ဦးကျော်ဆန်းနဲ့
ငြိမ်းချမ်းရေး
တူမောင်ညို
စက်တင်ဘာ ၅၊ ၂၀၁၁
ကိုလိုနီခေတ်က ကျေးလက်မှာ
သူကြီးဆိုတာအာဏာအရှိဆုံးမဟုတ်လား။ အဲဒီလိုသူကြီးတွေထဲမှာ“နှစ်လုံးပြူးသေနတ်”
ရထားတဲ့သူကြီးက ပိုပြီးအာဏာရှိတာပေါ့။
ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ“နှစ်လုံးပြူး” ရ ထားတဲ့ သူကြီးဖြစ်တယ်။
သူပြောနေတဲ့ စကားတွေနဲ့သူပြောနေတဲ့ အကြောင်းအရာတွေကို ကြည့်ရင် သူဟာ အခြားသော ဝန်ကြီးတွေလို
မဟုတ်ဘဲ၊ “နှစ်လုံးပြူး” ရ ထားသူဖြစ်တယ်ဆိုတာ သိသိသာရှိလှတယ်။
သူဟာအခြားသော
ပြည်ထောင်စုဝန်ကြီးတွေအားလုံးထက် ပြောနိုင်ဆိုနိုင်သူဖြစ်တယ်။ (နအဖ)စစ်အစိုးရ လက်ထက်
ကလည်း ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ခေါင်းဆောင်၊ ယခု ဦးသိန်းစိန် အစိုးရအဖွဲ့မှာလည်း
ပြောရေးဆိုခွင့် အဖွဲ့ခေါင်းဆောင်ဖြစ် တယ်။
အမျိုးသားလွှတ်တော်မှာ
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်၁၂
မှ ဦးဆွေအောင်မေးတဲ့ “မေးခွန်းနဲ့ အဆို” ကို ဖြေကြားပြောဆိုရာမှာ သူ့ ပါဝါကိုပြသွားတယ်။
အဲဒီလို ပါဝါပြရင်း
“ငြိမ်းချမ်းရေးဖခင်ဟုပြော၍ရသည့် သခင်ကိုယ်တော်မှိုင်း” ဆိုပြီး “ဝှေ့” သွားသေးတယ်။
ဒါဟာ “ငြိမ်းချမ်းရေး”ကြားဝင်ဆောင်ရွက်မယ်ဆိုသူတွေကိုသတိပေးလိုက်တာပဲဖြစ်တယ်။
“သခင်ကိုယ်တော်မှိုင်း”လည်း ပမာမထားဘူးဆိုတဲ့သဘောဖြစ်တယ်။
နောက်တစ်ချက်က ငြိမ်းချမ်းရေးလှုပ်ရှားမှု/ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်လာရင် (ဖဆပလ) (မဆလ) အုပ်စိုးသူတွေနဲ့ သူတို့ဟာ“ချိုတူ
ဘို့တူ” တွေဖြစ်တယ်ဆိုတဲ့အချက်ကိုပြသလိုက်တာဖြစ်တယ်။
“ပြည်တွင်းသောင်းကျန်းမှုသမိုင်း”
စာအုပ် စတင်ပုံနှိပ်နေပြီး၊ မကြာခင်ထုတ်ဝေမယ်လို့ဆိုတော့ ပြည်တွင်းစစ်ရပ်စဲရေး၊
ပြည်တွင်းငြိမ်းရေးနဲ့ ပတ်သက်လို့ သူတို့သဘောထား(ယခင်/ယခု) ဘာမှမပြောင်းလဲဘူးဆိုတာ
ကို ထုတ်ဖေါ်ပြသနေတဲ့ အချက် တစ်ခုပဲ မဟုတ်ပါလား။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စကို
အခုလို ခပ်တင်းတင်း/ ခပ်ရှင်းရှင်း
ပြောထား ပါတယ်။ “နိုင်ငံတော်အစိုးရအနေနှင့်ငြိမ်းချမ်းရေးကမ်းလှမ်းလာသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကြေညာချက်အမှတ် (၁/၂၀၁၁) ပါ အတိုင်း လက်ခံဆွေးနွေးညှိနှိုင်းပြီး
ပထမဦးစွာ ယာယီအပစ်အခတ်ရပ်ဆိုင်းရေး၊ ၄င်းမှတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင်
ဆက်လက်ဖော်ဆောင်သွားမည်”တဲ့။
“တစ်ဖွဲ့ချင်းဆွေးနွေးမယ်” ဆိုတာကို
ထပ်မံအတည်ပြုပြောဆိုတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့
ဆွေးနွေးပွဲရဲ့ဘောင်ကိုကြိုတင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အဲဒီဘောင်သတ်မှတ်ချက်ကို
ဟောဒီလိုပြောသွားတယ်။
“နိုင်ငံတော်အစိုးရ အနေဖြင့်
တိုင်းရင်းသားလက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖေါ်ဆောင်ရာတွင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သည့်
မူဘောင်အတွင်းမှ လိုက်လျောနိုင်သမျှလိုက်လျောပြီး
နှစ်ဖက်မျှမျှတတနှင့်ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင်
ကြိုးပမ်းဆောင်ရွက်သွားမည်” တဲ့။
ဒီဘောင်ကိုတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေလက်ခံနိုင်ပါသလော။
ကြားဝင်ဖြေရှင်းမယ်လို့ဆိုသူတွေအတွက်လည်း
“ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင် သည့်
မူဘောင်အတွင်း”က နေ ဆောင်ရွက်ကြရလိမ့်မယ်။
ကြားဝင်ဆောင်ရွက်မည့်သူတွေကလည်း ဒီ ဘောင်ကို လက်ခံနိုင်ပါသလော။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေး
ရပ်တည်ချက်က “ ပွဲစားမဟုတ်၊ နှစ်ဖက်ကြားကဆောင်ရွက်တဲ့ အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထု အကျိုးဆန္ဒနဲ့ကိုက်ညီတဲ့
ငြိမ်းချမ်းရေးကိုရရှိစေဖို့ ပြည်သူလူထုကို
အခြေခံပြီးဆောင်ရွက်သွားမယ့်အဖွဲ့ ဖြစ်ပါတယ်”။
ဦးသိန်းစိန်အစိုးရနည်း က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်” ထဲ
မဝင်ဝင်အောင်ဆွဲသွင်းနေတဲ့နည်းဖြစ်တယ်။
“မှိုင်း” ရဲ့ ငြိမ်းချမ်းရေးမူ က
“ သူမနာ- ကိုယ်မနာ” တန်းတူရည်တူ ဆွေးနွေးအဖြေရှာတဲ့နည်းဖြစ်တယ်။
စစ်မှန်တဲ့
ငြိမ်းချမ်းရေးရရှိဖို့ကတော့ တမျိုးသားလုံးအကျိုးအတွက် ဒီမိုကရေစီအတိုင်းအတာ
ဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့် နဲ့ လုပ်ဆောင်နိုင်ခွင့်ရှိတယ်/မရှိဘူးဆိုတဲ့
အချက်အပေါ်မှာ အဓိကမူတည်နေပါတယ်။

Comments