My Acedamy Sein - No Acedamy according to me

အကယ်ဒမီ မကြို
မိုင်အကယ်ဒမီစိန်
ဇန်န၀ါရီ ၁၁၊ ၂၀၁၁
ရွေးကောက်ပွဲပြီးပြီးနောက်မှာ အစိုးရအသစ်တက်မယ်၊ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲမယ်ဆိုတဲ့ မျော်လင့်ချက်များဟာဖြင့် တက်တက်စင်အောင်လွဲနေပြီလို့ ဆိုရမှာပါပဲ။ ဘာမှမဖြစ် ဘာမှမထူးခြားတဲ့ သည်နှစ်နိုင်ငံရေးကို သည်မြန်မာလူမျိုးတွေကတော့ အကယ်ဒမီပေးပွဲကို တက်ကြပေလိမ့်ဦးမယ်။ မြန်မာအနုပညာသည်များဟာလည်း ဘာမှမဖြစ်သလို ဘာမှမခံစားရသလိုနဲ့ သူတို့ရဲ့မဟာနေပြည်တော်မှာ တက်ရောက်ကြပေဦးမယ်။ လှပဆန်းသစ်တဲ့ အပြင်အဆင်များ၊ ဗန်းကိုင် လင်ပန်းကိုင် ပန်းစည်းကိုင်များဟာလည်း ဘာခံစားချက်မှမရှိသလို တက်ရောက်ကြဦးတော့မယ်။
ကြောက်လို့ပါ မလွန်ဆန်နိုင်လို့ပါ ဆိုတဲ့ အကြောင်းပြချက်များနဲ့ သည်နှစ်အကယ်ဒမီပွဲကြီး အောင်မြင်အောင် ၀န်ထမ်းများ အနုပညာသည်များကလည်း ၀ိုင်းဝန်းကာ အားဖြည့်ပါဝင်ကြလိမ့်ဦးမယ်။
ဘာစိတ်ဓါတ်မှမရှိ ဘာမှစဉ်းစား ဥာဏ်မရှိတဲ့ ပရိသတ်များအင်အားနဲ့ နေပြည်တော်အကယ်ဒမီပေးပွဲဟာဖြင့် စည်ကားသိုက်မြိက်စွာ ကျင်းပကြတာကို မြန်မာရုပ်မြင်သံကြားကနေ တိုက်ရိုက်လွှင့်ထုတ်တာကိုလည်း ဟောသည်ပရိသတ်ကြီးက အားပါးတရ ကြည့်ရူအားပေးကြပေဦးတော့မယ်။
နေပြည်တော်ဆိုတာ မြန်မာပြည်သူလူထုကို နှိပ်စက်ဖို့လ တဖက်တလမ်းက ပါဝင်ကပြနေတယ်ဆိုတာ သိသိကြီးနဲ့ ရန်ကုန်မြို့မှာ ကျင်းပသင့်တဲ့ သည်အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ အနိုင်ယူကျင်းပမှန်းသိရက်နဲ့ကို အားပေးတဲ့ပရိသတ်များကလည်း လက်မ၂၀ ပတ်လည် လက်မ ၃၀ ပတ်လည် ရုပ်မြင်သံကြားဖန်သားပြင်မှာ ပါဝင်ခွင့်ရရင်ကိုပဲ ကျေနပ်နေကြပီကောလား။
အနုပညာသည်များ အားလုံးနီးပါးဟာ အရုဏ်ဦးမှာလည်း ကြာတွေဖူးပွင့်ဝေဆာပြီးကြပါပြီ။ အစိုးရရဲ့စစ်ဖိနပ်အောက်မှာလည်း မနာမကြင်နဲ့ အပြုံးပန်းများ ဝေေ၀ဆာဆာနဲ့ အကယ်ဒမီများကိုလည်း တက်ယူကြဆင်နွဲကြပါဦးမယ်။ ပရိသတ်ကလည်း အားပေးကြသကိုး။ စစ်အစိုးရလည်း အချိန်က ကုစားလို့ သူ့ပရိသတ်နဲ့သူ သက်ဇိုးရှည်နေတာ ဆိုတော့လည်း အနုပညာသည်များကလည်း သည်အတိုင်း ဆက်လျောက်တော့မှာပေါ့လေ။ သည်အစိုးရနဲ့ သည်ပြည်သူလူထု လိုက်လည်း လိုက်ဖက်ပါပေရဲ့။
အခုခေတ် မြန်မာပြည်မှာ မြန်မာပရိသတ် အားပေးနေတာ ကိုရီးယားကားများသာ ဖြစ်ပါတယ်။ မြန်မာဗီဒီယိုကားများကို ပြတောင် မပြတော့ပါဘူး (အဲ … ကြော်ငြာမရလို့ပါတဲ့)။ သည်တော့ မြန်မာမင်းသား မင်းသမီးများလည်း သေချာစဥ်းစားကြည့်ရင် ရှက်ဖို့တော့ ကောင်းပါတယ်။ မြန်မာမင်းသား မင်းသမီးလုပ်နေပြီး မြန်မာ့တီဗီဖန်သားပြင်မှာ နေရာမရတဲ့အဖြစ်ဟာ ဘာကြောင့်လို့ ထင်ပါသလဲ။ မြန်မာ့ရုပ်မြင်သံကြားဆိုတာ ကိုယ့်ဗမာပြည်က အနုပညာသည်တွေအတွက်ပဲ ဖြစ်ရမှာ မဟုတ်လားခင်ဗျာ။ အခုတော့ ကိုရီးယား မင်းသား မင်းသမီးများဟာ မြန်မာပရိသတ် အားပေးနေလိုက်တာများ ကိုယ့်တိုင်းပြည်က သူတွေကျနေတာပါပဲ။ မြန်မာမင်းသား မင်းသမီးများအနေနဲ့ သည်အဖြစ်ကို လက်ခံထားလိုက်ရတာ ကြာပြိမဟုတ်လား။ ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။ ကိုရီးယားဘယ်မင်းသား မင်းသမီးအကြောင်းကိုပဲ စိတ်ဝင်စားကြပြီး မြန်မာပြည်က မင်းသား မင်းသမီးတွေ နေရာမရှိတာ ကြာပြီပေါ့။ ဂျာနယ်မဂ္ဂဇင်းများမှာ ကြံဖန်ပြီးတော့သာ နေရာယူနေရတယ်။ အမှန်တော့ ကိုရီးယားမင်းသား မင်းသမီးတွေကို မမီတော့ဘူးပါဘူး။
လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ ကျော်က ရုပ်ရှင်များကို မြန်မာပရိသတ် စွဲလန်းခဲ့ပုံများကို အခုခေတ်က အနုပညာသည်များ ပြန်ကြည့်ရင် ရှက်စရာပါပဲ။ ရုပ်ရှင်မင်းသား မင်းသမီးများကို တကယ်ချစ်ခဲ့ အားပေးခဲ့တာပါ။ အခုတော့ မဂ္ဂဇင်း ဂျာနယ်များမှာ တွေ့ရတာတွေက မင်းသား မင်းသမီးများရဲ့ အချစ်ရေး အိမ်ထောင်ရေး ဖက်ရှင်ရေး လူမူရေးကိစ္စများပဲ ဖြစ်ပါတယ်။ အနုပညာရေးရာတို့ ရုပ်ရှင်များ ကိစ္စများဟာလည်း ဘေးရောက်ကုန်ပါပြီ။ ပြတယ် ပြောတယ် ဆိုဦးတော့ ဒါတွေဟာ အပေါ်ယံများပဲ ဖြစ်ပါတယ်။
အခုခေတ် မင်းသား မင်းသမီးများ အ၀တ်အစားများ လျှပ်ပေါ်လော်လီတာတွေဟာ မြင်မကောင်းပါဘူး။ ဒါတွေကို တီဗီဖန်သားပြင်မှာ ဖုံးရဖိရနဲ့ ပြသနေတာတွေလည်း တွေ့ရပါတယ်။ အစကတည်းက သည်လို မ၀တ်စေနဲ့ပေါ့ဗျာ။ အခုတော့ မှုံဝါးဝါး ဖြစ်သွားတာ၊ ကာလိုက်တာတွေဟာ တကယ်တော့ ဘာသဘောလဲ မသိပါဘူး။ ဒါမျိုးတွေ ၀တ်စားပြီး ပရိသတ်ဆွယ်ရတာတော့ အခုခေတ်ရဲ့ ရေစီးပဲ ထင်ပါရဲ့။
မြန်မာ့ရုပ်မြင်သံကြားတွေရဲ့ အခြေအနေလေးကိုငဲ့ပြီး ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။ တီဗီမှာ တွေ့နေရတာတွေက ကြော်ငြာများ၊ အစီအစဉ်ကြေငြာသူများ၊ ပစ္စည်းကြော်ငြာများသာ ဖြစ်ပါတယ်။ အင်တာဗျူးများကို ကြည့်လိုက်ဦး။ အ၀တ်အစား ဖိနပ် ပိုက်ဆံအိတ် ဟင်းဖုန်းများကို ကြွားပွဲကြီး ကျင်းပနေကြတာပဲ တွေ့နေရပါတယ်။
ဒါကို အဟုတ်ကြီးထင်ပြီး အနုပညာသည်ဆိုတဲ့ အမည်ကိုခံယူပြီး အကယ်ဒမီကို ညာယူလိုက်ကြတာကတော့ ဘယ်သူ့အတွက်ပါလဲ။ သတ္တိရှိရှိနဲ့ပဲ မြန်မာ့ရုပ်မြင်သံကြားမှာ တစ်ပတ် တစ်ရက်လောက်ပဲ ကိုယ့်ဇာတ်လမ်းအသစ် အခန်းဆက်ကားလေး ပြခွင့်ရရင် ပရိသတ်ဆီက အုတ်ခဲမရရင်ကိုပဲ တော်သေးတယ် ဆိုတဲ့ သည်ခေတ်ကြီးပါဗျား။
ကိုင်း … လိုရင်းကိုပဲ ပြောပါတော့မယ်။ အနုပညာသည်များကို နားလည်ပါသော်လည်း အခုတော့ သိပ်နားမလည်ပေးနိုင်တော့ပါဘူး။ မိုင်အကယ်ဒမီစိန်တယောက် မတက်လို့ အကယ်ဒမီပေးပွဲ မပျက်ပါဘူး။ ပရိသတ်တယောက်လောက် လျော့တာ ဘာအရေးလဲခင်ဗျ။ သည်နှစ်တော့ နေပြည်တော်ကို တက်ရောက်တဲ့ အနုပညာသည်များစာရင်းနဲ့ မတက်ရောက်တဲ့စာရင်းကိုတော့ လက်တို့ထားလိုက်ပါ့မယ်။ ဒီစစ်စိုးရကပေးတဲ့ အကယ်ဒမီကိုယူချင်သပါ့ဆိုလည်း တက်ယူကြပေါ့။
ပရိသတ်ကပေးတဲ့ အကယ်ဒမီမှ မဟုတ်ပဲ။
ဒါကို ပရိသတ်က ပေးတာပါလို့ ပြောရင်တော့ ဇာဂနာကို သတိရလိုက်ကြပါဦး။ မင်းသိင်္ခကိုလည်း မမေ့လိုက်ပါနဲ့။ ကျော်သူ့ကိုလည်း ချန်မထားနဲ့။
သည်အနုပညာသည်များဟာ သူတို့အအောင်မြင်ဆုံးအချိန်မှာ ဒီအောင်မြင်မှုများကို စွန့်လွှင့်သွားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပရိသတ် အပြည့်အ၀ လက်ခံ ရယူထားရတဲ့အချိန်မှာ မြန်မာလူထုအတွက် ရပ်တည်လိုက်ကြသူတွေဖြစ်ပါတယ်။
သူတို့သာ အခုလက်ရှိအနုပညာသည်တွေလို အစိုးရအကြိုက် လိုက်နေမယ်ဆိုရင် အကယ်ဒမီဆုတွေ များစွာချိတ်ပြီး Best Seller Writer, Best Actors တွေ ဖြစ်နေရောပေါ့။ အဲသည်အတွက် သူတို့ရဲ့ပေးဆပ်မူကို နည်းနည်းတော့ အသိအမှတ်ပြုဖို့တော့ ကောင်းပါတယ်။
မိုင်အကယ်ဒမီစိန်ကတော့ သည်နှစ်အကယ်ဒမီကိုတော့ဖြင့် မကြို။
အကယ်ဒမီ မကြို
အကယ်ဒမီ မကြို။
(မှတ်  ချက်။  သည်နှစ် အကယ်ဒမီကို မိုင်အကယ်ဒမီ မကြိုဆိုပါ။ သို့ပါ၍ မိုးမခက တင်ဖို့ဆန္ဒရှိရင် တခြားတစ်ယောက်ကိုသာ ရေးခိုင်းလိုက်ပါရန်။)

Comments

Anonymous said…
thanks exchange for this tips
pmu
turf