အုတ္ခဲတင္တ့ဲကား ဘယ္သူပုိႛလုိက္တာလဲ
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁
(အထွေထွေ မကျေနပ်မှုတွေ သိပ်များနေတဲ့ မြန်မာပြည်မှာ ဆန္ဒပြပွဲတွေ ဖြစ်လာမှာလား။
ဖြစ်လာမယ် ဆိုရင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုကို နာမည်ဖျက်တာမျိုးတွေနဲ့ ကြုံရမလား။
အောက်တိုဘာ ၂၇၊ ၂၀၀၇ နေ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)

ဇာနည်ဝင်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁
(အထွေထွေ မကျေနပ်မှုတွေ သိပ်များနေတဲ့ မြန်မာပြည်မှာ ဆန္ဒပြပွဲတွေ ဖြစ်လာမှာလား။
ဖြစ်လာမယ် ဆိုရင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုကို နာမည်ဖျက်တာမျိုးတွေနဲ့ ကြုံရမလား။
အောက်တိုဘာ ၂၇၊ ၂၀၀၇ နေ့ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)
ပြီးခဲ့တဲ့လ သံဃာ့လှုပ်ရှားမှုတွေကို ဘယ်သူတွေ ဘယ်လောက် ဖုံးဖုံး တနိုင်ငံလုံး၊ တကမ္ဘာလုံး သိသွားပါပြီ။ ဓာတ်ပုံ၊ ရုပ်မြင်သံကြားသတင်း တို့ကို ကြည့်ရသူတွေကတော့ ဖြစ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း တွေ့ခဲ့ကြရပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့က ဖြစ်ရပ်တွေကိုပါ။
ရန်ကုန်မှာရောက်ရှိနေတဲ့ အယ်လ်ဂျာဇီးယားသတင်းဌာန သတင်းသမား(တွေ)ကလည်း လျှို့ဝှက်ကင်မရာ သုံးပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဆူးလေဘုရားနားမှာ၊ ရွှေတိဂုံခြေရင်းတို့မှာ ဆန္ဒပြပုံတွေကို ရုပ်မြင်သံကြားသတင်းတွေအဖြစ် ထုတ်လွှင့်လိုက်ပါတော့တယ်။ http://moemaka.blogspot.com/2007/10/inside-myanmar-crackdown-10-oct-07-part_11.html မှာ ပြန်ကြည့်နိုင်ပါတယ်။
ဆန္ဒပြပုံတွေ၊ အာဏာပိုင်တွေရဲ့တုန့်ပြန်ပုံတွေကို မှတ်တမ်းတင်နေသူ
အယ်လ်ဂျာဇီးယားသတင်းထောက် Tony Birtley
ရုပ်သံသတင်းမှာတော့ သံဃာတွေ၊ အရပ်သားတွေ ဆန္ဒပြ ချီတက်ပုံ၊ အာဏာပိုင်တို့ရဲ့ ဖြိုခွင်းပုံတို့ကို တွေ့ရပါတယ်။ ဆူးလေဘုရားနားမှာ လုံထိန်းတွေက ကားလမ်းကိုပိတ်ထားတာ၊ ဆန္ဒပြသူတွေလူစုခွဲဖို့ အသံချဲ့စက်နဲ့ အသိပေးနေတာတွေ တွေ့ရ ကြားရပါတယ်။ "ဆယ်မိနစ်သာ အချိန်ပေးပါမယ်ခင်ဗျား" တဲ့။
မေတ္တာပို့ ချီတက်ဆန္ဒပြတဲ့ သံဃာတွေကတော့ အဲဒီနေရာမှာ မရှိတော့ပါဘူး။ သို့ပေမယ့် အခြေအနေ တင်းမာပြီး ကျန်ရစ်ခဲ့ပါတယ်။ ဆန္ဒပြတာကို လေ့လာသူ၊ ဖြတ်သွားဖြတ်လာ ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။ သတင်းထောက်လည်း အဲဒီနေရာက ထွက်ခဲ့ပါပြီ။ မီးပွိုင့်မှာ ရှိတဲ့ ယာဉ်ထိန်းရဲအဆောက်အဦလေးရဲ့ မှန်ပြတင်းတွေကို အုတ်ခဲကျိုးတွေနဲ့ ပစ်ခတ်ဖျက်ဆီးတာလည်း ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။
အုတ်ခဲတွေ ရန်ကုန်မြို့လယ်ခေါင်လမ်းမတွေပေါ်ကို ဘယ်လို ရောက်လာပါသလဲ။ ရုပ်သံသတင်းမှာတော့ အုတ်ခဲတင်တဲ့ ကုန်ကားတစ်စီး လမ်းဆုံမှာ ရပ်ထားတာရယ်၊ ကားပေါ်က လူတချို့က အုတ်ခဲတွေ ကားလမ်းမပေါ် တဖွဲဖွဲပစ်ချနေတာတွေရယ် မြင်ရပါတယ်။
အုတ်ခဲတွေ လမ်းပေါ်ကျတော့ လက်ထဲဆုပ်ကိုင်ပြီး ပစ်လို့ကောင်းတဲ့ အရွယ်အစားတွေ ဖြစ်သွားပုံပါပဲ။ ရပ်ကြည့်သူတွေထဲက တချို့လည်း အုတ်ခဲကျိုးတွေ ပြေးကောက်ကြတာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ အော်ဟစ်သံလည်း ကြားရပါတယ်။ "ဟေ့ကောင်တွေ မလုပ်နဲ့လို့ပြောနေတယ်ကွာ" တဲ့။ သူ့အသံက စိုးရိမ်တဲ့လေသံတွေအပြည့်ပါ။ သူတားတာကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။
တချို့က လုံထိန်းတွေရှိတဲ့ဘက်ကို အုတ်ခဲနဲ့ ပစ်ပေါက်ကြပါတယ်။ လုံထိန်းတွေအဖို့တော့ သူတို့ရှေ့ကို တဖွဲဖွဲရောက်လာတဲ့ အုတ်ခဲကျိုးတွေကိုကြည့်ရင်း ရိုက်နှက်ဖို့ ပစ်ခတ်ဖို့ ဖမ်းဆီးဖို့ အမိန့်ပေးသံကို နားစွင့်နေကြဖို့များပါတယ်။ အုတ်ခဲကျိုးတွေကျလာတာကိုကြည့်ရင်း ဒေါသတွေထွက်၊ ရိုက်နှက်ချင်စိတ်၊ ရိုင်းစိုင်းတဲ့စိတ်တွေလည်း တဖွားဖွားပေါ်နိုင်ပါတယ်။
သူတို့ပစ်လိုက်တဲ့ အုတ်ခဲကျိုးတွေက လုံထိန်းတွေကို ထိပါ့မလား။ အကွာအဝေးက ကိုက် ၂ဝဝ လောက်တော့ ရှိပါတယ်။ မကြာခင်မှာ သေနတ်သံတွေကြားရ၊ ပြေးလွှားတာတွေ တွေ့ရပါတယ်။
ဆန္ဒပြသူတွေအကြား အုတ်ခဲတင်တဲ့ကားရောက်လာခြင်းဟာ အာဏာပိုင်တွေရဲ့ စီစဉ်မှုလို့တော့ ရာနှုန်းပြည့်ပြောလို့ ရပါ့မလား။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ သွားနေတဲ့ကားလည်း ဖြစ်နိုင်တာပါပဲ။ ဆယ်မိနစ်အတွင်း လူစုခွဲပါ ဆိုတဲ့အသံတွေ၊ တင်းမာနေတဲ့ အခြေအနေတွေ၊ သေနတ် မောင်းတင်ထားတဲ့ စစ်သားတွေ၊ လုံထိန်းတွေကို တွေ့ပါလျက်နဲ့ အန္တရာယ်ကိုမစိုးရိမ်တဲ့ ကားသမားရော ရှိပါသလား။ ကားက မီးပွိုင့်တည့်တည့်မှာ စိမ်ပြေနပြေရပ်ပြီး အုတ်ခဲချခဲ့တာပါ။
"လုံခြုံရေးဝန်ထမ်းတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလို့ မလွှဲမရှောင်သာဘဲ ပစ်ခတ်ရတဲ့အထိ ဖြစ်လာပါတော့တယ်" ဆိုတဲ့ သတင်း ထုတ်ပြန်ချက်တွေ ကြားရတော့မယ် ထင်ပါရဲ့။ ။
Comments