Myo Myint Maung - Irrawaddy Forward

ရှေ့တဆင့်တိုးကြရတော့မည့် ဧရာဝတီအရေး
မျိုးမြင့်မောင်
စက်တင်ဘာ ၂၇၊ ၂၀၁၁
သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသိပညာရှင်၊ အတတ်ပညာရှင်များ၊ စာပေအနုပညာရှင်များ စသည့် ဧရာဝတီကိုချစ်မြတ်နိုးသူများ၊ ဧရာဝတီ၏ ပစ္စုပ္ပန်နဲ့အနာဂတ်အရေး ရတက်မအေးကြသူများက စတင် ဆော်သြလိုက်သော “ဧရာဝတီအရေး” သည် အဆင့်တစ်ခုသို့ ဆိုက်ရောက်ခဲ့ပါပြီဖြစ်ပါသည်။ ရှေ့သို့ဆက်ကြရဦးမည်။ ရှေ့တဆင့် တိုး ကြရတော့မည်။ ရပ်တန့်နေ၍ မရတော့ပါ။
ဘယ်အဆင့်ကိုရောက်ခဲ့ပြီး ၊ ဘယ်အဆင့်သို့ ဆက်လက်တက်လှမ်းကြမှာလဲ။
“ဧရာဝတီအရေး” နဲ့ပတ်သက်ပြီး တပြည်လုံးက ပြည်သူတစ်ရပ်လုံးက သိရှိပါဝင်လာအောင်ဆောင်ရွက်ရေးဘက်ကပြောလျှင် ဆော်သြမှု၊ နှိုးဆော်မှု ပြုသည့်အဆင့်သို့အောင်မြင်စွာ တက်လှမ်းရောက်ရှိခဲ့ပြီဖြစ်ပါသည်။
 ဤအဆင့်တွင် ဧရာဝတီချစ်မြတ်နိုးသူများက ဧရာဝတီနှင့်ပတ်သက်ပြီး ဧရာဝတီ အပေါ် သက်ရောက်နေသည့်/လာနိုင်သည့် အန္တရာယ်အသွယ်အသွယ် နှင့် စိုးရိမ်ပူပန်မှုများကို ပညာရပ်ဆိုင်ရာလေ့လာမှုများဖြင့်လည်းကောင်း၊ စာပေအနုပညာဆိုင်ရာ အသိပေး တင်ပြမှုများဖြင့်လည်းကောင်း မေခမေလိခမြစ်ဆုံမှသည် ပင်လယ်ဝအထိတိုင်အောင် တစ်တိုင်းတစ်ပြည်လုံး နိုးကြားသိမြင်လာအောင် အသိပေးတင်ပြခဲ့ပါပြီ။
 ဧရာဝတီအရေးဆိုသည်မှာ မြစ်ဆုံတွင်ရေကာတည်ဆောက်ရေးဆိုသည့်ကိစ္စ ကွက်ကွက်ကလေးမဟုတ်ပဲ မြန်မာပြည်ပြည် သူများရဲ့ အနာဂတ်ကံကြမ္မာကို ဝကွက်အပ်ထားမည့်အရေး၊ မြန်မာ့ဂေဟဗေဒစနစ်ကို ထိခိုက်ပျက်ပြားစေမည့်အရေး၊ တစ်မျိုးသားလုံး ၏ ဘုံအရေးအခင်းဖြစ်ကြောင်း မီးမောင်းထိုးပြနိုင်ခဲ့ပါသည်။
သို့အတွက် ဤအဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်အောင် ဆောင်ရွက်ခဲ့ကြသော ဧရာဝတီချစ်မြတ်နိုးသူများ၊ သက်ဆိုင်ရာ ပညာရပ်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ စာပေဂီတရုပ်ရှင်စသော အနုပညာနယ်ပယ်မှပုဂ္ဂိုလ်များ၊ နည်းလမ်းအသွယ်သွယ်ဖြင့်ပါဝင် ဆောင်ရွက်ခဲ့သူများ၏ သတ္တိနှင့်ဆောင်ရွက်မှုများကို မော်ကွန်းထိုး မှတ်တမ်းတင်ကြရပါမည်။
ဘယ်အဆင့်သို့ ဆက်လက်တက်လှမ်းကြမည်နည်း
ဧရာဝတီသည်သူ့ချည်းသက်သက်ဖြင့် မြန်မာ့သမိုင်းကို ဖန်တီးနိုင်စွမ်းမရှိပါ။
  မြန်မာ့သမိုင်းအခန်းဆက် အသစ်အသစ်တို့ကိုဖန်တီးနိုင်သော ပြည်သူများသည်လည်း ဧရာဝတီနဲ့ကင်းကွာပြီးသမိုင်းကို ဖန်တီး နိုင်လိမ့်မည်မဟုတ်ပါ။
ဧရာဝတီအပေါ် ပစ္စုပ္ပန်နဲ့အနာဂတ်မှာ ထိခိုက်လာနိုင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမဆို တပြည်လုံးအား၊ ပြည်သူတစ်ရပ်လုံး အားနဲ့တားဆီးကာကွယ်ရမည့်အဆင့်သို့ မလွဲမသွေ တက်လှမ်းကြရပါလိမ့်မည်။
 ပညာရသ နှစ်ဖက်မျှပြီးကျယ်ကျယ်ပြန့်ပြန့်လှုံ့ဆော်ခဲ့ပြီးကာမှ ထိထိရောက်ရောက် တားဆီးကာကွယ်သည့် အဆင့်သို့ မတက် လှမ်းခဲ့လျှင် ချစ်သောဧရာဝတီကိုကယ်တင်ခြင်းဟု ခေါ်ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ ဧရာဝတီကိုကယ်တင်ခြင်းဆိုသည်မှာ တစ်ပွဲထိုးကိစ္စ၊ ပွဲပြီးမီးသေကိစ္စမျိုးမဟုတ်ပါ။ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် သားစဉ်မြေး ဆက်လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ပါသည်။
သို့ပါ၍ ဧရာဝတီကို ထိထိရောက်ရောက်ကယ်တင်နိုင်မည့်အဆင့်သို့ မုချမသွေတက်လှမ်းကြရပါတော့မည်။
အချို့က ဧရာဝတီအရေးကို “နိုင်ငံရေး issue မဟုတ်”ဟု ဆိုသူကဆိုကြသည်။ အချိုကလည်း “တရုတ်ဆန့်ကျင်ရေး” တံဆိပ် ကပ်ကြသည်။ ဧရာဝတီအရေးသည် ထိုသို့သော ကိစ္စသေးသေး၊ ကွက်ကွက်ကလေးမဟုတ်ပါ။ မြန်မာတပြည်လုံးအရေး၊ တမျိုးသားလုံး နှင့်သက်ဆိုင်သောအရေးဖြစ်ပါသည်။ အမိမြန်မာပြည်၏ ထာဝစဉ်စီးဆင်းခုန်လှုပ်နေရမည့် နှလုံးသားအရေးဖြစ်ပါသည်။
ထို့အပြင် အစိုးရတစ်ရပ်၊ လွှတ်တော်တစ်ရပ်နှစ်ရပ်က ဆုံးဖြတ်ရမည့်အရေးလည်းမဟုတ်ပါ။ တတိုင်းတပြည်လုံးနှင့်ပြည်သူ တစ်ရပ်လုံး၏ သဘောထားဆန္ဒကိုလေးလေးနက်ခံယူပြီး ဆောင်ရွက်တက်လှမ်းရမည့် တိုင်းပြည်နဲ့ပြည်သူတွေရဲ့ အရေးတော်ကြီးဖြစ်ပါ သည်။
 ဧရာဝတီမြစ်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ရပ်ရပ်ကိုဖြစ်စေ မည်သူ့ထံကိုမျှ မည်သူကမျှ အချိန်ကာလ သတ်မှတ်၍ဖြစ်စေ၊ လွှဲပြောင်းပေါင်နှံရောင်းချနိုင်သည့်ကိစ္စလည်းမဟုတ်ချေ။ ထိုသို့ဆောင်ရွက်နိုင်ရန်မည်သူ့ကိုမျှမည်သည့် အဖွဲ့အစည်းကိုမျှ အခွင့်အာဏာလွှဲအပ်ထားခြင်းမရှိပါ။
သို့ပါ၍ ဧရာဝတီမြစ်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အစိတ်အပိုင်း တစ်ရပ်ရပ်ကိုဖြစ်စေ၊ အချိန်ကာလ သတ် မှတ်၍  လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုနိုင်စေရေးအတွက် ပြည်သူအားလုံးက ထိထိရောက်ရောက် ပါဝင်တားဆီးနိုင်မည့် အဆင့်သို့ လက်တွေ့ တက်လှမ်းနိုင်ကြရေးအတွက် ပြည်သူတစ်ရပ်လုံးနှင့်အတူ၊ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ယဉ်ကျေးမှုအနုပညာ အစရှိသော လူမှုဘဝနယ်ပယ်အသီးသီး၊ ဘာသာရပ်ပညာရပ်ဆိုင်ရာအသီးသီး မှ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များအားလုံး စုပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တင်ပြတိုက်တွန်းအပ်ပါသည်။
ဧရာဝတီ၏အရပ်ရပ်ကံကြမ္မာကို သူ့ကိုပိုင်ဆိုင်သောပြည်သူများကသာ ဆုံးဖြတ်ရမည်။
ဤနည်းလမ်းဖြင့်သာ ဧရာဝတီကိုကယ်တင်နိုင်ပါမည်။

Comments