No conflict inside party: KIO


ကချင်ခေါင်းဆောင်အချင်းချင်းပစ်ခတ်မှုသတင်း KIO ငြင်းဆို
ကချင်ကလေး၊ ချင်းမိုင်
စက်တင်ဘာ ၆၊ ၂၀၁၁

ကချင်လွတ်မြောက်ရေး အဖွဲ(KIO) ဌာနချုပ်၏ စက်တင်ဘာ ၁ ရက်နေ့ အစည်းအဝေးအတွင်း ငြင်းခုံပစ်ခတ်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာ ရရှိသွားသည်ဟု
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားထားခြင်းမှာ လုံးဝ မှားယွင်းနေကြောင်း KIO က ယနေ့ ပြောလိုက်သည်။


KIO ထိန်းချုပ်ရာလိုင်ဇာမြို့အစည်းအဝေးတွင် ငြိမ်းချမ်းရေးလိုလားသူ ကချင် စစ်မူထမ်းဟောင်းအဖွဲ့နှင့် စစ်လိုလားသူ ကေအိုင်ကေ ခေါင်းဆောင်များ ပဋိပက္ခဖြစ်ပွားပြီး ပစ်ခတ်ကြသည်ဟု သတင်းက ဆိုသည်။

"အဲဒီနေ့မှာ ဘာအစည်းအဝေးမှ မရှိပါဘူး။ (ဒီလုပ်ရပ်က) KIO ကို သွေးကွဲအောင်လုပ်နေတာ။ အိမ်ကြက် အချင်းချင်း ခွပ်ခိုင်းချင်တာပေါ့" ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

အစိုးရက သတင်းမှား ထုတ်ပြန်ရခြင်းမှာ KIO ခေါင်းဆောင်များနှင့် ကချင်လူထု
လိုင်ဇာမြို့တွင် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ တွေ့ဆုံခဲ့ခြင်းနှင့် သက်ဆိုင်ဖွယ်ရှိကြောင်း၊
ထိုတွေ့ဆုံပွဲတွင် ပြောကြားသည့်
KIO ခေါင်းဆောင် ဂမ်ရှောင်၏ မိန့်ခွန်းကို ကချင်ပြည်သူများ အထူး စိတ်ဝင်စားကြသဖြင့် စစ်အစိုးရက အာရုံပြောင်းရန် ကြိုးပမ်းချက် ဖြစ်နိုင်ကြောင်း KIO က ထင်မြင်ချက်ပေးသည်။

ထိုအခမ်းအနားသည် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသကဲ့သို့ ငြိမ်းချမ်းရေးအတွက် လူထုက ဆန္ဒသဘောထားဖော်ထုတ်သည့်အခမ်းအနား မဟုတ်ဘဲ KIO ခေါင်းဆောင်ပိုင်းက လက်ရှိ လုပ်ဆောင်ချက်များနှင့်
အနာဂတ်အစီအစဉ် အသေးစိတ် တင်ပြသည့် အခမ်းအနား ဖြစ်သည်ဟု ဦးလာနန်က ပြောသည်။

“နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြနေတဲ့သတင်းတွေဟာ ဘာတခုမှ မှန်ကန်မူမရှိ (ဘူးဆို) တာကို ဒီနေ့သတင်းစာ (ဖော်ပြချက်)ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့တွင် “ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် လုပ်ကြံခံရ” ဆိုသည့် ပိုစတာများကပ်ထားသည်ကို
တွေခဲ့ရသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်သတင်းဌာနက ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရနှင့် KIO အကြား ၁၉၉၄ ခုနှစ်မှ စ၍ ၁၆ နှစ်တိုင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၁ ဇွန်လအစောပိုင်းမှ စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။


Comments