အမေရိကန်နွေဦး တိုနေဒိုး မုန်တိုင်းများကြောင့် လူ ၅၀၀ နီးပါးသေဆုံး၊ မြို့များ ပျက်စီး
မိုးမခ၊ မေ ၂၅၊ ၂၀၁၁
လွန်ခဲ့သည် တနင်္ဂနွေက၊ မစ်ဇိုရီပြည်နယ်၊ ဂျိုပင်မြို့သို့ တိုနေဒိုး လေပြင်းမုန်တိုင်း ၀င်ရောက်တိုက်ခိုက်မှုကြောင့် မြို့တမြို့လုံးနီးပါး ပျက်စီးပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည်။ အမေရိကန်ပြည် အလယ်ပိုင်းဒေသတွင် ထိုရာသီတွင်း ကျရောက်နေကျ လေဆင်နှမောင်းများ၊ လေပြင်း မိုးကြိုးမုန်တိုင်းများကြောင့် မြို့ရွာများ ပျက်စီးခြင်း၊ လူအများ သေကျေခြင်း တို့ ဖြစ်ပွားလျက်ရှိရာ ယခုနှစ်အတွင်း သေဆုံးသူ လူ ၅၀၀ နီးပါးရှိပြီဟု သတင်းများတွင် ဆိုသည်။
ထို့အတူ အမေရိကန်ပြည် တောင်ပိုင်းတွင်လည်း မစ္စစပီမြစ်ကြောင်းတလျောက် မိုးကြီးခြင်း၊ ရေလျံခြင်းတို့ကြောင့် မြို့ရွာများ လယ်မြေများ ပျက်စီးခြင်းတို့ ဖြစ်ပွားလျက်ရှိရာ အမေရိကန်ြပည်၏ လူမှုရေး၊ စီးပွားရေး အခြေအနေများ ထိခိုက်လျက်ရှိသည်။
၂၀၁၁ နှစ်ဆန်းမှ စတင်ပြီး ကမ္ဘာမြို့ရွာအသီးသီးတွင် ငလျင်များ၊ မုန်တိုင်းများ၊ ရေကြီးခြင်းများ ဖြစ်ပွားလျက်ရှိပြီး လူအများ ထိခိုက်မှု သေကျေမှုများ ဖြစ်ပွားလျက်ရှိသည်။ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော ဂျပန် ငလျင်နှင့် ဆုနာမိလှိုင်းကြောင့် လူဦးရေ ၁ သောင်းခွဲ နီးပါး သေဆုံးခဲ့ရသည်။
(ဓာတ်ပုံ - အင်တာနက်စာမျက်နှာများ)
Comments