ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ဝန်ကြီးတွေ့ဆုံ၊ သတင်းထောက်မေးခွန်းများဖြေကြား
မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၁
အင်န်အယ်ဒီပြန်ကြားရေး၏ သတင်းဓာတ်ပုံများနှင့် အသံဖိုင်များအရ
ယမန်နေ့နေ့ခင်း၊ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ကြံ့ဖွံ့ဝန်ကြီး
ဦးအောင်ကြည်နှင့် အင်န်အယ်ဒီပါတီနှင့် မြန်မာပြည်လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂ ဖက်ပူးပေါင်း
သတင်းထုတ်ပြန်မှုနှင့် သတင်းထောက်အမေးများကို ဖြေကြားခဲ့ကြသည်ကို တွေ့ရသည်။
နိုင်ငံတော်သမ္မတကြီးက
လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့်ကိစ္စ ၊ ဧရာဝတီအရေး
နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန်၊ ဥပဒေပြင်ပက လက်နက်ကိုင်များကို
ဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ပြည်တွင်း တည်ငြိမ်ရေး၊
ဥပဒေစိုးမိုးရေး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေးများကို ဆွေးနွေးကြောင်း၊
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။
အင်န်အယ်ဒီ
ပါတီမှတ်ပုံတင်မလား၊ ဒေါ်စု ရွေးကောက်ပွဲ ကိုယ်တိုင် ၀င်မည်လားဟု
သတင်းထောက်မေးခွန်းများကို ဖြေကြားရာတွင် လက်ရှိအစိုးရက အင်န်အယ်ဒီပါတီအား
ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်၊ ဥပဒေနဲ့အညီ လက်တွဲရန် ကြိုဆိုကြောင်း၊
ဦးအောင်ကြည်က ပြောကြားသည်။ ဒေါ်စုက အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲ ဆိုတာကို
မဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲတခု၏ အခင်းအကျင်းကိုသာ မူတည်စဉ်းစားကြောင်း၊
မိမိပါတီ စီအီးစီများကို တင်ပြဆွေးနွေးရမည် ဖြစ်ကြောင်း ဖြေကြားသည်။
သမ္မတဦးသိန်းစိန်၏
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရန် အဆိုပြုချက်ကို ဒေါ်စုက
ကြိုဆိုကြောင်း၊ မည်သည့်အစိုးရမဆို ပြည်သူလူထု၏ အများဆန္ဒကို
နားထောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊
တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်အရေးများအတွက်
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းပြည်အကျူိုးကိုသာ ဦးတည်ပြီး
မိမိက ဆောင်ရွက်မည်ဖြစ်သည်ဟု ဒေါ်စုက မှတ်ချက်ပေးသည်။ သမ္မတနှင့်
ထပ်မံတွေ့ဆုံရန် အစီအစဉ်များ ရှိမရှိကိုမူ မိမိဖက်က
စီစဉ်ထားခြင်းမရှိကြောင်း ဖြေသည်။
(ဓာတ်ပုံနှင့် အသံ – အင်န်အယ်ဒီပြန်ကြားရေးမှတ်တမ်း)
Comments