နယူးယောက်၊
ဘတ်ဖဲလိုးမြို့ စာပေစကားဝိုင်းကို ချိုတူးဇော်နှင့် ကျင်းပမည်
မိုးမခအထောက်တော်
၀၀၂၊ နိုဝင်ဘာ ၁၇၊ ၂၀၁၁
လာမယ့် နိုဝင်ဘာ ၁၉၊ စနေနေ့၊ နယူးယောက်ပြည်နယ်၊
ဘတ်ဖဲလိုးမြန်မာကွန်မြူနီတီက စာပေ၀ါသနာရှင်တို့နဲ့ စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်တို့ရဲ့
စာပေစကားဝိုင်းတရပ် စီစဉ်ထားတဲ့အတွက် စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားတယ်လို့
သိရပါတယ်။
နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ မြန်မာပြည်က
ပြောင်းရွှေ့လာတဲ့ မြန်မာတိုင်းရင်းသားမိသာစုများ စုဝေးအခြေချရာမြို့တမြို့ဖြစ်ပြီး
ဘာသာရေး၊ လူမှုရေး၊ စာပေနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်တဲ့ မြို့လည်း
ဖြစ်ပါတယ်။ ဒီတခေါက်မှာတော့ အိုင်အိုဝါတက္ကသိုလ် နိုင်ငံတကာစာရေးသားခြင်းအစီအစဉ်နဲ့
ရောက်ရှိနေတဲ့ စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော်ကို နယူးယောက်မြို့ကို အလည်ရောက်ခိုက်
ဖိတ်မန္တကပြုပြီး စာပေစကားဝိုင်းတခုကို မြို့နယ် စာကြည့်တိုက်မှာ စီစဉ်ကြတာဖြစ်ပါတယ်။
စာရေးဆရာချိုတူးဇော်က တက္ကသိုလ်ရဲ့ အစီအစဉ်တွေ
ပြီးဆုံးပြီးနောက် နယူးယောက်၊ ၀ါရှင်တန်မြို့တော်တွေက မိတ်ဆွေ စာရေးဆရာတွေ၊ အနုပညာရှင်တွေနဲ့
တွေ့ဆုံပွဲ မိတ်ဆုံပွဲလေးတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နယူးယောက်မှာ ပန်းချီမင်းကျော်ခိုင်၊
ပန်းချီဆရာမ ချောအိသိမ်းတို့နဲ့အတူ အနုပညာပရိသတ်တွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့ပြီးပြီလို့
သိရပါတယ်။ ဘတ်ဖဲလိုးခရီးအပြီးမှာ စာရေးဆရာခက်မာ၊ ပန်းချီ သန်းဋ္ဌေးမောင်တို့ရှိရာ ပစ္စဘတ်နဲ့
ကဗျာဆရာတွေ၊ စာပေမိတ်ဆွေတွေရှိရာ ဖို့ဝိန်းကို ရောက်ဖြစ်ဦးမယ် ထင်တယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ ဆင်ဆာမကျလို့ ပြသခွင့်မရတဲ့
သူ့ရုပ်ရှင်တွေကို အမေရိကန်က မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့ အတူ ကြည့်ရှုခံစားခွင့်ြ့ပုလေမလားဆိုတာကိုတော့
စာရေးဆရာက ဖြေကြားခြင်းမပြုပါဘူး။ ၈၈ အရေးတော်ပုံအရိပ်အမြွက်နဲ့ အဲသည်အချိန်က ကျောင်းသားတွေရဲ့
အချစ်၊ အလွမ်း၊ စွန့်စားခန်းတွေကို ဖွဲ့ဆိုတဲ့ဇာတ်ကား "လွမ်းစိမ့်" ကို ပရိသတ်က
စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


Comments