ပန်ကြားလွှာ သို့မဟုတ်
အမှောင်မှ အလင်းသို့ တောင်းပန်စာ
မဏီ (အန်အယ်လ်ဒီ ပါတီဝင်)။ ထောင်ဒဏ် နှစ်ရှည်ကျ နိုင်ငံရေး အကျဉ်းသူတဦး
နိုဝင်ဘာ ၈၊ ၂၀၁၁
[နိုင်ငံရေး
အကျဉ်းကျနေသူ တဦးရဲ့ တောင်းပန်လွှာပါ။ အကျဉ်းကျနေသူတွေဟာ ယခင်ကလို ပြင်ပလောကနဲ့
အဆက်အသွယ်ပြတ်ပြီး ပြင်ပမှ နိုင်ငံရေး အခြေအနေကို မသိနိုင်သူ၊ လိုက်မမှီသူ ခေတ်နောက်ကျသူတွေ
မဟုတ်တော့ပါဘူး။ ကွန်ပျူတာမှာ ဖေ့စ်ဘွတ်ကိုသာ မသုံးဖူးရင်ရှိမယ်။ ကမ္ဘာကြီးမှာ
ဘာဖြစ်နေလဲ၊ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲ ဆိုတာကို တီဗွီ၊ စာစောင်၊ ဂျာနယ်တွေနဲ့ တချို့နေရာတွေမှာ
ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ ရေဒီယိုတွေကိုတောင် အခါအားလျော်စွာ
နားထောင်လျက်ရှိပါတယ်။
သူတို့တွေ ပြင်ပက အပြောင်းအလဲတွေ၊ တိုးတက်မှု ဆုတ်ယုတ်မှုတွေအားလုံးကို သိရှိနေကြပါတယ်။ ယခုလတ်တလော နိုင်ငံရေး အချိုးအကွေ့တွေမှာလည်း သူတို့ရဲ့ အမြင် သဘောထားတွေကို ထုတ်ဖေါ်ပြောဆိုဖို့ ကြိုးစားနေကြပါတယ်။
ယခုစာဟာ နိုင်ငံရေး အကျဉ်းသူတဦးက သူတို့ယုံကြည်ချက်၊ အမြင် သဘောထားတွေကို ပြင်ပက နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူထုတွေ သိရှိစေဖို့ ထုတ်ဖေါ်လိုက်တာပါ။ နိုင်ငံအတွက် ၊ ပါတီအတွက် ၊ လူထုအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ သူတို့ရဲ့ အမြင် အယူအဆတွေကိုလည်း ထည့်သွင်းစဉ်းစားကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။
ယခုစာကို ရေးသားသူဟာ နိုင်ငံရေးမှုကြောင့် အကျဉ်းထောင်ထဲ နှစ်ရှည်ပြစ်ဒဏ်ပေးခြင်း ခံထားရသူတဦးပါ။ သူ့မိသားစုအရေး ၊ သူ့တကိုယ်ရေ လွတ်လပ်ခွင့်အရေး ထက် နိုင်ငံအရေးကို ဦးစားပေးတဲ့ သူ့ရဲ့စေတနာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
မိုးမခ]

တခါတရံ နိုင်ငံရေး ဆိုတဲ့စကားကို အဖြေရှာမိတယ်။
၈၈ အရေးအခင်းကစလို့ သိလာခဲ့ရတဲ့ နိုင်ငံရေးဟာ မကျေနပ်ချက်နဲ့ လိုအပ်ချက်တွေကို ဖေါ်ထုတ်ဖို့
လောက်ဆိုတဲ့ အရွယ်မရောက်သေးတဲ့ အသိပဲရှိခဲ့ပါတယ်။
အခုအချိန်မှာ ဒါထက် မက နိုင်ငံရေး အခင်းအကျင်း
အလှည့်အပြောင်း ရွေ့ဆိုတာတွေကို ပညာရှင်တွေရဲ့ ဆောင်းပါးတွေမှာ လေ့လာမိတော့မှ နိုင်ငံရေးရဲ့
ကျယ်ပြန့် နက်ရှိုင်းမှုကိုသိလာရတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ ချိုးဖောက်ခံရတဲ့
အခွင့်အရေး တွေကိုတောင်းဆိုတဲ့နေရာမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြုခြင်းဟာ
နည်းတနည်း အနေနဲ့ လိုအပ်ပေမယ့် နောက်ဆုံး ပန်းတိုင်အတွက်တော့ သူချည်းသက်သက်နဲ့ မရနိုင်ဘူးလို့
ထင်မိပါတယ်။
နိုင်ငံရေး သဘောတရား သိမ်မွေ့တဲ့ အလှည့်အပြောင်း
တွေကိုနားလည်ကျွမ်းကျင်စွာ ကစားနိုင်မှု ကလည်း လိုအပ်တယ်။ ၀ိုင်းဝန်း အဖြေရှာကြတဲ့နေရာမှာ
နိုင်ငံရေးသမားတွေနဲ့ချည်း မလုံလောက်နိုင်တာ လေ့လာခဲ့တယ်။
အဓိက အရေးကြီးဆုံးက ပြည်သူလူထုပဲ ဖြစ်ပါတယ်။
ဒါတောင် နိုင်ငံရေးကို စိတ်ဝင်စားသူ တယောက်အနေနဲ့ "ရသင့်ရထိုက်တဲ့အခွင့်အရေး"
နဲ့ "ချိုးဖောက်ခံရတဲ့အခွင့်အရေး" မတူဘူးဆိုတာ အခုနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်နည်းနည်း
ရလာမှ သိရှိရတာပါ။ သာမန်ပြည်သူလူထု အနေနဲ့ သိရှိဖို့ ဆိုတာခဲယဉ်းလှတယ်။
ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေ၊
နိုင်ငံရေးကျွမ်းကျင်သူတွေ၊ နိုင်ငံရေးကို စိတ်ဝင်စားသူလူငယ်တွေ ကိုတောင်းပန်ချင်တာက
သာမန်ပြည်သူလူထုကို "မိမိတို့ဆန္ဒအမှန်ကို ရဲရဲဝံ့ဝံ့နဲ့ ဖေါ်ထုတ်ဖို့" နဲ့
"ရသင့်ရထိုက်တဲ့အခွင့်အရေးကို တောင်းဆိုရဲဖို့" လှုံ့ဆော်တိုက်တွန်းဖို့နဲ့
"သတ္တိရှိဖို့" ပိုပြီးလိုအပ်ပါတယ်။
"အန္တရာယ်ကင်းကင်းနဲ့ နည်းလမ်းမှန်မှန်ဖြစ်ဖို့" ခေါင်းဆောင်တွေသာမက
လူငယ်တွေကပါ ဦးဆောင်ပေးပါလို့လည်း တောင်းပန်ချင်ပါတယ်။
"အန္တရာယ်ကင်းဖို့"လည်း အထူးပဲ
အရေးကြီးလှပါတယ်။ အ၀င်လွယ် အထွက်ခက်တဲ့ အကျဉ်းကျသူတယောက် အနေနဲ့ အချိန်လည်း ကုန်ပါတယ်။
သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းအားလည်း ဆုံးရှုံးပါတယ်။ ဒါကြောင့် အန္တရာယ်ကို အထူးဂရုစိုက်ကြပါလို့လည်း
တောင်းပန်ချင်ပါတယ်။ ဒါဟာ အကြောက်တရား နဲ့ မဆိုင်လှပါဘူး။ နိုင်ငံရေးပါးနပ်မှုနဲ့ပဲ
ဆိုင်ပါတယ်။ အဓိကကတော့စည်းလုံး ညီညွတ်မှုက ပိုပြီးအရေးကြီးပါတယ်။ ပန်းတိုင်တူပေမယ့်
နည်းနာကွဲပြားနေရင် ရလာမယ့် ခွန်အား လည်းလျော့နည်းတတ်ပါတယ်။
လောလောဆယ် "အလုပ်မရှိ၊ အေးအေးဆေးဆေးနေနေရတဲ့"
လူတယောက်အနေနဲ့ ယုံကြည်ပါတယ်။ အားကိုးပါတယ်လို့ မှာချင်ပါတယ်။ အရေးကြီးတဲ့အချိန်မှာ
"ဘေးမှာထွက်ထိုင်နေရတဲ့ အတွက်" ပြည်သူလူထုကို ရော မိတ်ဆွေတွေကိုပါ ခွင့်လွှတ်ပါလို့
တောင်းပန်ချင်ပါတယ်။
လေးစားအားကျလျက်

Comments