Dr Maung Ba Chit – Way Out (II)

ကမ္ဘာ့လက်ရွေးစင် ဘောသမားများ
ဒေါက်တာ မောင်ဘချစ်
မတ် ၂၆၊ ၂၀၁၁

“ကျွန်တော် ထွက်ခဲ့တာ မှားလား”

မောင်ဘချစ် အမေရိကရောက်တော့ မိတ်ဆွေတွေကော၊ လူငယ်တွေရော မေးလေ့ရှိတဲ့စကားပါ။ မိမိဒေသမှ ခွဲခွာလာသူအများသည် တတ်နိုင်သမျှ အားတင်းထားကြသော်လည်း တခါတခါ အားငယ်လှသည်။ မိဝေး ဖဝေးသူများလည်း ရှိကြသည်။ အမိနိုင်ငံမှ ခွဲခွာရသော ခံစားချက်များသည် ဖြေလို့မပြေနိုင်ပါ။ သူတို့ကို စဉ်းစားစရာတွေကို ပေးရပေမည်။

“ခင်ဗျားတို့ လင်ကွန်းကို သိလား”

“သိတာပေါ့ဗျာ၊ သူ့လောက်ကြီးကျယ်တဲ့ အမေရိကန်သမ္မတကို မသိရင် ဘယ်သူ့ကိုသိရမှာလဲ”

“သူ ဘယ်မှာမွေးလဲ။ဘယ်လို အိမ်မှာမွေးလဲ”

“သစ်တုံးအိမ်မှာလေ။ Log House မှာပေါ့ဗျာ”

သစ်တုံးအိမ်သည် တခေတ်က ဆင်းရဲသောသူများနေထိုင်ရာ အိမ်ဖြစ်သည်။


“ဟုတ်ပါတယ်။ သူ ဘာကြောင့် သမ္မတဖြစ်လာလဲ သိလား”

“ဆိုပါဦး”

“သူ အဲဒီ သစ်တုံးအိမ်ထဲက နေထွက်လာလို့ပါပဲ”

“ခင်ဗျာ”

သူ စဉ်းစားနေသည်။ အတန်ကြာမှပြောသည်။

“မရှင်းဘူးခင်ဗျ”

“သူ ငယ်ငယ်က တောအုပ်ထဲမှာပဲ နေထိုင်ကြီးပြင်းရတယ်။ လင်ကွန်းဟာ စာသင်ဖို့ ၅ မိုင်ကျော် လျှောက်ရတယ်။ သူနေတဲ့အရပ်မှာ ကျောင်းမရှိဘူး။ သူ စာမသင်နိုင်ဘူး။ ဒါတောင် သူဟာ တနှစ်ထဲ ကျောင်းနေခဲ့ရတယ်”

“ခင်ဗျား ဆိုလိုတာက”

ကျွန်တော် အဖြေမပေးပါ။ သူ့ဖာသာသူ ဖြေသည်။

“သူ သစ်တုံးအိမ်က ထွက်လာတာ မှန်သလို ကျွန်တော် ထွက်လာတာ မှန်တာပေါ့။ ဟုတ်လား”

“မှန်ပါတယ်။ ဘုရားဟောတဲ့ ၅၅၀ နိပါတ်တော်ထဲက ပုံတကို ပြောပြမယ်။ တခါက လိပ်တစ်ကောင်ဟာ ရွာနဲ့ခပ်လှမ်းလှမ်း ရေကန်တခုမှာ နေသတဲ့။ တနှစ်မှာ ရေကန်က ရေဟာ ထူးထူးခြားခြား ခမ်းလာသတဲ့။ ဒီတော့ အခြားရေနေသတ္တဝါတွေဟာ ပိုပြီးရေများတဲ့ရေ ကန်တွေကို ပြောင်းရွှေ့တယ်။ ဒါပေမယ့် လိပ်ကတော့ မိမိအရပ်ကို မစွန့်ကောင်းဆိုပြီး ဒီကန်မှာပဲ နေသတဲ့။ ရေတွေ အားလုံးခမ်းသွားတော့ လိပ်ဟာ တွင်းတူးပြီး တွင်းထဲမှာ ရေနဲ့နေတယ်။ အပေါ်က နုံးတွေနဲ့ အပ်ထားတာပေါ့။ နောက်ဆုံး နုံးတွေခြောက်ကုန်ပေမယ့် လိပ်ဟာ မသေဘူးပေါ့။ ဒီ ကန် ခမ်းခြောက်တာကို ရွာကလူတွေသိတော့ နောင် ဒီလိုမခမ်းအောင်ဆိုပြီး ကန်ကို ခပ်နက်နက်တူးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရွာကလူတွေ လာရောက်တူးကြတော့ စောစောက ကံအောက်ခြေမှာ တွင်းတူးနေတဲ့လိပ်ကို ပေါက်ပြားနဲ့ပေါက်မိပြီး လိပ်ဟာ သေသွားလေသတဲ့”

“ဒါမျိုးဖြစ်တတ်တာပဲ”

“ဒါကြောင့် ဇာတိအရပ်ဆိုပြီး တွယ်တာတိုင်းလည်း မကောင်းဘူးလေ”

“ဟုတ်ကဲ့ဆရာ။ ကျွန်တော်လည်း ဒီလိုပဲစဉ်းစားနေတာ”

ထိုရက်က နွေဦးကာလဖြစ်သည်။ ကျွန်တော်နှင့်သူ အအေးသောက်ရင်း စကားတွေအတော်လေး ပြောမိပါသည်။

“ဒီရောက်တော့ အထိုက်အလျောက် လေ့လာအားထုတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ”

“အားထုတ်လို့ကော ဘာတွေဖြစ်လာမှာလဲ ဆရာ”

“ဘာလို့ဒီလိုပြောရတာလဲ”

“ကျွန်တော်တို့ဟာ ဒီမှာမမွေးတော့ ဘယ်လိုမှ သမ္မတဖြစ်လာမှာမှ မဟုတ်တာ”
“မင်း မဖြစ်နိုင်ပေမယ့် ဒီမှာမွေးတဲ့ မင်းရဲ့သားသမီးတွေ ဖြစ်လာနိုင်တာပဲ။ မင်း စဉ်းစားကြည့် ရုပ်ရှင်မင်းသား အားနိုး (Arnold Schwarzenegger) ဆိုရင် ဒီမှာမမွေးလို့ သမ္မတ မဖြစ်ပေမယ့် မြို့တော်ဝန်တော့ဖြစ်တာပဲ။ မက်ဒရင်းအောဘရိုက်လည်း ဒီလိုပဲလေ။ သူလည်း refugee ပါပဲ”
“တကယ်”
“တကယ်ပေါ့ကွ၊ အမေရိကန်တွေထဲမှာ ကမ္ဘာမှာ ထင်ရှာကျော်ကြားပြီး နာမည်အင်မတန်ကြီးတဲ့ refugee တယောက်မက ရှိတယ်။ အဲဒီ refugee ထဲက တယောက်ကိုကြားရင် မင်း အံ့အားသင့်သွားမယ်”

“ဘယ်သူလဲ ဆရာ”

“အယ်လဘတ် အိုင်းစတိုင်းပေါ့”

“ခင်ဗျာ၊ နိုဘဲလ်ဆုရတဲ့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းပေါ့ ဟုတ်လားဆရာ”

“ဟုတ်တယ်လေကွာ။ ၂၀ ရာစုမှာထိပ်တန်းမှာရှိတဲ့ သိပ္ပံပညာရှင်ပေါ့။ ဂျာမနီမှာ နာဇီတွေ အာဏာရလာတဲ့အချိန်မှာ ဂျူးတွေကို ရန်ရှာတယ်။ အိုင်းစတိုင်းဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးလာတဲ့ refugee ပါပဲ။ သူဟာ ပရင်စတန်မှာ ဆရာလုပ်ရတာပါ”

“အင်း … သူလည်း ပြေးရတာပါပဲ”

“ဒါပေါ့ကွာ ပြေးစရာမြေရှိလို့ တော်သေးတာပေါ့။ မက်ဒလင်းအောဘရိုက် (Madeline Albright) ဆိုရင်လည်း ယနေ့ ချက်နိုင်ငံလို့ ခေါ်တဲ့ Czech Republic မွေးတယ်။ ကွန်မြူနစ်တွေ အာဏာရလာတော့ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးရောက်ရှိလာတာပဲ။ ဒီမှာ ဘီကလစ်တန် သမ္မတဖြစ်တဲ့အချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တာ”

“refugee တွေထဲမှာ ထင်ရှားတဲ့သူတွေ အများကြီးပဲနော်”

“ဒါပေါ့ကွာ။ ဘယ်သူမဆို ကိုယ်တတ်နိုင်တာလေးကို လုပ်ကြတာပဲ။ မင်းစဉ်းစားကြည့် ကောလင်း ပါဝယ်ဆိုရင်လည်း ဒီအတိုင်းပဲလေ။ သူ့အဖေက immigrant။ သူက လူမည်း။ ဒီမှာ ကျောင်းနေတယ်။ စာအတော်ကြီး မဟုတ်ဘူး။ စည်းကမ်းရှိတယ်။ ပထမဦးဆုံး လူမည်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာ”

“ဒါပေမယ့် ဆရာ။ ကိုယ့်နိုင်ငံလေးကိုတော့ လွမ်းတယ်”

“လွမ်းတယ်ဆိုရင်လည်း နာစရာလေးတွေနဲ့ ဖြေရတာပေါ့”

“အင်း … လွမ်းတာကို နာစရာလေးတွေနဲ့ ဖြေရတယ်ဆိုတာ ရှေးကလည်း ကြားဖူးပါတယ်”

“ဟုတ်ပါတယ်။ ဒါပေမယ့် ဒို့မြန်မာတွေအကြားမှာ ပွင့်လင်းမှုတွေရှိဖိုကတော့ လိုတယ်”

“သဘောထား မတိုက်ဆိုင်ကြဘူး ဆရာ”

“ဒီမိုကရေစီမှာ ဒီလိုပဲလေ။ ဒါပေမယ့် ရည်ရွယ်ချက် တူကြပါတယ်။ မိမိကိုယ်ကို တည်ဆောက်မယ်။ မိသားစုရှိရင်လည်း မိသားစုကို တည်ဆောက်မှာပေါ့။ ပြီးရင် တိုင်းပြည်အကျိုး သယ်ပိုးမယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စိတ်တော့ရှိကြတာပါပဲ”
“ဆရာပြောတော့ ကျွန်တော်တို့က ကမ္ဘာမှာ မြန်မာကွ ဆိုတာဖြစ်အောင် ကြိုးစားချင်လာတယ်”

“အေးကွာ အလွန်အကျွံလည်း မဖြစ်စေနဲ့၊ စစ်တပ်က အာဏာရလာတော့ နေရာတကာ သူတို့က လူကြီးပေါလေ။ တချိန်မှာ မြန်မာ့လက်ရွေးစဉ်အသင်းက နိုင်ငံခြားသွားပြီး ဘောလုံးကန်ဖို့လုပ်တော့ အားကစားဝန်ကြီး စစ်ဗိုလ်လူထွက်ပေါ့ … စကားပြောရတယ်။ သူက မင်းတို့တတွေဟာ တချိန်က မြို့နယ် လက်ရွေးစင်တွေ ဖြစ်တယ်။ နောက် တိုင်းနဲ့ပြည်နယ် လက်ရွေးစဉ်တွေ ဖြစ်လာတယ်။ ခု မင်းတို့ဟာ နိုင်ငံဂုဏ်ဆောင်မယ့် မြန်မာ့လက်ရွေးစဉ်တွေ ဖြစ်လာပြီ။ ဒီလိုကြိုးစားတဲ့ရလဒ်ကို မင်းတို့တွေ့ရပြီ၊ ဒါကြောင့် ရှေ့ဆက်ပြီး ကမ္ဘာ့လက်ရွေးစင်ဖြစ်အောင် ကြိုးစားကြပါလို့ မိန့်ခွန်းပြောတော့တာပဲ”

“ဟုတ်ကဲ့ဆရာ၊ သူပြောတာ ဘာမှားလို့လဲ”

“ရုတ်တရက်တော့ မှားမှန်းမသိပါဘူး။ မြန်မာလူထု သန်း ၅၀ (အဲဒိတုန်းက) ဟာ ဘာမှမသိလိုက်ကြဘူး။ သိတဲ့သူလည်း နည်းနည်းပဲ ရှိတာပေါ့”

“ဆရာကလည်း ကျွန်တော်လည်း မသိဘူးလေ၊ ပြောပြပါဦး”

“မြို့နယ်လက်ရွေးစင်၊ တိုင်းနဲ့ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်တော့ ဟုတ်ပါပြီ။ ဘောသမားတွေ ယှဉ်ပြိုင်ကန်လို့ ရတယ်လေ။ တကယ်လို့ ကမ္ဘာ့လက်ရွေးစင်ဖြစ်လာရင် ဘယ်သူနဲ့ ကန်မှာလဲ။ အင်္ဂါဂြိုဟ်က ဂြိုဟ်သားတွေနဲ့ သွားကန်မှာလား”

“ရယ်ရတယ် … ဗြဲ” … … ။ ။


Comments