May Hnin Lei Mon - Collective Progress in Burma

အိနြ္ဒိယပစ္စယော - အများကြီးတိုးတက်သွားပြီ

မေနှင်းလဲ့မွန် ၊ စက်တင်ဘာ ၈၊ ၂၀၁၁
ဓမ္မဘေရီဆရာတော်သည် ဆန်ဖရန်စစ္စကိုဘေး ဧရိယာတွင် လူတိုင်းအတွက်ပဋ္ဌာန်း သင်တန်းပို့ချနေသည်မှာ အိနြ္ဒိယပစ္စည်းအကြောင်း ရှင်းပြသောနေ့က ဖြစ်လေသည်။
အိနြ္ဒိယပစ္စည်းသည် အဓိပတိပစ္စည်းကဲ့သို့ အကုန်လုံးကိုအစိုးရခြင်းမဟုတ်ပဲ ဆိုင်ရာဆိုင်ရာ အပိုင်းလိုက်သာ အစိုးရခြင်းဖြစ်ကြောင်း။ အပိုင်းလိုက် အစိုးရခြင်းကို ဥပမာ ဥပမေယျများ ထုတ်ပြလေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီညီလာခံများကျင်းပစဉ် အခါတုန်းကဖြစ်သည်။
ပါတီညီလာခံသို့ တက်ရောက်ရန်အတွက် ချင်းပြည်နယ်မှ ကိုယ်စားလှယ်တဦးသည် မန္တလေး-ရန်ကုန်ရထားကို စီးနင်းလိုက်ပါလာသည်။ ၄င်းကိုယ်စားလှယ်အနီးတွင် ကဗျာဆရာတင်မိုးနှင့် စာရေးဆရာမောင်ထင်တို့သည်လည်း စီးနင်းလိုက်ပါလာကြရာ စကားစမြည်ပြောဖြစ်ကြလေသည်။
ဆရာတင်မိုးက-
“နောင်ကြီးက ဘယ်သွားမလို့တုန်း”
“ပါတီညီလာခံတက်မလို့”
“အော်   ဒါနဲ့ နောင်ကြီးတို့ ချင်းပြည်နယ် အခြေအနေ ဘယ်လိုနေတုန်း”
“ဟာ အများကြီးတိုးတက်သွားပြီ”
“ဟင် တယ်ဟုတ်ပါလား။ ပြောပြစမ်းပါအုံး”
ဆရာမောင်ထင်သည် ကဗျာကယာ စာအုပ်နှင့် ဖောင်တိန်ထုတ်ကာ ရေးမှတ်ရန်ပြင်လေသည်။
“တိုးတက်သွားပြီ အများကြီးတိုးတက်သွားပြီ”
“ဟုတ်လား။ လမ်းပမ်းဆက်သွယ်ရေးတွေရော”
“အင်း   အယင်တုန်းက အတိုင်းပဲ”
“ဟို စိုက်ပျိုးရေးတွေရော”
“အဲ   အယင်တုန်းက အတိုင်းပဲ”
“ဟို   ဟို  ရေတို့ မီးတို့ ရော”
“အဲဒါလဲ အယင်တုန်းက အတိုင်းပဲ”
“ဟင် ဒါဆိုရင် ဘာတွေတိုးတက်သွားတာတုန်း”
“တိုးတက်သွားတာပေါ့။ ကျုပ်တို့ အခု အစည်းအဝေးလုပ်တတ်သွားပြီလေ။ အယင်တုန်းကဆိုရင် အစည်းအဝေးမရှိဘူး။ လမ်းပြင်မယ်ဆိုရင် ဒီအတိုင်းပဲ ပေါက်တူးကိုင်ပြီး တအိမ် တယောက်ထွက် သွားလိုက်တာပဲ။ အခုဆိုရင် ဒီအတိုင်းမသွားဘူး။ အစည်းအဝေးလုပ်တယ်၊ (တင်ပြတယ်၊ ထောက်ခံတယ်၊ အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာတယ်)ပြီးမှသွားတယ်။ ကျုပ်တို့ အစည်းအဝေး ကောင်းကောင်း လုပ်တတ်သွားပြီ။ အများကြီးတိုးတက်သွားပြီ”
မြတ်စွာဘုရား။ ကျမတို့လည်း ဂျီးတော်နိုင်ငံတွင် အသင်းကောင်းကောင်းဖွဲ့တတ်သွားကြလေပြီ။ အလုပ်ကော်မီတီဖွဲ့ကာ ရာထူး ယူတတ်သွားကြလေပြီ။
ဘယ်အသင်းမှ community ၏ leadership အဖြစ် ကြီးထွားဖွံ့ဖြိုး စည်ပင်မလာပဲ အသစ်အသစ်သော အသင်းများမှိုလိုပေါက်လာလေသည်။
အော် အိနြ္ဒိယပစ္စည်းနှင့် ရွှေမြန်မာများ။ အပိုင်းလိုက်သာလျှင် အစိုးရကြ ပါလားနော်။
          (စက်တင်ဘာ ၄၊ ၂၀၁၁ - သူ့ဘလောက်က ကြိုက်လို့ ယူသုံးပါတယ်။ ခွင့်မတောင်းမိ )

Comments