အမေရိကန်ရဲ့ အင်တာနက်ဆင်ဆာကို
ဆန့်ကျင်ကန့်ကွက်ကြဖို့ ၀က်ဆိုက်ကြီးအချို့က ပန်ကြား
မိုးမခအထောက်တော် (မီးလျှံမြေခွေး)၊
နိုဝင်ဘာ ၁၇၊ ၂၀၁၁
အမေရိကန်စံတော်ချိန်
နိုဝင်ဘာ ၁၆၊ ၀ါရှင်တန်ဒီစီက ကွန်ဂရက် (အောက်လွှတ်တော်) မှာ အင်တာနက်ကို အစိုးရကဆင်ဆာလုပ်ခွင့်၊ စိစစ်ခွင့်ပြုရေးဥပဒေပြုနိုင်ရေး
ကော်မီတီကြားနာပွဲပြုလုပ်နေပါတယ်။ အဲဒီကြားနာပွဲမှာ အဲသည် အင်တာနက်စိစစ်ရေးဥပဒေပြုရေးကောမီတီ
ခေါင်းဆောင် ရီပတ်ဘလစ်ကန်အမတ်၊ တက္ကဆက်ပြည်နယ်သား၊ Rep. Lamar Smith
(R-Texas) က ဦးဆောင်တင်သွင်းနေတာဖြစ်ပါတယ်။
နိုင်ငံတော်အရေးပေါ်လုံခြုံရေးအခြေအနေအရ
အင်တာနက်ဝက်ဆိုက်များကို ပိတ်ပင်ခြင်း၊ သွားရောက်လည်ပတ်သူ ဧည့်သည်များကို သန်းကောင်စာရင်းစစ်ခြင်း
(အင်တာနက်ဆာဗာများမှ စာရင်းကိုတောင်းကြည့်တာကို ပြောတာပါ)၊ အင်တာနက်ရှာဖွေရေး အင်ဂျင်များ၊
ဆိုရှယ်နက်ဝပ်များကို ကန့်သတ်ချုပ်ချယ်မှုပြုခြင်းတို့ လုပ်နိုင်တဲ့ စည်းမျဉ်းတွေ ထည့်သွင်းရေးဆွဲဖို့
သက်သေတွေခေါ်ပြီး ကြားနာနေတာဖြစ်ပါတယ်။
အဲသည် အင်တာနက်စိစစ်ရေးကို
ထောက်ခံအားပေးနေသူတွေကတော့ မြန်မာပြည်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ သဘောထားရှိနိုင်တဲ့
ရုပ်ရှင်၊ သီချင်း၊ ဗီဒီယို ဖြန့်ချိရေးလုပ်နေတဲ့ ရုပ်မြင်သံကြားကုမ္မဏီကြီးတွေ၊ နက်ဝပ်တွေ၊
စီးပွားရေးလုပ်ငန်းရှင်တွေ၊ မူပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ
ဖြစ်ပါတယ်။ သူတို့က Internet Piracy ကြောင့် သူတို့တွေ ထိခိုက်တယ်၊ အနုပညာတွေ ထိခိုက်တယ်လို့
ဆိုပေမယ့် အင်တာနက်ကြောင့် အနုပညာထုတ်ကုန်တွေဟာ သူတို့တွေ မပါဘဲနဲ့ သီးခြား အရောင်းအ၀ယ်ဖြစ်နေတဲ့
ခေတ်သစ်အင်တာနက်လူမှုစီးပွားဘ၀ကို သူတို့ မလိုက်နိုင်လို့ ဖြစ်တယ်လို့ အင်တာနက်သမားတွေက
ပြန်လှန် ဝေဖန်နေကြပါတယ်။
အခု နံမယ်ကြီး ဖိုင်ယားဖောက်စ်ဘရောက်ဇာ
(www.firefox.com) နဲ့တကွ အခြားအင်တာနက် အခမဲ့ဝန်ဆောင်မှု
ဝက်ဆိုက်တွေ၊ သမဂ္ဂတွေ၊ ကင်ပိန်းသမားတွေ (Google, Facebook, LinkedIn, AOL, Yahoo, eBay, Mozilla, the Electronic Frontier Foundation, the American Civil Liberties Union) က ပရိသတ်တွေကို တောင်းဆိုနေတာကတော့ မိမိတို့ ရပ်ကွက်မြို့နယ်အလိုက်၊ ပြည်နယ်အလိုက်
လွှတ်တော်အမတ်တွေဆီကို ကန့်ကွက်စာတွေ အင်တာနက်ကနေတဆင့် ပေးပို့နေကြဖို့၊ တောင်းဆိုကြဖို့
ဖြစ်ပါတယ်။ အင်တာနက်ဆင်ဆာလုပ်ခြင်း ကန့်ကွက်ရေးလှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ကင်ပိန်းဝက်ဆိုက်ကတော့
သည်မှာပါ။ https://www.eff.org/
အဲသည်ကနေ အမေရိကန်ရောက်
မြန်မာကွန်မြူနီတီက မြန်မာအင်တာနက်သောင်းကျန်းသူတွေက မိမိတို့ဆိုင်ရာ လွှတ်တော်အမတ်တွေဆီကို
ကန့်ကွက်စာတွေ ပို့နိုင်ကြပါတယ်။ မြန်မာပြည်မှာတောင် သည်လောက် အင်တာနက်စိစစ်ရေးကြောင့်
လွတ်လပ်မှုတွေ အမှောင်တိုက်ကျနေတာ၊ အခု အမေရိကန်မှာ တိုင်းပြည်လုံခြုံရေးနဲ့ အချုပ်အခြာအကြောင်းပြ၊
အမေရိကန်မူပိုင်ခွင့်လုပ်ငန်းရှင်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေ ကာကွယ်ဖို့ အကြောင်းပြပြီး
အင်တာနက်ကို ပိတ်ဆို့တားဆီးတဲ့ ဥပဒေပြဋ္ဌာန်းကြဦးမယ်ဆိုရင်တော့ မတွေးဝံစရာပါပဲ။
လက်ရှိ ယနေ့ကြားနာပွဲမှာ ကော်မီတီခေါင်းဆောင်က နည်းနည်းတော့ ဇဝေဇ၀ါဖြစ်နေပုံရတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။ အလားတူ ဥပဒေမျိုးတခုကလည်း အထက်လွှတ်တော်မှာ တန်းလန်းကြီးဖြစ်နေပါတယ်။


Comments