ဥက္ကလံသပိတ်စခန်းရဲ့
အထွေထွေသပိတ်ခေါ်သံနဲ့ ထူးသံများ
နိုင်ငံတကာသာဂိ၊
နိုဝင်ဘာ ၅၊ ၂၀၁၁
စက်တင်ဘာ ၁၇၊
နယူးယောက်မြို့တော်၊ အစုရှယ်ယာဈေးရုံကြီး (Wall Street) ကို
ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းဖွင့် လှုပ်ရှားမှုတွေ စတင်ခဲ့တယ်။ Occupy Wall
Street Movement လို့ခေါ်တယ်။ နောက်တော့ Occupy Movement ဆိုပြီးတော့
အမေရိကန်မြို့ရွာတိုင်းမှာ မြို့လယ်ခေါင်မှာ မြို့သိမ်းသပိတ်စခန်းတွေနဲ့
အမေရိကန်က တနှစ်ကို ဒေါ်လာ ၁ သန်းခွဲကျော် ၀င်ငွေရှိတဲ့ လူ့မလိုင် ၁
ရာခိုင်နှုန်းကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ပြန့်နှံ့လာခဲ့တယ်။
ကျန်တဲ့ ၉ ၉ % သော
အမေရိကန်ပြည်ထောင်စုက လူဦးရေတွေက ဆင်းရဲဒုက္ခရောက်နေကြတယ်၊ စီးပွားပျက်ကပ်နဲ့
ရင်ဆိုင်နေရတယ်ဆိုတဲ့ အချက်နဲ့ သပိတ်စခန်းလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာလို့
ဆိုပါတယ်။
ယခင်တပတ်က အောက်တိုဘာ ၂၅
မှာတော့ ဥက္ကလံသပိတ်စခန်းကို ရဲတွေက ၀င်ပြီး အကြမ်းဖက်ဖြိုကွဲသည့်ဆီမှာ ၂၄
နှစ်အရွယ် အီရတ်စစ်ပြန် လူငယ်တဦး အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ဆီမှာ
လူထုအုံကြွမှုဟာ တပြည်လုံးအတိုင်းအတာနဲ့ ပိုမို ပြင်းထန်လာခဲ့ပါတယ်။
မြို့ရွာအသီးသီးက သပိတ်စခန်းတွေကို မြို့တော်ဝန်တွေ၊ အာဏာပိုင်တွေက
နှိမ်နှင်းဖို့ ပြင်ဆင်နေတာတွေကို ပြန်ရုတ်သိမ်းပြီး အလိုလိုက်
ခွင့်ပြုရတဲ့အထိ ဖြစ်လာပါတယ်။ ဥက္ကလံသပိတ်စခန်းကတော့ ယမန်နေ့က နိုဝင်ဘာ ၂ မှာ
အထွေထွေသပိတ် လှုပ်ရှားမှု တိုက်ပွဲခေါ်ခဲ့ပ်တယ်။ ရဲတွေရဲ့ အကြမ်းဖက်ဖြေရှင်းမှုနဲ့
အရင်းရှင်ကြီးနဲ့ နိုင်ငံရေးသမားတွေရဲ့ ဥပက္ခာပြုမှုတွေကို ထင်ရှားစေဖို့
လှုံဆော်လိုက်တာ ဖြစ်ပါတယ်။
အဲသည် နေ့မှာတော့ ဥက္ကလံမြို့
အထွေထွေသပိတ်လှုပ်ရှားမှုကြီးမှာ လူဦးရေ ၅ ထောင်က တသောင်းနီးပါး ၀င်ရောက်ဆင်နွှဲတဲ့
လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။ အလုပ်လက်မဲ့တွေ။ ကျောင်းသားလူငယ်တွေသာမက
အလုပ်သမားသမဂ္ဂတွေ၊ အထွေထွေ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့
ပူးပေါင်းဆောင်ရွက်မှုနဲ့ ဥက္ကလံလမ်းမများပေါ် လူထုချီတက်ကြပါတယ်။ နေ့စဉ် ဒေါ်လာ
သန်းချီဝင်ငွေရှိတဲ့ ဥက္ကလံသဘောင်္ဆိပ် ကွန်တိန်နာကုန်တင် ကုန်ချစခန်းကြီးကိုပါ
ပိတ်ဆို့နိုင်ခဲ့တာကြောင့် အရင်းရှင်တွေ လုပ်ငန်းရှင်တွေအတွက် သက်ရောက်မှုရှိတဲ့
အထွေထွေသပိတ်လှုပ်ရှားမှုလို့ဆိုနိုင်ပါတယ်။
သို့သော်လည်း အနယ်နယ်အရပ်ရပ်က
လာရောက်ပူးပေါင်းတဲ့ သပိတ်အင်အားစုတွေထဲမှာ ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့
မင်းမဲ့ဝါဒီများပါဝင်သလို အကြမ်းဖက် အာဏာဖီဆန်သူ တင်းမာတဲ့ မင်းမဲ့ဝါဒီများလည်း
ပါဝင်တာကြောင့် မြို့တော်ကို လှည့်လည်ချီတက်နေစဉ်မှာ
စီးပွားရေးလုပ်ငန်းကြီးများ၊ ဘဏ်များ၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ ဆေးများ
မှုတ်ခြင်း၊ မှန်များ ပြတင်းများ ခွဲခြင်းတို့ ပြုလုပ်ကြတာတွေ့ကြောင့် အချိုသော
လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများနဲ့ ပရိသတ်တို့ရဲ့ လက်ညိုးထိုး ရှုတ်ချပြစ်တင်ခြင်းကို
ခံကြရပါတယ်။ ညဖက်ပိုင်းမှာ အဆိုပါ အကြမ်းဖက်မင်းမဲ့ဝါဒီတို့က လူစုမခွဲပဲ
အကြမ်းပိုဖက်လာလို့ ရဲက အင်အားသုံး ဖြေရှင်းရာမှာ လူ ၈၀ နီးပါး
ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အဆိုပါ
အထွေထွေသပိတ်လှုပ်ရှားမှုကြီးရဲ့ နောက်တရက်မှာတော့ ဥက္ကလံသပိတ်စခန်းအများစုက
ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုအဖြစ် ဂုဏ်ယူကြသလို အနညးစုကလည်း
အကြမ်းဖက်အာဏာဖီဆန်မှုကြောင့် အများပြည်သူတွေရှေ့မှာ၊ မိဒီယာတွေရှေ့မှာ
မူလသပိတ်စခန်းလှုပ်ရှားမှုတွေ နံမယ်ပျက်ရတယ်လို့ ပြောဆိုကြပါတယ်။
လုပ်ငန်းရှင်အချို့နဲ့ နိုင်ငံရေးသမားအချို့ကလည်း ဒီသပိတ်စခန်းတွေကြောင့်
မြို့ရွာတွေမှာ စီးပွားပိုပျက်ရတယ်လို့ ပြစ်တင်ကြတာကိုလည်း တွေ့ရပါတယ်။
လက်ဝဲဆန်သူတွေက
ဒီသပိတ်စခန်းလှုပ်ရှားမှုတွေကို အားပေး ထောက်ခံကြတဲ့အပြင်
ဘဏ်လုပ်ငန်းရှင်ကြီးတွေကို ဒဏ်ခတ်ဖို့ ဘဏ်ကြီးတွေက မိမိတို့ အကောင့်တွေကို
ရုတ်သိမ်းပြီး ဒေသခံဘဏ်လုပ်ငန်းအငယ်စားတွေမှာပဲ ငွေစာရင်းပြောင်းဖွင့်ဖို့
တောင်းဆိုလှုံဆော်လျက်ရှိပါတယ်။ လက်ယာသမားတွေ၊ အရင်းရှင်ကြီးများကို အားပေးသူတွေ၊ ရီပတ်ဘလစ်ကန်
ပါတီနိုင်ငံရေးသမားတွေကတော့ စီးပွားကျတာ ချမ်းသာသူတွေကြောင့်မဟုတ်၊
ဆင်းရဲသူတွေညံ့လို့ ဆိုတဲ့သဘောထားကို ထုတ်ဖော်လေ့ရှိပါတယ်။ စီးပွားကျချိန်မှာ
အစိုးရရဲ့ အလုပ်တွေကို ကန့်သတ်လျော့ချမှုတွေ တိုးမြှင့်လုပ်ကိုင်ရမယ်။
အစိုးရကို လျော့ချပြီး အရင်းရှင်တွေကို လွတ်လပ်မှု ပိုပေးရမယ်လို့ အဆိုကို
အမြဲတင်သွင်းကြပါတယ်။ အခု သူတို့ကြီးစိုးနေတဲ့ ကွန်ဂရက် (အောက်လွှတ်တော်)
မှာလည်း အစိုးရဘတ်ဂျက်တွေ ဖြတ်ပြီးရင်း ဖြတ်ပြီး စီးပွားရေးကျတာကို
ရင်ဆိုင်ကြရမယ်၊ ချမ်းသာသူတွေဆီက အခွန်တိုးကောက်ပြီး ပြည်သူတွေရဲ့
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးစရာမလိုဘူးလို့ သဘောထားကို ကိုင်စွဲလျက်ရှိပါတယ်။
လက်ရှိသမ္မတ အိုဘားမားအစိုးရက
အမေရိကန်အလုပ်အကိုင်ဥပဒေပြဋ္ဌာန်းပြီး ဘီလျံနဲ့ချီတဲ့ ငွေနဲ့ တိုင်းပြည်ရဲ့ လမ်းတံတား
ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေမှာ မြုပ်နှံပြီး အလုပ်အကိုင်တွေ ဖန်တီးဖို့
ကွန်ကရက်ကို တင်ပြနေသော်လည်းပဲ ရစ်ပတ်ဘလီကန်တွေ ကြီးစိုးတဲ့ လွှတ်တော်ကတော့
ခွင့်ပြုမည့်ပုံ မရှိပါဘူး၊ သို့အတွက် လက်ရှိ သပိတ်သမားတွေ ရင်ဆိုင်နေရတဲ့
အခက်အခဲတွေထဲက တခုချင်းဆီကို အတတ်နိုင်ဆုံး သက်သာရာရဖို့
အိုဘားမားအစိုးရကတော့ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်လို့ အိမ်ဖြူတော်က
ဖြေရှင်းချက်ပေးနေပါတယ်။
ဥပမာအားဖြင့် အိမ်ခြံမြေဈေး
မြင့်မားချိန်မှာ အတိုးတွေအများကြီးပေးပြီး အိမ်ဝယ်ထားမိလို့ ကြပ်တည်းနေသူ
အိမ်ပိုင်ရှင် အကြွေးတင်နေသူတွေကို အတိုးနှုန်းချပေးတာတွေ၊ ကောလိပ်ကျောင်းတွေမှာ
အကြွေးတွေသောင်းချီတင်အောင် ပညာတွေရှာပြီး အလုပ်မရနိုင်လို့ အကြွေး
အတိုးပိနေသူ ကောလိပ်ကျောင်းထွက် ဘွဲ့ရပညာတတ် အလုပ်လက်မဲ့တွေရဲ့
ကောလိပ်ကျောင်းကြွေးတွေကို အတိုးနှုန်း သက်သာအောင်၊ လျော့ပါးအောင်
ဆောင်ရွက်ပေးတဲ့ ဥပဒေတွေကို အစိုးရလုပ်ပိုင်ခွင့်တွင်းကနေ
ဆောင်ရွက်ပေးနေပါတယ်။ ကျန်းမာရေးအာမခံကြေးတွေထဲမှာ ဈေးအကြီးဆုံး ကုန်ကျငွေကတော့
ဆေးဖိုးတွေ ဖြစ်တာကြောင့် တိုင်းပြည်မှာ အများဆုံး အသုံးများတဲ့ ဆေးဝါးတွေကို
ကြိုတင် စုဆောင်းဝယ်ယူ ဖြန့်ချိနိုင်ဖို့၊ ဈေးသက်သာစွာနဲ့ ပြင်ဆင်နိုင်ဖို့
စတဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
မည်သို့ပင် ဖြစ်စေကာမူ
အမေရိကန်ပြည်တွင်းသာမက ဥရောပနိုင်ငံတွေမှာ တိုင်းပြည်တွေကိုယ်တိုင်က
အကြွေးတွေပိပြီး စီးပွားကျနေတာကြောင့် စီးပွားရေးဦးမော့စေဖို့ ငွေကြေး
ကူညီထောက်ပံ့မှုတွေ၊ အကြွေးတွေကို သက်သာအောင် လျော့ပေါ့ပေးမှုတွေကို
အစိုးရတွေကိုယ်တိုင်က ဆောင်ရွက်နေရပြီ ဖြစ်ပါတယ်။ ပြည်သူတွေကို ဖြတ်တောက်မှု၊
အခွန်တိုးကောက်မှုတွေ လုပ်နေရသလို ငွေချေးစာချုပ်တွေ ရိုက်နှိပ်ပြီး
အကြွေးတွေကို ရင်းနှီးလိုသူတွေထံ ရောင်းချနေရပါတယ်။ အနောက်အုပ်စုက အခုလို
အရင်းမဲ့နေချိန် အမြတ်ကြီးစား အရင်းရှင်ကြီးဖြစ်နေသူ မြီရှင်ကြီးကတော့ အရှေ့ရွာက
တရုတ်ပြည်ဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကလည်း အမေရိကန်က ရီပတ်ဘလစ်ကန်တွေ၊
လက်ယာအရင်းရှင်တွေလိုပါပဲ အကြွေးတွေကို လက်လွှဲဝယ်ယူပြီး ကူညီဖို့
မစဉ်းစားနိုင်ပါဘူးတဲ့ ခင်ဗျာ။ ကိုယ့်ပြည်တွင်းရေး ကိုယ့်ဖာသာ
အရင်ရှင်းကြပါတဲ့။ သူကိုယ်တိုင်ကလည်း အမေရိကန်က အကြွေးတွေ
ငွေချေးစာချုပ်တွေအဖြစ် ၀ယ်ထားမိတာ အတော်ထိထားပြီးပါပြီတဲ့။ ဆက်လက်မရင်းနှီးချင်သေးပါဘူးတဲ့။
နိုဝင်ဘာ ၁ ရက်က ဆိုလား
ကမ္ဘာလူဦးရေ သန်း ၇ ထောင် ( ၇ဘီလျံ) ပြည့်တယ်။ ၁ ဘီလျံမှာ လူတဦးလို့ သဘောထားရင်
ကမ္ဘာမှာ လူ ၇ ဦးပဲ ရှိတယ် ဆိုပါစို့။ လူ ၂ ဦးက တရုတ် ဖြစ်တယ်။ အိန္ဒိယက ၁ဦး
နဲ့ ၁ ဗိုက်စာလောက် ရှိတယ်။ ဥရောပနဲ့ အမေရိကန် ၂ ခု ပေါင်းမှာ လူ ၁ ဦးစာသာ
ရှိတယ်။ ကျန်တာတွေက ရုရှား၊
အာဖရိကနဲ့ တောင်အမေရိကသား ၃ ဦးနဲ့ တဗိုက်စာပေါ့။ အင်း မဆိုးပါဘူး။ ကမ္ဘာကြီးက လူ
၇ ဦးမှာ ၂ ဦးက အတူတူ ရှိတဲ့ အိမ်က ကျန်တဲ့ တဦးနဲ့ တပိုင်းလောက် ရှိတဲ့ ရပ်ကွက်ထဲမှာ
သြဇာကြီးတာပေါ့။ ပြီးတော့ ငွေတွေကလည်း သူ့မှာ အတော်ရှိဆိုလား။ နောင်ဆိုရင်
ဥရောပနဲ့ အမေရိကန်က အရင်းရှင်ဆိုတဲ့ လက်ယာသမားတွေကိုယ်တိုင်
ပီကင်းမြို့တော်ကပန်းခြံထဲမှာ သပိတ်စခန်းဖွင့်ပြီး ညသွားအိပ်နေရချေဦးတော့မယ်။
မြင်ယောင်မိပါရဲ့။





Comments