Dr Maung Ba Chit - Way Out

ရရင် လုပ်တာပေါ့
ဒေါက်တာ မောင်ဘချစ်
မတ် ၁၃၊ ၂၀၁၁

မောင်ဘချစ် အမေရိကရောက်တော့ refugee များစွာနှင့် ဆုံခဲ့ရသည်။

ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရိုင်ရှမ်း အားလုံးလိုလို တွေ့သည်။ မြန်မာ refugee တွေကတော့ အများဆုံးဖြစ်သည်။

“ကျွန်တော်တို့ထွက်လာတာ မှန်လားဆရာ” တဲ့။

သူတို့ကသူတို့လုပ်ရပ်တွေကို မှန်မမှန် စိစစ်လိုသည် (Justify လုပ်ချင်ကြသည်) သဘောထားတွေကို ကြားချင်သည်ကို သဘောပေါက်နိုင်ပါသည်။

“မှန်ပါတယ်။ ဒီရောက်တော့ အထိုက်အလျောက် လေ့လာအားထုတ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”
“အားထုတ်တာပေါ့ ဆရာရယ်။ ဒီရောက်တော့ ကြောက်လည်း ကြောက်တာကိုး”

“အင်း ကြောက်ရွံ့တာကနေ ကင်းအောင်တော့ လုပ်ဖို့လိုတယ်”

“ဒါက ခက်တယ်နော်”


“ကိုယ်ကိုယ်တိုင် မှန်နေမယ်၊ ဥပဒေကိုလည်း နားလည်ထားမယ်ဆိုရင် မကြောက်ရပါဘူ့း။ မှားနေရင်တော့ ကြောက်ရမှာပေါ့လေ”

“ငတ်မှာတော့ ကြောက်တယ်ဆရာ”

မောင်ဘချစ်က သူပြောတာကို ရယ်မိပါသည်။ ဖျားနာမှ ကြောက်။ သေမှာ ကြောက်၊ ငတ်မှာ ကြောက်တာကတော့ လူတိုင်းပါပဲ။

“ကျုပ်ကတော့ သကြားရှောင်တယ်”

အချို့က ဆီးချို ကြောက်ကြသည်။

“ကျွန်မကတော့ ဟင်းသီးဟင်းရွက်ပဲစားတယ်”

သူ့ကျတော့ ဝ,မှာ ကြောက်သည်။

“ကျွန်တော် စာမရသေးဘူး”

သူကတော့ စာမေးပွဲကျမှာ ကြောက်သည်။

လူတွေက အကြောက်တရားနှင့် ကင်းနိုင်ခဲသည်။

အိုခြင်းကို ကြောက်သည်။ နာခြင်းကို ကြောက်သည်။

သေခြင်းကိုလည်း ကြောက်ကြပါသည်။

သို့သော် ဒီကလူတွေ ဘယ်အစိုးရအရာရှိကိုမှ ကြောက်ဖို့မလိုပါ။ ဘယ်စစ်သားကိုမှ မကြောက်ရပါ။

ဧည့်စာရင်းမတိုင်လို့ သေနတ်တွေ လှံစွပ်တွေနဲ့ ဧည့်စာရင်းစစ်တာမျိုး မရှိပါ။

“ဧည့်စာရင်းမတိုင်ရင် ဖမ်းမယ်။ အိမ်ရှင် ထောင်သုံးလ ကျမယ်။ ဧည့်သည်ကတော့ တလပေါ့”

ဒါမျိုးတွေကို မြန်မာပြည်မှာ ကြားဖူးမှာပါ။ ခြင်ထောင်ထဲကို ဧည့်စာရင်းဝင်စစ်တာတွေလည်း ကြားရပါသေးသည်။

ဒီမှာ ဘယ်သူမှ ပေါ်တာမဆွဲပါ။

မောင်ဘချစ် မော်လမြိုင်မှာနေစဉ်က ပေါ်တာ ခဏခဏဆွဲသည်။

“ပြေးဟေ့၊ ပြေး ပြေး”

ကြာနီကန်ဆရာတော် ဟောသည့်တရားထဲက အင်္ဂုလိမာလဇာတ်ကို သတိရသည်။ ဟိံသက ဆိုသည့် အင်္ဂုလိမာလသည် လက်ညှိုး တထောင်ကိုဖြတ် လူသတ်နေသည်။ ထိုကြောင့် ဟိံသကကို ဘုရင်က သတ်မိန့်ပေးသည်။ ဒီတော့ မင်းချင်းတွေက တောကို လိုက်လာလေသည်။

ဒီသတင်းကိုကြားတော့ မိခင်ဖြစ်သူက သားဖြစ်သူ အင်္ဂုလိမာလကို တောထဲလိုက်ရှာသည်။ သားကိုမတွေ့ပေမယ့် အမေက အော်ကာပြောသည်။

“သားရေ၊ လူလေး ဟိံသက ပြေးဟေ့၊ ပြေး ပြေး”

လူငယ်လေးတွေကို သားသမီးလိုချစ်တဲ့ မိခင်စိတ်ရှိသူများက အော်ကြသည်။

မောင်ဘချစ်တို့ ပြေးပါသည်။

သို့သော် တယောက်တော့ မပြေးပါ။ သူက နှလုံးရောဂါရှိသည်။ အားနည်းသည်။ ထို့ကြောင့် ပေါ်တာဆွဲသော စစ်သားများ မီလာသည်။ သူ အဖမ်းမခံနိုင်ပါ။ ထိုကြောင့် လည်ပင်းမှ ဘတ်ကြိုး (တဘတ်သားရွှေဆွဲကြိုး)ကို ဖြုတ်ပေးလိုက်သည်။

“ဒါယူ၊ ငါ့ကို လွှတ်ပေး”

စစ်သားကရွှေကြိုးကို လောဘခိုးတွေဝေနေသော မျက်စိဖြင့်ကြည့်သည်။ လွှတ်ပေးလိုက်သည်။ ထိုအချိန်မှစ၍ မော်လမြိုင်တဝိုက်တွင် ပေါ်တာဘတ်ကြိုးဟူ၍ ပေါ်လာသည်။

ပေါ်တာဘတ်ကြိုးဟူသည် ရွှေအတုဖြင့် လုပ်ထားသည်။ ဘာသာမသိသော စစ်သားကို ထိုဆွဲကြိုးပေးလျှင် ပေါ်တာမှလွတ်သည်။

ထို့ကြောင့် ပေါ်တာဘတ်ကြိုး ဟူ၍ ဖြစ်လာသည်။

(ထိုသမိုင်းကို သမိုင်းပညာရှင်ကြီးများ ဖြစ်ကြကုန်သော ဒေါက်တာသန်းထွန်းတို့ ဒေါက်တာတိုးလှ တို့လည်း မသိကြကုန် သွပ် သွပ် သွပ်)

အမေရိကန်အစိုးရသည် refugee များကို မီးကင်းလည်း မစောင့်ခိုင်းပါ။

ရန်ကုန်ကအဖြစ်ကို ပြောပြချင်သေးသည်။

တခါက မောင်ဘချစ် ဘဏ်တွင် ငွေထုတ်ရန်ရှိသည်။ ရုံးကိုသွားသည်။

“ဒါလေးတော့ လုပ်ပေးပါဗျာ”

ရုံးမှ အရာရှိလက်မှတ်ထိုးထားသော ထောက်ခံစာပါမှ ငွေထုတ်ရမည်ဖြစ်သည်။

ဝန်ထမ်းက ခေါင်းခါသည်။

“မရလို့ပါ ခင်ဗျာ”

“ဟာဗျာ။ ခင်ဗျားတို့ဆီက လက်မှတ်ပါမှ ငွေထုတ်လို့ရမတဲ့”

“မရလို့ပါ။ ရရင်လုပ်ပေးတာပေါ့”

မောင်ဘချစ်လည်း စိတ်ပျက်လက်ပျက်နှင့် ထိုရုံးမှပြန်ထွက်သည်။ အဝတွင် သူငယ်ချင်း တယောက်နှင့် ဆုံသည်။ သူငယ်ချင်းသည် ထိုရုံးနှင့်ပတ်သက်သော အရာရှိဖြစ်သောကြောင့် မောင်ဘချစ် အားတက်ခဲ့ရသည်။

သူငယ်ချင်းအား အကျိုးအကြောင်း ပြောပြသည်။

“သူတို့ လက်မှတ်မထိုးပေဘူး ဟုတ်လား”

“မထိုးပေးဘူး”

“ဟာ ထိုးပေးရမပေါ့”

မောင်ဘချစ် ပို၍အားတက်ခဲ့ရသည်။

(ဆိုရှယ်လစ်ခေတ်ဖြစ်သောကြောင့် ဆိုရှယ်လစ်အသိသည် ဒါမျိုးဟု ပြုံးမိသေးသည်)

“မထိုးပေးဘူးဗျ”
 
“သူတို့ ဘာပြောလဲ”

မောင်ဘချစ်က အဝက စာရေးပြောတာကို ပြန်ပြောပြသည်။

“မရလို့ပါ။ ရရင် လုပ်ပေးတာပေါ့တဲ့”

သူငယ်ချင်းက ရယ်သည်။ ထိုအခါ မောင်ဘချစ်လည်း အူကြောင်ကြောင်ဖြစ်သွားလေသည်။

“မင်းကို သူတို့ပြောသားပဲ၊ မရရလို့ပါ။ ရရင် လုပ်ပေးပါတယ်တဲ့”

“အေးလေ”

“ရရင်လုပ်ပေးပါတယ်ဆိုတော့ သူတို့ရအောင် မင်းက ပေးမှမပေးဘဲ။ မပေးတော့ မရ၊ မရတော့ မလုပ်ပေးဘူးပေါ့”

“ဟာကွာ၊ သူပြောတာ ငါ နားမလည်လိုက်လို့ပါ”

ခုတော့ မောင်ဘချစ် ကောင်းကောင်းနားလည်သွားလေပြီ။

“မပေးတော့ မရ၊ မရတော့ မလုပ်။ တယ်ဟုတ်ပါလား”

“ဒီရုံးက ဆောင်ပုဒ် မင်းသိလား”

“ဆိုပါဦး”

“ပုဒ်မှလေး တဲ့”

“ပုဒ်မှလေး ဆိုတော့ ပေးမှလုပ်တာပေါ့၊ ဟားဟား”

“ဟားဟား..”


ပျော်ရွှင်ကြပါစေ။

(စာကြွင်း၊ မောင်ဘချစ်ကို မိတ်ဆွေက မေးသည်။
“မိုးမခမှာ စာမရေးတာ ကြာပြီမဟုတ်လား”
“ဟုတ်ပါတယ်”
“ဘာလို့မရေးတာလဲ”
“မရလို့ပါ။ ရရင် ရေးပါတယ်”)

Comments