ကဗျာဆရာ ကြည်မောင်သန်း
ကွယ်လွန်
ခင်နှင်းလွင်။ ရန်ကုန်။
အောက်တိုဘာ ၂၂၊ ၂၀၁၁
မော်ဒန်ကဗျာဆရာ ကိုကြည်မောင်သန်းခေါ်
ကိုလှသန်း သည် ရန်ကုန်ဆေးရုံကြီးတွင် ကျောက်ကပ် ဝေဒနာနှင့်
ယနေ့ည ကိုးနာရီမိနစ် ၂၀ခန့်တွင် ကွယ်လွန် အနိစ္စရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုကြည်မောင်သန်းသည် “ဆူးလေလမ်း၏
ရာဇ၀င်” ကဗျာနှင့်စာပေလောကကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ပြီးနောက် တက်ကြွလှုပ်ရှားသူ ကဗျာဆရာတစ်ဦးလဲ
ဖြစ်သည်။
ကိုကြည်မောင်သန်းသည် ဇွန်လ ၂၀၀၈ခုနှစ်
ချယ်ရီမဂ္ဂဇင်းတွင် “ဒီပရင်္ဂ” ကဗျာကိုထည့်သွင်းခဲ့သဖြင့် အယ်ဒီတာကိုဌေးအောင်အား
အလုပ်မှ ထုတ်ပစ်ရန် စာပေစီစစ်ရေးက ဖိအားပေးခဲ့သည်။ စစ်အာဏာရှင်တို့၏ လက်အောက်တွင် ကဗျာဆရာ၏ ကလောင်အမည်အမျိုးမျိုးတို့ကိုလည်း ပိတ်ပင်ခံခဲ့ရသူ ဖြစ်သည်။ထို့အပြင်
၂၀၁၀ ဒီဇင်ဘာလ ၁ရက်နေ့တွင် အန်အယ်ဒီရုံးတွင် ပြုလုပ်သော
HIV/AIDS ဝေဒနာရှင်များအား တွေ့ဆုံအားပေးကာ “လူအတွက် လူ” ဟုသော
ကဗျာ ရေးဖွဲ့ ပေးခဲ့သည်။
မိုးမခမီဒီယာက ကဗျာဆရာ
ကြည်မောင်သန်း (လှသန်း) ကွယ်လွန်သည့်အတွက် ချစ်ခင်သူ မိသားစုများ၊
မိတ်ဆွေများနှင့်အတူ ထပ်တူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုပါသည်။ " ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်လို့ အရင်ကရေးခဲ့ဖူးပါတယ်။ ခုတော့ သေဖို့ အသင့်ပြင်ထားရင်း ရှင်မဲ့ ကဗျာတွေကို ရေးဖြစ်ပါတယ်။ လှသန်း၊ မတ်လ ၁၄၊ ၂၀၁၁” လို့ ရေးခဲ့တဲ့ ကြည်မောင်သန်း ကွယ်လွန်ခဲ့ပြီ။ ကြည်မောင်သန်းနဲ့ သူ့ကဗျာတွေ အသက်ရာကျော် ရှည်ပါစေ။

Comments