Democratic Burmese at SF Bay announced their statmenet and program for 88 -23 year anniversary of Burma

၈၈ - ၂၃နှစ်ပြည့် ထုတ်ပြန်ချက်နှင့် အခမ်းအနားအစီအစဉ် ဆန်ဖရန်ဘေးဧရိယာ မြန်မာတို့ ထုတ်ပြန်ပြီ
မိုးမခ၊ ဇူလိုင် ၂၈၊ ၂၀၁၁
လာမယ့် သြဂုတ် ၆ ရက်နေ့မှာ ကျင်းပမယ့် ၈လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ထုတ်ပြန်ကြေညာချက်နဲ့ အခမ်းအနားအစီအစဉ်ကို ဆန်ဖရန်ဘေးဧရိယာမြန်မာဒီမိုကရေစီ အင်အားစုများက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရရဲ့ တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ နည်းမျိုးစုံနဲ့ ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းရေး၊ နိုင်ငံရေးအတိုက်အခံအားလုံးပါဝင်တဲ့ အနှစ်သာရရှိ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှုများ စတင်ရေးတို့ဟာ လက်ရှိမြန်မာပြည်ရဲ့ အရေးပေါ်ဖော်ဆောင်ရမယ့် အချက်တွေဖြစ်တယ်လို့ ၎င်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ထုတ်ပြန်ချက်ကို သည်နေရာမှာ ရယူပါ။
အဲသည်အချက်အလက်များကို ဖော်ကျူးသယ်ဆောင်တဲ့ အခမ်းအနားအစီအစဉ်တွေကို ၀ိုင်းဝန်းဆောင်ရွက်ကြတဲ့ ဒီမိုကရေစီရေးအင်အားစုတွေက တင်ဆက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခမ်းအနား ပိုစတာက သည်နေရာမှာ ရယူပါ။
အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေဌာနခွဲ)က ၈ လေးလုံးနဲ့ ၂၃ နှစ်တာ သမိုင်းမှတ်တမ်းများကို ရုပ်သံ၊ ဓာတ်ပုံတင်ဆက်မှု ပြုလုပ်မယ်၊ ဘေးဧရိယာအခြေစိုက် ABSSF အဖွဲ့က ၈လေးလုံး သမိုင်းမော်ကွန်းကို ဖွဲ့ဆိုတဲ့ သီချင်း၊ ကဗျာနဲ့ စင်တင်ပြဇာတ် တင်ဆက်မယ်၊ ဘီဝိုင်အေ မြန်မာလူငယ်အသင်းကတော့ ညီညွတ်ရေးကို တောင်းဆိုတဲ့ အငြိမ့်ကပွဲကို စီစဉ်ထားတယ်လို့ အသီးသီး ပြောကြားပါတယ်။
ရခိုင်အမျိုးသမီးများအစည်းအရုံးက မြန်မာပြည်တွင်းစစ်၊ အမျိုးသမီးများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရုပ်သံမှတ်တမ်း၊ ကရင်လူငယ်များအစည်းအရုံးက ပြခန်း၊ ရှမ်းလူငယ်များကလည်း ပြခန်း၊ ကချင်လူငယ်များအဖွဲ့ကလည်း စင်တင် ဂီတနဲ့ အကကို တင်ဆက်ခြင်း၊ ပြခန်း တင်ဆက်ခြင်း၊ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အခြေအနေများကို ရှင်းလင်းခြင်းတို့ကို ပြုလုပ်ကြမယ်လို့ အသီးသီး တာဝန်ယူထားကြတယ်လို့ သိရပါတယ်။
မတည်ပံ့ပိုးသူ အခြားအဖွဲ့အစည်းများဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ယူအက်စ်အေဌာနခွဲ)၊ BADA နဲ့ BAWA အဖွဲ့၊ သုံးရောင်ခြယ်အဖွဲ့ (ယူအက်စ်အေ)၊ မိုးမခသတင်းနဲ့ မီဒီယာအဖွဲ့တွေကလည်း ပြခန်းများနဲ့ အထွေထွေ လုပ်ငန်းတာဝန်များကို ခွဲယူဆောင်ရွက်ထားကြတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြတဲ့ ဒီမိုကရေစီမျိုးဆက်တွေအားလုံးကို လှိုက်လှဲစွာ ကြိုဆို ဖိတ်ခေါ်လျက် ရှိပါတယ်။
မနက် ၁၁ နာရီက ၁၂ နာရီအထိ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းနဲ့ ဆွမ်းကျွေး၊ ၁၂ နာရီက ၁ နာရီအထိ မုန့်ဟင်းခါးနဲ့ စုပေါင်းထမင်းဟင်းတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ၁ နာရီမှ စတင်ပြီး စင်မြင့်တင်ဆက်မှု အခမ်းအနားကို ညနေ ၄ နာရီအထိ စီစဉ်ထားတယ်လို့ သိရပါတယ်။ မီဒီယာများက ဆက်သွယ်ရန်အတွက် ကိုတိုးလွင် (NLD-LA,USA) ((415-424-5811)  နဲ့ ကိုညွန့်သန်း (BADA) (510-22-1323) တို့ကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာ ၈၈ - ၂၃ နှစ် အခမ်းအနားအတွက် လှုပ်ရှားမှုများကို http://sfbc88.blogspot.com မှာ မှတ်တမ်းများ ပြုစုထားပါတယ်။
နောက်ပြီးတော့ သြဂုတ်လ ၈ ရက်နေ့မှာတော့ ဘားမားဒေးအဖြစ် ထုတ်ပြန်ကြေညာဂုဏ်ပြုထားတဲ့ ဘာကလေမြို့တော်ရဲ့ ရင်ပြင်မှာ အလံတင်အခမ်းအနားကို ၈ နာရီ ၈ မိနစ်မှာ ကျင်းပမှာဖြစ်လို့ မြန်မာဒီမိုကရေစီအင်အားစုများက စုဝေးတက်ရောက် ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်ကလေးငယ်များက ၈၈ အရေးတော်ပုံရဲ့ ရုပ်ပုံလွှာကို ဖော်ကျူးတဲ့ အနေနဲ့ အဖြူအစိမ်း ကျောင်းသားဝတ်စုံများနဲ့ တက်ရောက်ကြရန် မိဘများက ပြင်ဆင်နေကြပါတယ်။

Comments