ဘိတဲလ်အဖွဲ့ဝင် ပေါလ်မက္ကနီ အသက် ၆၉ တွင် တတိယအကြိမ် လက်ထပ်
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၁၀၊ ၂၀၁၁
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၁၀၊ ၂၀၁၁
တချိန်က ထင်ရှားခဲ့သော ဘိတဲလ် တေးဂီတအဖွဲ့မှ ဂီတသမား ပေါလ်မက္ကနီသည် ယမန်နေ့က လန်ဒန်တွင် တတိယအိမ်ထောင် ထူထောင်လိုက်သည်။
ပေါလ်သည် အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပြီး မင်္ဂလာပွဲတွင် ဂုဏ်ယူဝမ်းမြောက်နေဟန်ရှိသည်ဟု သတင်းများက ဆိုသည်။
သတို့သားက "ကျုပ် အရမ်း ၀မ်းသာတယ်ဗျာ" ဟု မင်္ဂလာပွဲသို့ ရောက်လာသူများကို ပြောသည်။
ပေါလ်မက္ကနီသည် ဘိတဲလ် တေးဂီတအဖွဲ့ ကမ္ဘာကျော်စဉ်က သီချင်းများ ရေးဖွဲ့ရာတွင် ပါဝင်ခဲ့ပြီး ထိုသီချင်းများက ယခု ဂန္တ၀င်သီချင်းများ ဖြစ်လာသည်။
သတို့သားရော သတို့သမီးပါ ချမ်းသာကြွယ်ဝသူများဖြစ်သည်။ သတို့သမီး နန်စီရှဲဘဲလ်သည် အသက် ၅၁ နှစ်အရွယ် အမေရိကန်သူဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းက သူတို့ စေ့စပ်ကြောင်းလမ်းခဲ့သည်။
ပေါလ်မက္ကနီက ၂၀၀၈ တွင် ဒုတိယအိမ်ထောင်နှင့် ကွာရှင်းပြီး နယူးယောက်တွင် ရှိနေစဉ် နန်စီနှင့် ဆုံခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က မင်္ဂလာပွဲတွင် သတို့သမီးက ပေါလ်၏သမီး ဒီဇိုင်နာ၏လက်ရာ ၀တ်စုံဖြူကို ဆင်မြန်းထားသည်ဟု Reuters သတင်းတပုဒ်က ဆိုသည်။
ပေါလ်သည် ယခင်အိမ်ထောင်များနှင့် သား ၁ ဦး၊ သမီး ၃ ဦး၊ မွေးစားသမီး ၁ ဦး ရှိခဲ့သည်။
နန်စီသည် ယခင်အိမ်ထောင်နှင့် သား ၁ ဦး ရှိထားသည်။
လန်ဒန်မြို့ မာလီဘုန်းမြို့တော်ခန်းမတွင် လက်ထပ်ရန် ရောက်လာသော ပေါလ်မက္ကနီ တို့ စုံတွဲနှင့် ဓာတ်ပုံရိုက်သူများ၊ ပရိသတ်များကို ရုပ်သံတွင် တွေ့နိုင်သည်။


Comments