Regime New Flag to raise today


နိုင်ငံတော်အလံ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် နိုင်ငံတော်သီချင်း ဥပဒေ အစရှိသည်တို့ကို ထုတ်ပြန်၊ အခြေခံဥပဒေ အတည်မဖြစ်မီ ကြိုတင်ပြောင်းလဲ
ဝင်းမြတ်၊ ရန်ကုန်
အောက်တိုဘာ ၂၁၊ ၂၀၁၀
 ယနေ့ မွန်းလွဲ ၃ နာရီတွင် နအဖ စစ်အစိုးရက ရုံးများ ကျောင်းများရှိ နိုင်ငံတော် အလံကို ၂၀၀၈ အခြေခံဥပဒေပါ အလံသစ်ဖြင့် အစားထိုးလဲလှယ်ရန် ရုတ်တရက် ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။
          ထိုညွှန်ကြားချက်အရ တနိုင်ငံလုံးရှိ ရုံးများ၊ ကျောင်းများမှ ၁၉၇၄ ခုနှစ်မှစတင်သုံးစွဲခဲ့သည့် အနီရောင် စပါးနှံအလံအစား ကြယ်ပွင့်ကြီး တပွင့်ပါသည့် သုံးရောင်ခြယ် အလံဖြင့် အစားထိုးလဲလှယ်ခဲ့သည်ကို တွေ့ရှိရသည်။ ရန်ကုန်မြို့ရှိ ကျောင်းများ၊ အစိုးရရုံးများတွင်လည်း မွန်းလွဲ ၃နာရီဝန်းကျင်တွင် တပြိုင်နက်ထည်း အခမ်းအနားဖြင့် လဲလှယ်လွှင့်ထူခဲ့ကြသည်ဟု ရန်ကုန်မြို့မှ ရုံးဝန်ထမ်းများနှင့် ကျောင်းဆရာများ၏ ပြောဆိုချက်အရ သိရှိရသည်။
          ထိုသို့ အလံလဲလှယ်မည့် အကြောင်းကို ညနေ ၃နာရီတွင် မြန်မာ့အသံနှင့် MRTV 4, Myanma Radio and Television 4 တို့မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။ နအဖ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ၏ ကြေညာချက် အမှတ် ၈၊ ၉၊ ၁၀တို့ဖြင့် အလံ၊ သီချင်းနှင့် အမှတ်တံဆိပ်တို့ကို ပြဌာန်းလိုက်ကြောင်း ကြေညာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတိုင်း၊ နယ်မြေနှင့် တိုင်းဒေသကြီး အမည်ပြောင်းစဉ်က ကြေညာသကဲ့သို့ပင် အခြေခံဥပဒေ အတည်မဖြစ်မီ ကြိုတင်လုပ်ဆောင်ဖို့ လိုအပ်သည့်အရာများအား လုပ်ဆောင်ခွင့်ပြုသည့် အခြေခံဥပဒေသစ်တွင် ဖေါ်ပြထားသည့် ပုဒ်မ ၄၄၃ အရအတည်ပြု ပြဌာန်းပြီး လဲလှယ်သည့်သဘောဖြစ်သည်ကို တွေ့ရသည်။ 
 
         ၂၀၀၈ ခုနှစ် မေလက ဆန္ဒခံယူပြီး အတည်ပြုခဲ့သည့် အခြေခံဥပဒေ အရ မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ၂ပတ်အလိုတွင် ယခုကဲ့သို့ အလံ၊အမှတ်တံဆိပ်နှင့် သီချင်းတို့ကို အတည်ပြု ခဲ့ခြင်းဖြစ်သည်။ 

Comments