ြBurmese Internet open its blocked sites again

မြန်မာအင်တာနက် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေပြန်
ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
မြန်မာဆက်သွယ်ရေး၏ MPT အင်တာနက်ဝန်ဆောင်မှုက ၎င်းပိတ်ဆို့ထားသော ပြည်ပ၀က်ဆိုက်များကို ပြန်လည် ဖွင့်ပေးထားပြန်ကြောင်း ပြည်တွင်းအင်တာနက်နှင့် ဖေ့ဘွတ်သုံးစွဲသူများက ပြောကြားလိုက်သည်။
စက်တင်ဘာ ၁၂က စတင်ပြီး ယခင်ပိတ်ထားသော Blogspot, YouTube ဒိုမိန်းများ၊ ပြည်ပသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများမှာ အတားအဆီးကျော်ခွာစရာမလို ပွင့်နေကြောင်း စာဖတ်သူအချို့က သတင်းပေးလာသည်ကို တွေ့ရသည်။
 “မဇ္ဖျိမ ၊ ဧရာဝတီနှင့် အခြား စီအင်အင်တို့လို သတင်းဝက်ဆိုဒ်မျိုးတွေ ပွင့်နေတယ်။ ကျနော်လဲ ညနေကမှ ဖေ့စ်ဘွတ်တက်ကြည့်တော့ သူငယ်ချင်းတယောက် တင်ထားတာ တွေ့လို့ ဖွင့်ကြည့်တာ။ ” ဟု ရန်ကုန်မြို့မှ မြန်မာ့ ဆက်သွယ်ရေး MPT အွန်လိုင်းသုံးစွဲသူ တစ်ဥိးက ပြောပြသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်ကျင်းပသော ယနေ့ကျင်းပသည့် ဒိမိုကရေစီနေ့ (စက်တင်ဘာ ၁၅၊ ၂၀၁၁) တွင် ယခုလို အွန်လိုင်း အင်တာနက်များ ပွင့်လာခြင်း အပေါ် ဘလော့ဂါတစ်ဥိးက
 “ ခဏခဏ ဒီလိုဖြစ်နေတာပဲ။ သုံးလေးရက် ဖွင့်လိုက်။ နောက် ပြန်ပိတ်သွားရော။ ညဥ့်နက်ပိုင်းရောက်မှ ကွန်နက်ရှင်ကမြန်တော့ အားလုံအတွက် အဆင်မပြေဘူး။ ဘာပဲဖြစ်ဖြစ် ဒီတခါတော့ ပြန်မပိတ်ဘဲ ဆက်ဖွင့်ထားရင် ပိုကောင်းမှာပေါ့”
လို့ သူ့အမြင်ကို ရှင်းပြသည်။
          "ပြည်ပက မြန်မာရေဒီယိုဝက်ဆိုက်တွေဖြစ်တဲ့ ဒီဗီဘီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ မြန်မာပိုင်း စတာတွေ ပွင့်နေတယ်။ ခင်ဗျားတို့ မိုးမခလည်း သွားလို့ရတယ်။ " လို့ တယောက်က စာရေးပြီး ပြောသည်။
          လွန်ခဲ့သည့် သြဂုတ် လကုန်ပိုင်း ၁ ပတ်ကလည်း ပိတ်ထားသော အင်တာနက်ဆိုက်များ ပွင့်နေကြောင်း၊ နောက်များမကြာမီမှာ ပြန်ပိတ်သွားကြောင်း၊ စစ်အစိုးရအသစ်က နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုများ၊ ပြင်ဆင်မှုများ လုပ်နေချိန် ခေတ္တပွင့်သွားသည်ဟု ထင်ကြောင်း မှတ်ချက်ပေးခဲ့ကြသည်။ စက်တင်ဘာ  ၁ ရက်နေ့တွင် ပွင့်သမျှအားလုံး ပြန်ပိတ်သွားခဲ့သည်။

Comments