ဦးဂမ္ဘီရ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်
ရုပ်ပုံလွှာ
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
ဝက်ဆိုက်က ကူးယူတင်ပြသည်။
ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ (ခ) ညီညီလွင် ဖြစ်ပါသည်။
ဦးဂမ္ဘီရကို
၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ ဦးမင်းလွင်+ဒေါ်ရေးတို့မှ မကွေးတိုင်း၊
ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း(၇)ယောက်ရှိပြီး
ဦးဂမ္ဘီရမှာ (၅) ယောက်မြောက်ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊
အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ
လေးတန်းအထိ၊ အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။
ကလေးစစ်သားဖြစ်ရသေး…..
၁၉၈၈
ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏ စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး
ကျဆင်းမှုများကို ခံစားရခြင်းနှင့်အတူ နိုင်ငံရေးစိတ်များလည်း
အမြစ်တွယ်ခဲ့ဟန်ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့်
ပိတ်လိုက်ခြင်းကြောင့်လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှုကင်းလွတ်
သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့် ပေခဲ့၊ တေခဲ့သေးသည်။ မိသားစု
အုပ်ချုပ်မှု ပုံစံအရ ဖခင်မှာ စစ်မှုထမ်းဟောင်း တဦးဖြစ်ခြင်းကြောင့်
စည်းကမ်းတင်းကျပ်ကာ စစ်တပ်ပုံစံ အုပ်ချုပ်ခဲ့သည်။ လူငယ်ဘ၀တွင်
ကြောက်ရွံ့ရသောပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက် ရှာကြစမြဲဖြစ်သည် နှင့်အညီ မိဘ၏
တင်းကျပ်မှုအောက်တွင် အသက်ငယ်ငယ်နှင့် ပေတေ လေလွင့်ခဲ့သည်။ ထိုအခါ မိဘများက
ပို၍တင်းကျပ်၊ တဖန် လူငယ်က ထွက်ပေါက်ရှာ မှားသည့်အခါ နောက်ဆုံး
ငရဲတွင်းရောက်ခဲ့ရသည်။ ဤသို့ဖြင့် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားဘ၀တွင် ကလေး
စစ်သားဖြစ်ခဲ့ရသည်။အိမ်မှ ရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက
အပူတပြင်း လိုက်လံ စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာနတစ်ခုတွင်ဟု
စုံစမ်းသိရှိရသောအခါ လိုက်လံကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက
ပေါက်မြို့သို့ လာရောက်စုံစမ်းခဲ့သည်။
သာသာနာ့ဘောင်ရောက်ပြီ…..
သားဖြစ်သူကို
တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက်မပြည့်ဘဲ စစ်မှုထမ်းရမည်၊ ထောင်ဒဏ်ကျခံရမည်စိုး
သောကြောင့် ပေါက်မြို့လေသာတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ
သာမဏေအဖြစ် စတင် ၀င်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ အင်းစိန်ရွာမကျောင်းတိုက်သို့
ပို့ဆောင်ပေးခဲ့သည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ ပရိယတ္တိစာပေးများသင်ကြားခဲ့သည်။
မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ အစိုးရစာမေးပွဲများနှင့်
နိကာယ်လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည်။သီတင်းသုံး နေထိုင်ခဲ့သော
ကျောင်းများမှာ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊ သဒ္ဓမ္မ၀ံသ အလုံကျောင်းတိုက်၊
ပခုက္ကူအရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေးမစိုးရိမ်ကျောင်းတိုက်တို့ဖြစ်သည်။ အသက် ၂၀
အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒါယိကာ ဦးသိန်းဦးတို့ဇနီးမောင်နှံနှင့်အတူ၊
မိသားစုတို့က ရဟန်းခံပေးခဲ့ပါသည်။ စာဝါလိုက်နေစဉ်အတွင်း ကရင်ပြည်နယ်
မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သာသနာပြုခဲ့ပါသည်။
ရည်မှန်းချက်မှာ …
ထောက်ကြံ့တောရ၌
နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။
စာချဘုန်းကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်း တကျောင်းမှလည်း
ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်းခံရသည်။ သို့သော် ဓမ္မာစရိယတန်းပြီးလျှင်
သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာ
ပြုတက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားပြီး
နိုင်ငံတကာသာသနာပြု ဓမ္မကထိကအဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။
ပင်ကိုယ်စိတ်နေစိတ်ရင်း…..
မိမိ၏
တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး
လွတ်လပ်မှုကိုခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။
စာပေကိုမြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေးဆိုင်ရာစာအုပ်များ၊
အင်္ဂလိပ်စာနှင့်ဆိုင်သောစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့် ဆိုင်သောစာအုပ်များကို
အမြဲဝယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ စာကြည့်တိုက်များသို့
စာအုပ်များလှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက်တခုကို
ထူထောင်၍ စာအုပ်များလှူဒါန်းခဲ့သည်။ ဇီဝိတဒါန သွေးလှူခြင်းအမှုကိုလည်း
နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည်။ အချိန်ရလျှင်လည်း အင်္ဂလိပ်စာနှင့်
ကွန်ပြူတာပညာတို့ကို လေ့လာလိုက်စား ခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ
တို့ကိုလည်း လေ့လာလိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်းရေးသားခဲ့
သည်။
လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း
စာဝါလိုက်နေစဉ် ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာ
ရေးနိမ့်ကျနေမှုများကို အထူးသိမြင်ကာ လျစ်လျူမရှုရက်တော့ဘဲ သံဃာထုအတွင်း
စည်းရုံးမှုများကို စတင်ခဲ့သည်။ ဒီပဲယင်း အရေးအခင်းကာလက နှစ်ကြီးထောင်ကျ
အကျဉ်းသားများကို သင်္ကန်းစည်းပေးကာ ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားများအား
အာဏာပိုင်များက အသတ်ခိုင်းမှုအပေါ် အထူးစိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏
ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်ကြီးအား အသရေ ညှိုးနွမ်းအောင်ပြုလုပ်မှု၊ ဘုန်းကြီး
အယောင်ဆောင်ကာ ဗုဒ္ဓဘာသာကိုနာမည်ဖျက်မှု၊ န.အ.ဖ စစ်အုပ်စု၏ အာဏာတည်မြဲရေး
တခုတည်းကိုသာပြုလုပ်နေမှုတို့ကြောင့် မိမိ၏ ရည်မှန်းချက်များ စတေးပြီးံ
စာဝါမလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာအရေးအခင်းကို ဦးဆောင်ပါဝင် လှုပ်ရှားခဲ့
ရပါတော့သည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု…..
သူ၏
မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ
သံဃာတော် အရှင်သူမြတ်အားလုံးနှင့် ပေါင်းစည်းလက်တွဲနိုင်ခဲ့သည်။
ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီး
အောင်မြင်စွာပေါ်ပေါက်လာခဲ့ရသည်။သို့သော် အာဏာရှင်ဗိုလ်ချုပ်ကြီးများအနေဖြင့် သံဃာတော်အရှင်သူမြတ်များ၊
ပြည်သူများ၊ ကျောင်းသား လူငယ်များအပေါ် ဤကဲ့သို့ ရက်ရက်စက်စက်
ချေမှုန်းသတ်ဖြတ်ပစ်လိမ့်မည်ကိုတော့ သူလုံးဝမျှော်လင့်မထားမိခဲ့။ ဤမျှ ရိုင်းစိုင်း
ယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက
နောက်ပိုင်းတွင် ဖွင့်ဟမြွက်ကြားခဲ့သည်။ ဤအဖြစ်ဆိုးကြီးကို
ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများ ခံစားရကာ ကျန်းမာရေးထိခိုက်လာခဲ့သည်။
သို့သော်လည်း ကျန်းမာရေး ချို့ငဲ့နေသည့်အကြားကပင် ရှောင်တိမ်းပုန်းအောင်းရင်းနှင့်
အရေးတော်ပုံ အရှိန်အဟုန်ကျမသွားရေး ဆက်လက်ထိန်းသိမ်း သယ်ပိုးနေခဲ့ရသည်။ မိတ်ဆွေ
အသိုင်းအ၀ိုင်းများမှ သူ၏ လွတ်မြောက်ရေးအတွက် ပြည်ပသို့ ထွက်ခွာသွားရန်
တိုက်တွန်းပြောဆိုခဲ့သော် လည်း "တိုက်ပွဲ မအောင်မြင်မချင်း ပြည်ပသို့
ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင်ရဲဘော်များအကြား ထားရှိခဲ့သည့်
ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့ သည်။
အဖမ်းခံရ…..
ယခုအချိန်တွင်မူ
အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုအောက်၌ အဖမ်းခံလိုက်ရပေပြီ။
နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်း ပုန်းအောင်နေထိုင်သည့် စဥ့်ကိုင်နယ်ထဲတွင်
အဖမ်းခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း
အထီးကျန်စံပယ်နေရသည်။ ထောင်ကျနေသော်လည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့်
ပထမအကြိမ် ထောင်ဝင်စာ တွေ့ဆုံခွင့်ရခဲ့သည်။ မိဘများ၏ စီးပွားရေးအခြေအနေ
ယိမ်းယိုင်နေခြင်းနှင့်အတူ ခရီးလည်း ဝေးကွာသည့်အတွက် ထောင်ဝင်စာ
ပုံမှန်တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန်နေကြရသည်။ ဦးဂမ္ဘီရသည်
ထောင်တွင်းအထီးကျန်မှုကို တရားတော်များမှတ်၍ ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့်
ရဟန်း ရှင် လူ ပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ်သံကို နားစွင့်နေမည်မှာ
မလွဲဧကန်ပင်။
ဦးဂမ္ဘီရ ပြောနေကြစကား …
“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက
လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊
ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊
သာသနာပြုနိုင်ဖို့ဆိုတာကလည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊
မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှ မရှိတဲ့ ကျုပ်တို့က
လူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေကို လုပ်ကတည်းက
ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့ သေမှာ နှစ်မျိုးပဲရှိတယ်“

Comments