Suu with Q & A

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
စက်တင်ဘာ ၉ ရက်၊ ၂၀၁၁၊ အာရ်အက်ဖေအသံလွှင့်အစီအစဉ်


◊ မချိုဇင်လတ် (ဗြိတိန်နိုင်ငံ) ◊ မေးခွန်း ။ ။ မင်္ဂလာပါ အန်တီဒေါ်အောင်ဆန်းစုကြည်ရှင့်။ ကျမကတော့ မချိုဇင်လတ်ဖြစ်ပါတယ်ရှင်။ အန်တီရှင့် ကျမတို့မြန်မာပြည်ဟာ အင်အားကြီး တရုတ်ပြည်နှင့်နယ်နိမိတ်ခြင်း ဆက်စပ်နေပြီး ထိုတရုတ်ပြည်ရဲ့လွှမ်းမိုးခြင်းဟာလည်း အတော်လေးများပြားလှပါတယ်။ စစ်အစိုးရအဆက်ဆက်ကလည်း တရုတ်ပြည်ရဲ့ မြန်မာပြည်မှာစီးပွားရေးကိုလိုနီဟာ ကြောက်ခမန်းလိလိပင်ဖြစ်ပါတယ်။ စစ်အစိုးရဟာ မြန်မာပြည်ပိုင်ကျွန်းတချို့ကို တရုတ်စစ်တပ်ရဲ့ ရေတပ်ကင်းစခန်းဆောက်ခွင့်ပေးထားတယ်လို့ သတင်းများထွက်ပေါ်လာသလို မြန်မာ ပြည်ရဲ့နယ်စပ်အနီးမှာ တရုတ်စစ်တပ်ရဲ့စစ်စခန်းများဆောက်မယ်ဆိုတဲ့ သတင်းများလည်းထွက်ပေါ်နေပါတယ်။ တခါ မြန်မာပြည် ရခိုင် ဒေသမှ သဘာဝဓာတ်ငွေ့ကိုပိုက်လိုင်းနှင့် တရုတ်ပြည်ကိုတင်ပို့ဖို့လည်းရှိပါတယ်။ ဒီသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ လုံခြုံရေးကိုအကြောင်း ပြပြီး တရုတ်စစ်တပ်က အချိန်မရွေးဝင်ရောက်လာနိုင်ပါတယ်။ ဒီလို တရုတ်ပြည်ရဲ့စီးပွားရေး၊ စစ်ရေးကျွန်ပြုလာနိုင်တဲ့အန္တရာယ်တွေကို ဘယ်လိုမျိုးတားဆီးလို့ရမလဲဆိုတာ ပြောပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

◊ အဖြေ ။ ။ ဘယ်လိုပြည်ပအန္တရာယ်မျိုးမဆို တားဆီးနိုင်တဲ့အကောင်းဆုံးနည်းကတော့ ပြည်တွင်းစည်းလုံးညီညွတ်မှုဖြစ်ပါတယ်။ ပြည် သူက အစိုးရကို ယုံကြည်လေးစားမယ်၊ အစိုးရကလည်း ပြည်သူကိုလေးစား တန်ဖိုးထားမယ်၊ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မယ်၊ အားလုံးက ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်လုပ်မယ်ဆိုလို့ရှိရင် ပြည်ပအန္တရာယ်တွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အန်တီတို့ရဲ့အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ပြည်တွင်းအခြေအနေတွေကောင်းသလောက်လိုက်ပြီးတော့ ဒီပြည်ပဆက်ဆံရေးဟာလည်း ကောင်းမှာဖြစ်ပါတယ်။
....... ..........

◊ မသက်အိနြေ္ဒဦး (ဗြိတိန်နိုင်ငံ) ◊ မေးခွန်း ။ ။ မင်္ဂလာပါ အမေဒေါ်အောင်ဆန်းစုကြည်ရှင်။ သမီးကတော့ သက်အိနြေ္ဒဦးဖြစ်ပါတယ်ရှင်။ အမေရှင့် သမီးသိချင်တာကတော့ အမေနဲ့သမ္မတဦးသိန်းစိန်၊ ဦးအောင်ကြည်တို့နဲ့တွေ့တာတွေကို တချို့က အမေ့ကို ဦးသိန်စိန်အစိုးရက အသုံးချနေတယ်ဆိုပြီး ပြောသံ တချို့ ကြားရပါတယ်ရှင့်။ ဒီလို မြင်နေသူတွေကို အမေ ဘယ်လိုပြောချင်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

◊ အဖြေ ။ ။ အမေကတော့ အမေ့ကိုအမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။ ပူးတွဲပြီးတော့ လုပ်ဆောင်တယ်လို့ပဲ မြင်ပါတယ်။ တကယ်ပဲ အသုံးချခံရတယ်ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုလို့ရှိရင် မနှစ်မြို့စရာမရှိပါဘူး။ ယုံကြည်ချက်နဲ့ပဲ ဆက်လုပ်သွား မှာဖြစ်ပါတယ်။
....... .....

◊ စိုင်းအောင်ဘ (ကချင်ပြည်နယ်) ◊ မေးခွန်း ။ ။ အန်တီစုကို ကျနော်မေးခွန်းတစ်ခု မေးချင်ပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့တဲ့ကိစ္စမှာ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ကြားတာလား။ NLD က ဗဟိုအမှုဆောင်တွေရဲ့ သဘောတူညီချက်ကောရရဲ့လား။ အဲဒါလေးလည်း သိချင်ပါတယ်။ နောက်တစ်ခုက နေပြည်တော်အလုပ် ရုံဆွေးနွေးပွဲမှာ သုံးရက်ကျင်းပတဲ့အထဲက ဒုတိယနေ့တစ်ရက်ပဲတက်ပြီး နှစ်နာရီပဲနေခဲ့တဲ့အနေအထားက ဘယ်လိုကြောင့်ပါလဲ။ အဲဒါ လေး သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

◊ အဖြေ ။ ။ နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ပဲနဲ့ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ ဆုံမှုနဲ့ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြီးဖြစ်ပါတယ်။ အလုပ်ရုံးဆွေးနွေးပွဲကို ခဏပဲတက်တာက ပြန်လာစရာ ကိစ္စရှိနေလို့ပါ။
....... .......

◊ ဦးမောင်မောင်ခင် (ထိုင်းနိုင်ငံ) ◊ မေးခွန်း ။ ။ အန်တီစုခင်ဗျာ့။ ကျနော့် နာမည်ကတော့ မောင်မောင်ခင်ဖြစ်ပါတယ်။ ကျနော်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက် ပိုင်းမှာ ပြည်ပကိုထွက်ခွာပြီး အတိုက်အခံလုပ်ခဲ့တဲ့လူတယောက်ပါ။ ပြီးတော့ ရမ်ဘိုကားအပိုင်းလေးနဲ့အခု အန်တီစုရဲ့အကြောင်း ကိုရိုက်ထားတဲ့ The Lady ကားမှာလည်း အန်တီစုကို ဓနုဖြူမှာပစ်မိန့်ပေးတဲ့ ဗိုလ်ကြီးမြင့်ဦး အဖြစ်သရုပ်ဆောင်ခဲ့တဲ့သူပါ။ အခု သမ္မတ ဦး သိန်းစိန်က ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့်ရောက်သွားသူများ ကို ပြန်လာကြပါလို့ခေါ်ပါတယ်။ အဲတော့ ကျနော်တို့ကလည်းပဲ ကျနော်တို့နိုင်ငံတွေမှာ ပြန်နေချင်ပါတယ်။ ကျနော်တို့နိုင်ငံ တိုးတက်ရာတိုးတက်ကြောင်းကို ကျနော်တို့ တတ်စွမ်း သမျှ လုပ်ချင်ပါတယ်။ ကျနော်တို့လိုလူတွေကို ဗမာပြည်မှာ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဘယ်လောက်အထိ ပါဝင်ခွင့်ပေးမယ်၊ ဘာတွေလုပ်လို့ရ မယ်လို့ အန်တီစုထင်ပါသလဲခင်ဗျာ့။ အဲဒါလေးကို အန်တီစုအနေနဲ့ဖြေကြားပေးလို့ရမယ်ဆိုရင် ဖြေကြားပေးပါခင်ဗျာ့။ ကျေးဇူးတင်ပါတယ်။ အန်တီစု ကျန်းမာပါစေ။

◊ အဖြေ ။ ။ မြန်မာနိုင်ငံကို ပြည်ပမှပြန်လာနိုင်ဖို့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့ရှိတယ်လို့ တချို့သ တင်းတွေက ကြားရပါတယ်။ အဲဒီအချက်အလက်တွေပေါ်မှာအခြေခံပြီး ကိုမောင်မောင်ခင်တို့ စီစဉ်ဆောင်ရွက်ရင်ကောင်းမယ်လို့ ထင်ပါ တယ်။ အန်တီ့အမြင်မှာတော့ မြန်မာနိုင်ငံလိုနေရာမှာ တကယ်အကျိုးပြုချင်တဲ့သူ ဘယ်သူမဆိုအတွက် အလုပ်ကတော့ ရှိနေမှာပဲ။ လိုအပ် ချက်တွေကများနေတာကိုး။ စေတနာရှိရုံနဲ့တော့ မပြီးဘူးလေ။ ဇွဲဝီရိယနဲ့ ရုန်းကန်လုပ်ရမယ့်ကိစ္စတွေက အများကြီးပါပဲ။
....... .........

◊ ကိုမင်းမင်း (နယ်သာလန်နိုင်ငံ) ◊ မေးခွန်း။ ။ အမေစုခင်ဗျာ။ ကျနော်မင်းမင်းပါ။ မြန်မာပြည်မှာတုန်းက အကသဗဟန်းမြို့နယ်မှာ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါ တယ်။ ၁၉၉၅ အမေစုနေအိမ်အကျယ်ချုပ်ကလွတ်လာစဉ်မှာ အမေစုကို လာရောက်ဂါရဝပြုဖူးပါတယ်။ အခု ကျနော်မေးချင်တဲ့မေးခွန်းက တော့ စစ်အစိုးရနိုင်ငံရေးအရ လုပ်ဆောင်ချက်တိုင်းမှာ ဥပမာ အမျိုးသားညီလာခံကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ ၂၀၁၀- ရွေး ကောက်ပွဲကိစ္စတွေမှာ သဘောထားအမြင်အရမဟုတ်ပဲ အဖွဲ့စည်းအတွင်းမှာပါကွဲသွားတာတွေ ကျနော်တို့ကြုံတွေ့ခဲ့ရပါတယ်။ အခု အမေ စုနဲ့ လက်ရှိအစိုးရပြုလုပ်နေတဲ့ ထိတွေ့ဆက်ဆံမှုတွေဟာလည်း အစိုးရရဲ့နိုင်ငံရေးအရ ပြုလုပ်ဆောင်ရွက်မှုတွေလို့ ကျနော်ခံယူပါတယ်။ ဒါကြောင့် ဒီလိုပြုလုပ်မှုတွေမှာကော အတိုက်အခံအဖွဲ့အစည်းတွေကြားမှာ ပြိုကွဲမှုတွေ ဖြစ်နိုင်ပါသလား။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဘယ်အချက်ကပြိုကွဲမှုတွေ ဖြစ်နိုင်ပါသလဲ။ ပြိုကွဲမှုတွေမဖြစ်အောင် ကျနော်တို့အနေနဲ့ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ အမေစု ကျနော်တို့ကို သြဝါဒပေးစေချင်ပါတယ်ခင်ဗျာ။

◊ အဖြေ။ ။ သဘောထားမတူလို့ အုပ်စုတွေကွဲတယ်ဆိုတာ မထူးဆန်းပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ဒါတွေရှိတတ်ပါတယ်။ အရေးကြီး တာက သေသေချာချာစဉ်းစားဆင်ခြင်ပြီး နိုင်ငံအတွက်ကောင်းမယ်လို့ယုံကြည်တဲ့ကိစ္စတွေကို ပြတ်ပြတ်သားသားဆောင်ရွက်ရေးနဲ့ ညီ ညွတ်ရေးကိုလည်း တည်ဆောက်ဖို့ကြိုးစားသွားဖို့ပါပဲ။
....... ........

◊ ကိုအောင်ကိုကိုလွင် (ဂျပန်နိုင်ငံ) ◊ မေးခွန်း ။ ။ မင်္ဂလာပါအန်တီစုခင်ဗျာ။ ကျနော့်နာမည် အောင်ကိုကိုလွင်ပါ။ ဂျပန်မှာနေပါတယ်။ ကျနော် သိချင်တာလေးတစ်ခုလောက် မေးပါရစေ အန်တီ။ အန်တီ့အိမ်ထဲကို မဖိတ်ခေါ်ပဲနဲ့ ရေကူးဝင်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို ဘယ်လိုလူစားမျိုးလို့ အန်တီထင်ပါသလဲ။ သူ့ကြောင့် နေအိမ်အကျယ်ချုပ် ထပ်မံ ကျခံလိုက်ရတဲ့ကိစ္စကိုကော အန်တီဘယ်လိုများ တွေးနေမိပါသလဲ။ ဂျွန်ယက် တော ရေကူးဝင်ရောက်တဲ့ကိစ္စဟာ သွေးရိုးသားရိုးလို့ကော အန်တီထင်ပါသလားခင်ဗျာ့။ အန်တီ ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်၏ချမ်း သာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။

◊ အဖြေ ။ ။ ဂျွန်ယက်တော ခြံထဲဝင်လာလို့ ဖြစ်ပေါ်လာခဲ့ရတဲ့အမှုတစ်လျှောက်မှာ တတ်နိုင်သမျှ ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုတဲ့မူနဲ့ တရားဥပဒေဘောင်အတွင်းက ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် တရားရုံးမှာ အန်တီရဲ့ဥပဒေပညာရှင်တွေက တင်ပြခဲ့ပြီးတာတွေကလွဲလို့ ဘာမှထပ်ပြောစရာမရှိတာကို ကိုအောင်ကိုကိုလွင် နားလည်ပေးစေချင်ပါတယ်။

Comments