ဗိုလ်ချုပ်မှူကြီး သမီး ၂ယောက်က မြေဧက ၅၀
တောင်းခံ
မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ
၂၈၊ ၂၀၁၁
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး
၂ ဦးဖြစ်သူ အေးသောင်းရွှေနှင့် သိင်္ဂရွှေတို့က ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်အနီး
မြေဧက ၅၀ ရရှိရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ထံ တောင်းခံထားကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီမှ အမည်မဖေါ်လိုသော အရာရှိတဦးက ပြောသည်။
ထိုသို့ တောင်းခံလာခြင်းအပေါ် မြို့တော်ဝန် ဦးလှမြင့်
အနေဖြင့် မည်သို့ ဆုံးဖြတ်မည် မသိရသေးကြောင်း၊ မြို့တော်ဝန် ဦးလှမြင့်သည် ဗိုလ်ချုပ်မှူးကြီးက
ရွေးချယ် ခန့်အပ်ထားသူအဖြစ် သိရှိထားကြပြီး ယခုနှစ်ဆန်း နအဖ အစိုးရ အာဏာလွှဲအပ်ခြင်း
မပြုမီ မြို့တော်ဝန် ဦးအောင်သိန်းလင်းအစား လဲလှယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ပါတီရန်ပုံငွေအဖြစ်
လုပ်ကိုင်ရန် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ဈေးရုံတရုံ တောင်းခံထားသည်ဟု ၎င်းအရာရှိကပင်
ပြောသည်။ ကြံ့ခိုင်ရေး ပါတီအား ဈေးရုံတရုံ ရောင်းချပေးရန်ကိစ္စနှင့် ပတ်သက်၍ ၎င်းပါတီအား
ပေးလျင် အခြားသော နိုင်ငံရေးပါတီများကိုပါ ရောင်းချပေးရမည့် သဘောဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားသည်ဟု
စည်ပင် အရာရှိကပြောပြသည်။
လှိုင်သာယာ စက်မှုဇုန်သည် ရန်ကုန်မြို့ရှိ အခြားသော စက်မှုဇုန်များအနက်
အကွာအဝေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရပါ အဆင်ပြေဆုံး စက်မှုဇုန်တဇုန်ဖြစ်ပြီး စီးပွားရေး
လုပ်ငန်းရှင်များ နှစ်သက်ဆုံး စက်မှုဇုန်ဖြစ်သည်။ လှိုင်သာယာ စက်မှုဇုန်မြေကွက် ၁ ဧက ဈေးနှုန်းမှာ
သိန်း ထောင်ဂဏန်း ထိရှိသည်ဟု သိရှိရသည်။
အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် အခွန်အကောက်ဆိုင်ရာ
ဖြေလျော့မှု လက္ခဏာများ မြင်တွေ့လာရခြင်းနှင့် အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု
ပိုမိုလာနိုင်သည့် အလားအလာရှိနေသဖြင့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်နှင့်
အခြားသောစက်မှုဇုန် မြေကွက်များအပေါ် လုပ်ငန်းရှင်ကြီးများ ပိုမို စိတ်ဝင်စားလာကြသည်။
ဧပြီလ ၃၀ ရက်နေ့ တွင် နအဖ အစိုးရဖျက်သိမ်းပြီးနောက်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရားဝင်မည်သည့် ရာထူးမျှတာဝန်ယူမထားတော့ သော်လည်း တပ်မှ
အနားယူ၊ မယူကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ ထို့အတူ ယခုအစိုးရသစ်အား နောက်ကွယ်မှ ကြိုးကိုင်လျှက်ရှိသည်ဟု
နိုင်ငံရေး အကဲခတ်သူ အများစုက ယုံကြည်လျက်ရှိကြသည်။
(ဓာတ်ပုံ - သန်းရွှေမိသားစု ပြုပြင်နေစဉ်
၂၀၀၉ ဇွန်လက ပြိုကျပျက်စီးခဲ့သော သမိုင်းဝင်ဓနုတ်စေတီကို ထီးတင်ခဲ့စဉ်ကတွေ့ရသော
သန်းရွှေမိသားစု၊ ဧရာဝတီသတင်း)

Comments