သပိတ်မှောက်ဖို့က ကျနော်တို့ အဓိက အလုပ်ပဲ မဟုတ်လား။
ဒီနေရာမှာ ဘုံရန်သူနဲ့ တည့်တည့် ရင်ဆိုင်ဖို့ မကြိုးစားဘဲနဲ့၊ ဘုံရန်သူ မဟုတ်တဲ့ တချို့တချို့သော အနုပညာသည်တွေ အပေါ်မှာ ခွင့်မလွှတ်စတမ်း သဲသဲမဲမဲ ဝိုင်း ဆန့်ကျင်နေတာကတော့ နည်းနည်း ပစ်မှတ်လွဲနေတယ်လို့ ကျနော်ထင်တယ် ကိုဒေါင်းကြီး။ ဒီလို ပစ်မှတ်လွဲနေတာမျိုးကို နအဖ စစ်အုပ်စုက ကြိတ်ပြီး ဝမ်းသာနေမှာ ပေါ့ ကိုဒေါင်းရာ။
ဒါကြောင့် ကျနော့်အနေနဲ့ ပြောချင်တာက၊ ပြည်တွင်းက အနုပညာရှင်တွေအပေါ်မှာ ခွင့်လွှတ် နားလည်ပေးနိုင်သလောက် ခွင့်လွှတ် နားလည်ပေးပါ။ သူတို့ကို ပညာပေးရမယ့် အပိုင်း ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပညာပေးပါ။ အနုပညာရှင်တွေနဲ့ ကျနော်တို့ ပြည်သူတွေဟာ ရန်သူတွေ မဟုတ်ကြတဲ့ အတွက် အချင်းချင်း အကြေအလည် ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ် ဆိုရင် ပြဿနာ မပြေလည်စရာ ဘာအကြောင်းမှ မရှိပါဘူး။
အနုပညာရှင်တွေဘက်ကလည်း နောက်နောင်ပြည်သူကို စော်ကားသလို ဖြစ်စေမယ့် အနုပညာလုပ်ရပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါခဲ့တယ်၊ ဘယ်လောက် သမိုင်းဝင် ခဲ့တယ် ဆိုတာ ပြန်သတိရကြပါ။
အနုပညာရှင် အားလုံးကို လေးစားလျက်-
အောင်ဝေး
သြဂုတ်၃၁-၂ဝ၁ဝ။

[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

Comments
ခင်ဗျားရင်းနှီးကျွမ်းဝင်တဲ့ အနုပညာရှင်တချို့ကို ထောက်ထားပြီး ကာဆီးကာဆီး လုပ်ပေးနေလိုက်တာ။ ခင်ဗျားစာထဲမှာ ကိုးကားထားတဲ့ အမေရိကန်နိုင်ငံက ဂီတဂန္တဝင်ကြီးရဲ့ပြောစကားကြောင့် ပြစ်ပြစ်နှစ်နှစ်ကြီး အဆဲခံနေရတော့မယ်ဆိုတာ ကြာရောင်နေမိတယ်။ ငါ့ကို စစ်အစိုးရက အပစ်ရှာနေတဲ့အထဲ အောင်ဝေးဆိုတဲ့အကောင်လုပ်လိုက်လို့ ဘယ်လိုလုပ် ဗမာပြည်ပြန်ရတော့မလဲတို့။ ငါ့သားသမီးတွေကို ဒုက္ခသွားပေးနေကြဦးမယ်တို့ဆိုတာတွေ။ နားစွင့်ကြည့်လိုက်ပါဦးလေ။ စစ်အစိုးရ အာနည်းချိန်မှာ ခြံစည်းရိုးပေါ်ကလူတွေ ကျုပ်တို့ကို တခဲနက်အားပေးခဲ့ကြတာကိုလည်း မမေ့သေးပါဘူးဗျာ။ ကျုပ်တို့အခြေအနေမကောင်းတာနဲ့ ချက်ချင်းဘက်ပြောင်းသွားကြတာကိုလည်း နားလည်ခွင့်လွှတ်ခဲ့ပြီးသားပါ။ ဒါထက်ပိုပြီး ကျုပ်တို့ခေါင်းပေါ်ကို ချေးမယိုကြပါနဲ့လို့ ခင်ဗျားအသနားပိုနေတဲ့ သီးခြားလွှာကလူတန်းစားတွေကို သတိပေး တားမြစ်လိုက်ပါရစေ။
ပြည်သူထဲက ပြည်သားတယောက်။
Good and I love to read your article as it is the real one. Some people should understand the real situation in Burma. Your article was posted on later date as it was the real one. Ask most Burmese people in US do like to see the concerts and will not support people protesting Wine Suu Khaing Thein.
We love Ko Aung Way, Ko Myo Chit and Ko Myint Thein.