Friends of MoeMaKa Media Award = 600 Political Prisoners supported by NLD


၂၀၁၁ အတွက် မိုးမခမိတ်ဆွေများ ဆု = အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀
မိုးမခ
ဇန်န၀ါရီ ၃၀၊ ၂၀၁၁

၂၀၁၁ ခုနှစ် နှစ်သစ် မိုးမခမိတ်ဆွေများ (မိုးမခချစ်သူများ) ဆု ထုတ်ပြန်ဖို့ စဉ်းစားနေခဲ့ကြပါတယ်။ ၂၀၁၁ နှစ်သစ်မှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နဲ့ ဦးတင်ဦးတို့နဲ့ တကွသော အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုတွေကို အခြေခံပြီးတော့ သင့်တော်မည့် လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
သည်နှစ်အတွက် မိုးမခမိတ်ဆွေများဆုကို အင်န်အယ်ဒီ လူမှုထောက်ကူအဖွဲ့က တာဝန်ယူ ထောက်ကူမှုပေးနေတဲ့ အားပေးကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀ စလုံးကို ပေးဖို့ သဘောထားထုတ်ပြန်လိုပါတယ်။ မိုးမခရဲ့ ရန်ပုံငွေထဲကနေ အင်န်အယ်ဒီက စာရင်းပြုစုကူညီနေတဲ့ အကျဉ်းသား ၆၀၀ ဦးစလုံးကို တဦးလျင် ၁ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၆၀၀ ကမကထပြုပြီး ဂုဏ်ပြုကြမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲသည် ဂုဏ်ပြူမှုကို သဘောကျလို့ မိုးမခရဲ့ မိတ်ဆွေတွေ၊ အလှူရှင်တွေကလည်း ၀ိုင်းပြီး တကျပ် တပြား ထည့်ဝင်ကြမယ် ဆိုရင် အဲသည် အလှူငွေတွေကို တစုတဝေးတည်း စုပေါင်းလို့ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအကျဉ်းသားများကို ထောက်ကူနေတဲ့အဖွဲ့ကနေတဆင့် ဂုဏ်ပြု ချီးမြှင့်လိုက်မှာ ဖြစ်ပါတယ်။
ယခု သတင်းကြေညာလိုက်တဲ့ အချိန်ကစပြီး ၇ ရက်အတွင်း ရသလို ရှိသလောက် အလှူငွေကို မတည်ပြီးတော့ ၂၀၁၁ မိုးမခမိတ်ဆွေများ - မြန်မာပြည်က နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို အင်န်အယ်ဒီရဲ့ လူမှုထောက်ကူမှုအဖွဲ့ကတဆင့် လှူဒါန်းလိုက်မယ် ဖြစ်တယ်။
မိတ်ဆွေတို့ဆီက ရတဲ့ အလှူနဲ့ ထပ်ပေါင်းလို့ ဒေါ်လာ ၁၂၀၀ ရရင် တဦးကို ၂ ဒေါ်လာနှုန်းနဲ့ လှူနိုင်မှာ ဖြစ်ပါတယ်။ ရအောင်၊ ရောက်အောင် တာဝန်ယူပြီး လှူမယ်လို့ မိုးမခ၀ိုင်းတော်သားတွေက ဆုံးဖြတ်ထားတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့လည်း လာမည့် လတိုင်း လတိုင်းမှာ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့ အကူအညီတောင်းခံထားတဲ့ နိုင်ငံရေးအကျဉ်းသားကူညီမှုကို တတ်အားသ၍ ဆက်လုပ်သွားမယ်။ ထုတ်ပြန်သွားမယ်လို့လည်း အသိပေးချင်ပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး အရေးတော်ပုံကြီးရဲ့ အခြေခံအုတ်မြစ်တွေထဲမှာ စွန့်လွှတ်အနစ်နာခံနေသူ သူရဲကောင်းတွေ၊ မိသားစုတွေ၊ ကျောင်းသားလူငယ်တွေ ရှိပါတယ်။ အဲသည်ထဲမှာ သူတို့တွေဟာ ယုံကြည်ချက်ကြောင့် စွန့်လွှတ်အနစ်နာခံသူတွေ ဖြစ်ပါတယ်။ သူတို့တွေနဲ့အတူ လက်တွဲရပ်တည်မှုဟာ သူတို့တတွေနဲ့ ဒီမိုကရေစီအရေးအတွက် ထောက်ခံမှု၊ အားပေးမှုကို ပြသတာ ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးတော်ပုံ ပန်းတိုင်သို့ ခြေလှမ်း တလှမ်း ရှေ့သို့ ချလိုက်တာ ဖြစ်ပါတယ်။
            မိုးမခရဲ့ ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက လစဉ်အလှူ ဒေါ်လာ ၇၀၀၊ ၈၀၀ ကျော် လှူဒါန်းနေတာ ရှိပါတယ်။ အခု အင်န်အယ်ဒီဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကူညီမှုဟာ သီးခြား တာဝန်ယူမှု ဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ မိုးမခမိတ်ဆွေတွေရဲ့ အားပေးမှုနဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
            ရန်ကုန်က ပါတီဌာနချူပ်ရုံးမှာ ကိုယ်ထိလက်ရောက် စိတ်ရော ကိုယ်ပါ ကူညီနိုင်ဖို့ မဲနှိုက်နေကြသလိုမျိုး နှိုက်ချင်ကြတယ် ဆိုရင်လည်း အကျဉ်းသားစာရင်း နံပါတ်များနဲ့ အဝေးရောက်ကူညီသူများက အဝေးရောက်ကူညီမှုကို တတ်နိုင်သမျှ ပမာဏာနဲ့ ဆောင်ရွက်နိုင်အောင်လည်း လုပ်ပေးမယ် စဉ်းစားထားပါတယ်။ ဒါကတော့ ရှေ့လာမယ့် လတွေ အတွက်ပါ။
နောက်တခုကတော့ ဘုံ အများကူညီမှုအဖြစ် အမှတ်စဉ် ၁ ကနေ ၆၀၀ အထိ အကုန်လုံးကို ဖြန့်ပြီး ကူညီမှုပေးနိုင်အောင် အဝေးရောက်မြန်မာတွေက လစဉ် တတ်နိုင်သလောက် အမှတ်စဉ်လေးတွေနဲ့ ၀င်လှူပေးကြလို့လည်း ရပါတယ်။ တဦးကို အမေရိကန် ၅ ဒေါ်လာပဲ ကူသွားပါ။ ဒီလတော့ ကျနော်တို့ ကျမတို့က ၅ ဦး တာဝန်ယူသွားမယ်။ နောက်လတော့ နိုင်သလောက် ဆက်သွားမယ်ဆိုရင် ကျနော်တို့ မိုးမခမိတ်ဆွေတွေ အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို လစဉ် အဝေးရောက် ကူညီမှုကို လက်ဆင့်ကမ်း ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အရေးကို လက်လှမ်းမီရာ ဆောင်ရွက်ကြဖို့၊ လက်တွဲကြဖို့ ပြောတယ်။ ပြီးတော့ နီးစပ်ရာ နက်ဝပ်တွေ ကွန်ယက်တွေ ဖွဲ့ကြဖို့ ပြောတယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေရသူတွေကို အနီးကပ် ကိုယ်ရော စိတ်ပါ ကူညီကြဖို့ မဲနှိုက်ပြီး တာဝန်ယူကြဖို့ တိုက်တွန်းပါတယ်။ အခု ကျနော်တို့ကလည်း ကိုယ်စဉ်းစားမိသလောက်နဲ့ အဝေးရောက်ကူညီမှုတွေကို ထူထောင်ပြီး အင်န်အယ်ဒီရဲ့ ချိတ်ဆက်မှုရှိနေတဲ့ အကျဉ်းသားမိသားစု ကွန်ယက်ထဲက လူဦးရေ ၆၀၀ ကို ကူညီနိုင်ရမယ်လို့ ထင်မြင်မိတယ်။
ဘေးဧရိယာက လူမှုထောက်ကူပြုအဖွဲ့သားတွေ၊ အင်န်အယ်ဒီ အယ်လ်အေ ယူအက်စ်အေက မိတ်ဆွေတွေ၊ နီးစပ်ရာ မြို့နယ်စုတွေက မိတ်ဆွေတွေ၊ အမျိုးသားရေး အဖွဲ့အစည်းတွေကို သည်စာကလေးနဲ့ တိုက်တွန်းနှိုးဆော် လက်ဆင့်ကမ်းလိုက်ပါတယ်။
အလှူရှင်တွေကို စာရင်းနဲ့ တကွ၊ လက်ခံရရှိတဲ့ ငွေကြေးကို စာရင်းနဲ့ တကွ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ မိုးမခ စာနယ်ဇင်းအဖွဲ့အနေနဲ့ကလည်း မိမိရောက်ရာ နေရာဒေသတွေမှာ ပြခန်းလေးတွေ၊ ပြပွဲလေးတွေ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ လှုံဆော်မှုတခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကူညီမှု ရန်ပုံငွေပွဲတွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
အားလုံးကို ကြိုဆိုပါတယ်။
သင့်
မိုးမခ မီဒီယာ
ဇန်န၀ါရီ ၃၀၊ ၂၀၁၁

Comments