Burmese Community Works last Month


 လက်လှမ်းမီသမျှ စေတနာ့ဝန်ထမ်းမြန်မာတို့ရဲ့ သတင်းများ
မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၁

One More Thousand က သြဂုတ်လမှာ ၉သိန်းနဲ့ ၅ထောင်
          ကာတွန်းအော်ပီကျယ်၊ မောင်သာချို၊ ပြည်သွေးနိုင်နဲ့ ပြည်တွင်းက မြန်မာစာပေသမားတွေ၊ စာပေလုပ်ငန်းရှင်တွေရဲ့ One More Thousand တဦး တလ ငွေ ၁ ထောင် အလှူခံပြီး လစဉ်လိုအပ်တဲ့ နေရာတွေကို လှူဒါန်းတဲ့ စေတနာဝန်ထမ်းအလှူခံလုပ်ငန်းက လွန်ခဲ့တဲ့လ လှူဒါန်းကူညီမှုကို ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့က ချမ်းသာအောင်ပရဟိတ ပညာသင်ကျောင်းကို ၉၅ ဦးရဲ့ အလှူ၊ ငွေ ၉၀၅,၀၀၀ ကျပ် လှူဒါန်းလိုက်တာလို့ ဆိုပါတယ်။

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း (မန္တလေး) ရေဘေးသင့်သူများကို ကူညီ
          မန္တလေးက ရေဘေးသင့်သူ မိဘပြည်သူတွေကို ဗြဟ္မစိုရ်အသင်းက ဆေးကုသပေးခြင်း၊ လိုအပ်သော စားဝတ်နေရေး ကူညီအားပေးမှုများပြုလုပ်ခြင်းတို့ကို မြို့မိ မြို့ဘ၊ ဆရာဝန်များ၊ စေတနာရှင်များ၊ လုပ်အားပေးများနဲ့ ဆောင်ရွက်နေတာကို ကြားသိမြင်တွေ့ရပါတယ်။ သူတို့ဖေ့စ်ဘွတ် စာမျက်နှာမှာ သွားရောက် ကြည့်ရှုကြပါ။ ဓာတ်ပုံတွေကတော့ မန္တလေး၊ ညောင်ကွဲရပ်၊ မင်္ဂလာရာမ (ပြေ) ကျောင်းတိုက်မှာ လူနာ ၁၅၀၊ မင်းတဲ၊ အီကင်း၊ ဆင်များရှင်ရိပ်သာမှာ လူနာ၁၅၀ကို ကုသပေးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ကလေးအထူးကုဆရာမကြီးနှစ်ယောက် အပါအ၀င်ဆရာဝန်(၇)ယောက် ပါဝင်တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားတယ်။
ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုအဖွဲ့ (AHAN) ၅၂ ကြိမ်မြောက် ရွေ့လျားကုသ
 ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇေယျာသီရိ အာသောကရာမကျောင်းတိုက်နဲ့ အနီးပတ်ဝန်းကျင် ကျောင်းတိုက်တချို့က ရှင်သာမဏေ အပါး (၁၃၀) နှင့် ကျောင်းသား/သူ အယောက် (၁၀၀) တို့ကို ဆေးဝါးကုသမှုနဲ့ ကျောင်းသုံး ဗလာစာအုပ်များ ၊ ဘောလ်ပင် ၊ ဆပ်ပြာခွက် နှင့် ဆေးဆပ်ပြာခဲများ အပြင် လိုအပ်သောဆေးဝါးများ လှူဒါန်းမှုတွေ ပြုခဲ့ကြတယ်လို့ သိရပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဝန် (၆) ဦးနှင့် ၊ သူနာပြု (၅) ဦး ၊ ဝေယျာဝစ္စလုပ်အားပေးလူငယ် အယောက်( ၅၀) တို့နဲ့ ကုသိုလ်ပြုခဲ့တယ်လို့ သူတို့ဝက်ဆိုက် မှာ ရေးထားပါတယ်။
မိုးမခက မိမိတို့ထံ လာရောက်ရေးသားလာသည်တို့ကို ပြန်လည်တင်ဆက်ပေးတာ ဖြစ်ပါတယ်။ နီးစပ်ရာ လက်တွဲပြီး စေတနာ့ဝန်ထမ်းအလှူလုပ်ငန်း၊ လုပ်အားပေး၊ ဉာဏအားပေးလုပ်ငန်းတွေ လုပ်ကြဖို့နဲ့ ကျယ်ပြန့်စေဖို့အတွက် မိုးမခကို လက်တို့ပါ။ အများပြည်သူ သဒ္ဓာကြည်ဖြူ ကုသိုလ်ပွားစေဖို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လုပ်အားပေးများ ဖေ့စ်ဘွတ်တွေ သုံးပြီး ဖေ့စ်ဘွတ် Page တွေနဲ့ များများ တင်ဆက်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

Comments