စာရေးဆရာကြီး ပါရဂူ (၁၉၂၁ - ၂၀၁၁) အသက် ၉၀ နှစ် ကွယ်လွန်
မိုးမခမီဒီယာ စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းမှတ်တမ်းပြုလိုက်ပါတယ်
တာရာဝေယံ၊ ရန်ကုန်၊ ဧပြီ ၉ ၊ ၂၀၁၁၊
စာရေးဆရာကြီး ဆရာပါရဂူ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်ခန့်က အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံတွင် နှလုံးရောဂါဖြင့် ကွန်လွန်ခဲ့ကြောင်း သူ့တပည့်တဦး၏ ပြောကြားချက်အရ သိပါတယ်။
“မနက် ၆ နာရီ ခွဲလောက် ကတည်းက ဆရာကြီးက မောနေပြီး၊ အသက်ရှုကြပ်နေတယ်။ မနက် ၇ နာရီ ခွဲလောက်ထိ မသက်သာတာနဲ့ အာရှတော်ဝင်ဆေးခန်းကို ပို့လိုက်ရတယ်။ ဆရာကြီးမှာ အရင်ကတည်းက နှလုံးသွေးကြောကျဉ်း ရောဂါရှိတော့ မောလာပြီး ရုတ်တရက် နှလုံးခုန်ရပ် (Heart Attack) ရပြီး ကွယ်လွန်သွားတာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်”
လို့ ဆရာပါရဂူ၏ တပည့်ဖြစ်သူတဦးက ဆရာမကွယ်လွန်မီက အခြေအနေကို ပြောပြပါတယ်။
“အခု လောလောဆယ်မှာ ဆရာ့ရုပ်အလောင်းကို အာရှတော်ဝင်ရဲ့ အအေးခန်းမှာ ထားထားပါတယ်။ ကိုကျော်သူတို့ မသန်းမြင့်အောင်တို့ နာရေးကူညီမှုအသင်းကို အကြောင်းကြားထားပါတယ်။ ခနနေ သူတို့လာရင် ဆရာကြီး ရုပ်အလောင်းကို ရေဝေးမှာ ပို့ထားမယ် ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ဈာပနကို ဘယ်လိုစီစဉ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး ခင်ဗျ”
အထက်ပါ ပုဂ္ဂိုလ်က ရှင်းလင်းပြောပြပါတယ်။
ဆရာပါရဂူဟာ ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက် ဦးပုညလမ်း အမှတ် ၉၈၈/ ၉၉၀ မှာရှိတဲ့ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်မှာ ၂၀၀၄ ခုနှစ်ကတည်းကနေ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့ကြောင်း သိရပါတယ်။
မိုးမခမီဒီယာက ဆရာပါရဂူ ကွယ်လွန်ခဲ့သည့်အတွက် မြန်မာစာပေလောကသားများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။
ဆရာကြီးရဲ့ ဘ၀နဲ့ စာပေမှတ်တမ်းကို အောက်ပါအတိုင်း ကူးယူတင်ပြလိုက်ပါတယ်။
Comments