ဦးသိန်းညွန့် နဲ့
သူ၏ မေးခွန်း
တူမောင်ညို
စက်တင်ဘာ ၁၁၊
၂၀၁၁
“ဦးသိန်းညွန့်”
ကို အကဲဖြတ်မလို့ မဟုတ်ပါဘူး။ ထူးခြားတယ်လို့ပြောရမှာလား။ ဆန်းကြယ်တယ်လို့ဆိုရမှာလား။
နှစ်ခု စလုံးပဲလား။ ရောထွေးနေပါတယ်။ ဒီတော့ စာဖတ်သူများကပဲ ဘယ်စကားလုံးနဲ့သင့်တော်မယ်ဆိုတာကို
ရွေးလိုက်ကြပါတော့။
ဦးသိန်းညွန့်ပတ်သက်ပြီး
အပေါ်ယံ တွေ့ထားတာလေးတွေ ရေးပြပါရစေ။
ဦးသိန်းညွန့်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဖြစ်ပါတယ်။
(NLD)ကနေ ပဲ့ ထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(NDF) မှာခေါင်းဆောင်ပိုင်းကပါခဲ့တယ်။ အဲဒီကနေ တစ်ခါ ကွဲကြခွါကြပြီး အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီပါတီသစ် (New
National Democracy Party )ဖွဲ့ပါတယ်။
အဲဒီ အမျိုးသားဒီမိုကရေစီပါတီသစ်
(New National Democracy Party ) မှာ
ဦးသိန်းညွန့်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။
သူ့ရဲ့
အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) က ရွေးကောက်ပွဲကော်မရှင်ထံ လွန်ခဲ့တဲ့ ဇူလိုင်လ
၎ ရက်နေ့မှာ “တည်ထောင်ခွင့်” လျှောက်ထားခဲ့ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ ကော်မရှင်က
တည်ထောင်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်တော့မရသေးပါဘူး။
အမျိုးသားဒီမိုကရေစီပါတီသစ်
(NNDP) ထဲမှာ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ လုပ်ခဲ့ဖူးသူ ၁၂ ဦးပါ
ဝင် ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ထဲမှာ “၂၀၁၀ရွေးကောက်ပွဲ” ကနေရွေးချယ်ခံရတဲ့
လွှတ်တော်ကိုယ်စား လှယ် ၅ ဦး ပါဝင်တယ်လို့ (ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၂ အမှတ် ၅၈၊ စာမျက်နှာ
၈ ) မှာဖော်ပြထားပါတယ်။
ဦးသိန်းညွန့် ဟာ
“၁၉၉၀ပြည့်ရွေးကောက်ပွဲ” မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်
ခဲ့ပြီး။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
ကနေရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် “၂၀၁၀
ရွေးကောက်ပွဲ”မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကနေ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သင်္ဃန်း
ကျွန်းမြို့နယ်ကနေ ရွေးချယ်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
ရွေးကောက်ပွဲ ၂
ခုဟာ တစ်ခုနဲ့တစ်ခု နှစ် (၂၀) ကျော်ကွာဝေးပါတယ်။ သူကိုယ်စားပြုတဲ့ ပါတီကတော့ (၃)
ပါတီပြောင်း ခဲ့ပြီးပြီ။ ဒါပေမယ့် သူဟာ ရွေးကောက်ပွဲ ၂ ခုစလုံးမှာ
မြို့နယ်တစ်ခုထဲကနေရွေးချယ်တင်မြောက်ခံရသူဖြစ်ပါတယ်။ ဦးသိန်းညွန့် ကို၂
ကြိမ်စလုံး ရွေးချယ်ခဲ့ကြတဲ့ သင်္ဃန်းကျွန်း ကလူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။
အကြောင်းမဲ့ သက်သက်တော့ ရွေးချယ်ခဲ့ကြ တာ တော့ဟုတ်ဟန်မတူပါဘူး။
ထူးခြားတယ်ပြောရမလား၊ ဆန်းကြယ်တယ်ပြောရမလားဆိုတာ အဲဒီလိုအချက်တွေကြောင့် ပြော
ရတာပါ။
ဦးသိန်းညွန့်က
ယခုကျင်းပနေဆဲလွှတ်တော်ထဲမှာ မေးခွန်းတစ်ခုမေးတယ်။
“၁၉၉၀ ပြည့်နှစ်
ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အရ နှစ်ပေါင်း (၂၀) ခန့် ရပ်တည်ခဲ့သော
တရားဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၂၀) နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက တစ်နည်းနည်းဖြင့်
အသိအမှတ်ပြုရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” မေးမြန်းခဲ့တယ်။
သူ့မေးခွန်းကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ကပြန်လည်ဖြေကြားတယ်။
ဦးမြင့်နိုင် က
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၈ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ (နအဖ) ရဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ
(ဥပဒေအမှတ် ၃/၂၀၁၀) ပုဒ်မ ၉၁(က) “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
ဥပဒေအမှတ်၁၄/၈၉) ကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်”၊ (ခ) “ဤဥပဒေဖြင့်
ရုပ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် လိုက်လျောညီထွေမရှိတော့သည့်အတွက်
ယင်း ရွေး ကောက်ပွဲရလဒ်များသည် အလိုအလျောက်ပျက်ပျယ်သည်ဟုမှတ်ယူရမည်”ဟု
ပြဋ္ဌာန်းထားပါကြောင်းဆိုတဲ့အချက်တွေကို ကိုးကား ပြီးဖြေဆိုသွားခဲ့ပါတယ်။
“၁၉၉၀ ပြည့်နှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ” နဲ့ “ရွေးကောက်ပွဲရလဒ်” တို့ဟာ (နဝတ-နအဖ)စစ်အစိုးရ
ရဲ့ မှတ်တမ်းဝင် အထင်ကရ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒါကိုဘယ်သူမှ ဖျောက်ဖျက်ပစ်လို့မရပါဘူး။
၁၉၈၈ ခုနှစ်၊
စက်တင်ဘာလ ၁၈ ရက်နေ့မှာ (နဝတ) စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် (၁/၈၈)
မှာပါရှိတဲ့ တာဝန်ကြီး ၄ ရပ်အနက် စတုတ္တမြောက်နောက်ဆုံး တာဝန်ဟာ “ပါတီစုံ
ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ”ကျင်းပရေးဖြစ်ပါ တယ်။
သမ္မတဦးသိန်းစိန်ရဲ့မတ်လ (၃၀)
ရက်နေ့မိန်းခွန်းမှာလည်း (နအဖ)စစ်အစိုးရက “အမွေခံကောင်းတွေပေးခဲ့ပြီ” လို့ ထည့်
သွင်းပြောကြားခဲ့သလို၊ ဟင်္သတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးက လည်း
(နအဖ) စစ်အစိုးရ လုပ်ဆောင် ချက်များနဲ့ပတ်သက်ပြီးကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့မှာ “ကျေးဇူးတင်ကြောင်း အဆို”တင်ပြခဲ့ပါတယ်။
(နဝတ-နအဖ)စစ်အစိုးရ
ရဲ့လုပ်ဆောင်ချက်တွေကို အဆိုပြုကြ၊ မှတ်တမ်းတင်ကြတဲ့နေရာမှာ “၁၉၉၀ ပြည့်နှစ်
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” နဲ့ “ရွေးကောက်ပွဲရလဒ်”
ကိုချွင်းချန်ထားလို့ မဖြစ်ပါဘူး။
လွန်ခဲ့တဲ့ ၂၀၁၁၊ မေလ
၂၇ ရက်နေ့ (ဗွီအိုအေ)နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် က “ရွေးကောက်ပွဲနဲ့ပတ်သက် လို့ဆွေးနွေးတဲ့၊ စကားပြောတဲ့ဟာတွေထဲမှာ
သမိုင်းမှာကျန်ရစ်ခဲ့ပြီဆိုတဲ့ အသုံးအနှုန်းကို တချို့က သုံးပါတယ်။ ကျမတို့ရဲ့ရွေးကောက်ပွဲကို
သမိုင်းနဲ့နှိုင်းယှဉ်ပြီး ပြောရတယ်ဆိုရင်ကို ဒီရွေးကောက်ပွဲဟာ ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာကို
အသိအမှတ်ပြုတာပဲ။ သမိုင်းနဲ့ကို ချီပြီးတော့ ဒီရွေးကောက်ပွဲက အရေးကြီးခဲ့တယ် ဆိုတာကို
ကျမတို့ မမေ့သင့်ပါဘူး”
“ကျမတို့ အနေနဲ့ ၁၉၉၀
ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို အမြဲကန့်ကွက်တယ်။ NLD ကို အာဏာ
မပေးလို့မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီးတော့
ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့၊ မလုပ်ကောင်းတဲ့ကိစ္စဆိုတာ ဒီတိုင်းပြည်ရဲ့သမိုင်းအတွက်
မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်း မဟုတ်ဘူး၊ နောင်လာမယ့် သမိုင်း အတွက်လည်း မကောင်းဘူး”
လို့ ပြောခဲ့ဖူးပါတယ်။
ဒီတော့ဗျာ။ ပြည်သူ့လွှတ်တော်ထဲမှာ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ပေးခဲ့တဲ့ အဖြေအရဆိုရင် “၁၉၉၀ ပြည့်
ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းမှု”ကို ဦးသိန်းစိန် အစိုးရသစ်နဲ့ လွှတ်တော်က
အတည်ပြုလိုက်တဲ့ သဘောဖြစ်ပါတယ်။
“ဖျက်သိမ်းမှု”ကို အစိုးရသစ်နဲ့ လွှတ်တော်က အသိအမှတ်ပြုနိုင်တယ်ဆိုရင်
“၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ” နဲ့ “ရွေးကောက်ပွဲရလဒ်” (တည်ရှိပြီးမှု)
ကိုလည်း အသိအမှတ်ပြုနိုင်ရမှာပေါ့။
(နဝတ-နအဖ) စစ်အစိုးရကိုယ်တိုင်ချမှတ်လုပ်ဆောင်ခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။
ဒါ့အပြင် “၁၉၉၀ ပြည့်နှစ်
ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ် ကို တစ်နည်းနည်းဖြင့် အသိအမှတ်ပြုရေး” ဆိုတဲ့ အချက်ဟာ
“ရွှေဂုံတိုင်ကြေညာစာတမ်း”ထဲက အရေးကြီးတဲ့ သဘောထားရပ်တည်ချက်တစ်ခုလည်းဖြစ်ပါတယ်။
ဆောင်းပါးနိဂုံးအနေနဲ့
အဆိုတစ်ခုပြုခဲ့ပါရစေ။
ပြည်သူ့လွှတ်တော်ထဲမှာ “၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကို
တစ်နည်းနည်းဖြင့် အသိအမှတ်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုကြောင်း” မေးမြန်းခဲ့တဲ့ ဦးသိန်းညွန့်ဟာ “၁၉၉၀
ပြည့် ရွေးကောက်ပွဲရွေးချယ်ခံဖြစ်သူ ကိုယ်စားလှယ်တစ်ဦးအနေနဲ့” သူ့တာဝန်ရှိမှုကို
သူ့နည်းသူ့ဟန်နဲ့ ထမ်းဆောင်သွားပဲလို့ အဆိုပြုရင်
ခင်ဗျားတို့ဘယ်လိုတုန့်ပြန်ကြမှာပါလိမ့်။
ညွန်း
- ရွှေဂုံတိုင်ကြေညာစာတမ်း
(၂၀၀၉ ဧပြီ ၂၉ )
- မြန်မာ့အလင်းသတင်းစာ
(၂၀၁၁ မတ် ၃၀- ၃၁ )
- မြန်မာ့အလင်းသတင်းစာ
(၂၀၁၁ သြဂုတ် ၃၀ )
- ပြည်သူ့ခေတ် ဂျာနယ် (အတွဲ
၂ အမှတ် ၅၈၊ စာမျက်နှာ ၈)
- ၂၀၁၁ ခုနှစ် ၊ မေလ ၂၇
ရက်၊ မသင်းသီရိ နှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး (ဗွီအိုအေ) သတင်းဌာန
-
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏
ဆောင်ရွက်ချက်သမိုင်းဝင်မှတ်တမ်း ( ၁၉၈၈ ခုနှစ် မှ ၁၉၉၁ ခုနှစ်)

Comments