Mr.Derek Mitchell နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
ကျော်သူ
စက်တင်ဘာ ၁၂၊ ၂၀၁၁
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့်အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် ၈း၃၀ နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။
နာရေးကိစ္စ အဝဝအား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချမှုများအား လိုက်လံကြည့်ရှုလေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာ ဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။
ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ဝင်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်း ပို့ဆောင်ပေးမည် ဟု ပြောကြားခဲ့သည်။ ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။
သုခကုသိုလ်ဖြစ် ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအားလည်း ဝင်ရောက် လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် ၉း၃၀ နာရီ အချိန်တွင် နှုတ်ဆက်စကားပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
Comments