Messenger Jounral purnished for Suu's picture

ဒေါ်စုဓါတ်ပုံ ဆိုက်ကြီး၍ မက်ဆင်ဂျာဂျာနယ်အား ကန့်သတ်ပြစ်ဒဏ်ခတ်
စက်တင်ဘာ ၈၊ ၂၀၁၁
ခင်နှင်းလွင် ၊ ရန်ကုန်
ယခုပတ် တနင်္ဂနွေနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏  ဓါတ်ပုံအား ခွင့်ပြုသည့် အရွယ်အစားထက် ချဲ့ပြီး ဖေါ်ပြခဲ့ခြင်း နှင့် အင်တာဗျူးစာမူအား အတွင်းစာမျက်နှာတွင် ဖေါ်ပြရမည့် အစား မျက်နှာဖုံးသဖွယ် ဖေါ်ပြခဲ့ခြင်းတို့အတွက် စာပေစိစစ်ရေးမှ ကန့်သတ်ပြစ်ဒဏ် ပေးလိုက်ကြောင်း ယနေ့နံနက်တွင် အကြောင်းကြားခဲ့သည်။
ယခုလို စာပေစိစစ်ရေးမှ ကန့်သတ် ပြစ်ဒဏ်ပေး ခဲ့ခြင်းကြောင့် မက်ဆင်ဂျာ (Messenger News ) ဂျာနယ် အနေဖြင့် နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နှင့် မျက်နှာဖုံးတွင် နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ကို တပတ်ပိတ်ပင်လိုက်သည် ဟုသိရသည်။
စက်တင်ဘာ ၄ ရက်နေ့တွင် ဖြန့်ချိသည့် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းစာမူ၌ စိစစ်ရေးမှ ဖေါ်ပြခွင့်ပြုသည့် ဓါတ်ပုံအရွယ်အစားထက် ကြီးမားပြီး ဖေါ်ပြခဲ့ခြင်း၊ စာစောင်၏ အတွင်းစာမျက်နှာတွင် ဖေါ်ပြခွင့်ပြုသည်ကို အချပ်ပို အဖြစ်နှင့် မျက်နှာဖုံးသဖွယ်ဖေါ်ပြခဲ့ခြင်းတို့ကို ထောက်ပြပြီး စိစစ်ရေးမှ ယခုသီတင်းပတ် နောက်ဆက်တွဲ တင်ပြခွင့်မပေးကြောင်း နံနက် ၁၀ နာရီတွင် ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဂျာနယ်နှင့် နီးစပ်သူက ပြောသည်။
စာပေစိစစ်ရေး၏မူ အရ မျက်နှာဖုံး တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ ဖေါ်ပြလျင် ထည့်လျှင် ၃လက်မ သို့မဟုတ် လေးလက်မ ပတ်လည်သာ ခွင့်ပြုလေ့ရှိသည်ဟု  မော်နီတာဂျာနယ်မှာ ဖေါ်ပြဖူးကြောင်း  ပြည်တွင်း သတင်း အယ်ဒီတာတစ်ဦးက ပြောသည်။
တပတ်ပဲပိတ်တာပါ။ ဘာကြောင့်လဲဆိုတာ မသိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို နောက်မျက်နှာဖုန်းမှာ အပြည့်ဖော်ပြခဲ့လို့လို့ သိရတယ်။  ခု ဖော်ပြတဲ့ ဓါတ်ပုံ အရွယ်အစားက ခွင့်ပြုတဲ့ အတိုင်းမဟုတ်ပဲ ပိုကြီးတာဖော်ပြတာကြောင့်လို့ ထင်တယ် ဟု မက်ဆင်ဂျာ ဂျာနယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုသီတင်းပတ် ထွက်ရှိသည့် သတင်း ဂျာနယ်များအနက်  မက်ဆင်ဂျာဂျာနယ်နှင့် ပြည်သူ့ခေတ်ဂျာနယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးနှင့် အင်တာဗျူးတို့ ဖေါ်ပြခွင့်ရပြီး ရက်ပိုင်းအကြာ  ယခုကဲ့သို့ မက်ဆင်ဂျာ ဂျာနယ် နောက်ဆက်တွဲတင်ပြခွင့် တပတ် အပိတ်ခံရခြင်းဖြစ်သည်။

Comments