US Delegation visits Phyu Phyu Thinn's Shelter


US  အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်  အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၁၁၊ ၂၀၁၁

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒဆိုင်ရာညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်သည် ယနေ့နံနက် ၁၀ နာရီက တောင်ဒဂုံမြို့နယ်ရှိ အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာ သို့သွားရောက်ခဲ့သည်။ 
 
အန်အယ်ဒီပါတီ၏ လူမှုထောက်ကူပြုအဖွဲ့မှ မဖြူဖြူသင်း တာဝန်ယူလုပ်ကိုင်လျက်ရှိသည့် တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာသို့ ဒဲရက်မစ်ချယ် လေ့လာစဉ် အတွင်း လူနာများအား အားပေးစကားပြောဆိုခြင်း  နှုတ်ဆက်ခြင်း လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်း တို့ လုပ်ဆောင်ခဲ့သည်။ 
မဖြူဖြူသင်းက “လက်ရှိဖြစ်နေတာ ကျွန်မတို့ လုပ်နေတဲ့ ၂၀၀၂ ကနေစပြီးတော့ ဒီနေ့အချိန်အထိ ပြည်သူတွေခံစား နေရတဲ့ HIV ကိုဒီအတိုင်းပဲ ဆက်ထားနေမယ်ဆိုရင် တကယ်ကို အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တော်တော်များများ ဒီရောဂါကို ခံစားနေရတယ်” ဟု အိတ်ခ်ျအိုင်ဗွီရောဂါ ပညာပေးရေး၊ ကုသရေး အရေးကြီးသည့် အကြောင်းကို ပြောဆိုသည်။ 
 
ဒဲရက်မစ်ချယ်က မဖြူဖြူသင်းကို နေပြည်တော်တွင် အစိုးရအဖွဲ့နှင့် တွေ့ဆုံသည့်အကြောင်း၊ ယခု အစိုးရအဖွဲ့သည် အနည်းငယ် ပြုသာပြင်သာ ဖြစ်လာသည့်အကြောင်းများကိုလည်း ပြောဆိုခဲ့သည်။ မဖြူဖြူသင်းက ဂျွန်မက်ကိန်းလာရောက်စဉ်ကလည်း စောင့်ရှောက်ရေး ဂေဟာသို့ လာရောက်ခဲ့သလို ယခု ဒဲရက်မစ်ချယ် လာရောက်သည့် အခါတွင်လည်း ဂေဟာသို့ လာရောက်ကြည့်ရှု သဖြင့် မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီ ရောဂါ ဖြစ်ပွားမှု အနေအထားကို နားလည် သဘောပေါက် လာကြောင်း မဖြူဖြူသင်းက ပြောသည်။
တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်ရေး ဂေဟာမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်များ အား ဆွေးနွေး နှစ်သိမ့်မှု အပြင် နေစရာ နေရာပါ စီစဉ် ထားရှိပြီး ဆေးဝါး ကုသမှုအပိုင်းကို အစိုးရဆေးရုံ သို့မဟုတ် နိုင်ငံတကာ အန်ဂျီအိုများနှင့် ဆက်သွယ် ဆောင်ရွက်ပေးသည့် ဂေဟာ တခုဖြစ်သည်။ ပုံမှန်အားဖြင့် အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် တစ်ရာဝန်းကျင်ကို စောင့်ရှောက် ပေးထားသည်။

Comments