မြန်မာပြည်တွင်းရှိသံဃာတော်များက
ပြည်သူ့ဆန္ဒကိုထုတ်ဖော်ခြင်းဖြစ်ကြောင်း ပြောကြား
မိုးမခအထောက်တော်
၀၀၂၊ နိုဝင်ဘာ ၁၇၊ ၂၀၁၁
နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး
ဘုရားကြီးဝင်းအတွင်းမှ သံဃာတော် ၅ ပါးခန့်က စတင်စုဝေးပြီး မြန်မာပြည်ရဲ့
နိုင်ငံရေးအကြပ်အတည်းများအပေါ် ဆန္ဒထုတ်ဖော် ဟောပြောတဲ့ လှုပ်ရှားမှု
ဖြစ်ပွားခဲ့ပါတယ်။
သံဃာတော်များတောင်းဆိုတာက
နိုင်ငံရေးအကျဉ်းသားများနှင့် သံဃာတော်များအားလုံး လွတ်မြောက်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်စွာ ဟောပြောခွင့်နဲ့ တိုင်းရင်းသားတွေအပါအ၀င်၊
ဒေါ်စုနဲ့ လက်ရှိအာဏာပိုင်တို့ သာတူညီမျှတွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို
ထုတ်ဖော် ဆန္ဒပြုထားကြတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာရှိတဲ့
မြန်မာပြည်နိုင်ငံရေးအကြပ်အတည်းများအပေါ်မှာ စိုးရိမ်ပူပန်ကြောင့်ကြတဲ့
ရဟန်းတော်များအနေနဲ့ မိမိတို့အမြင်သဘောထားများကို
ထုတ်ဖော်ပြောကြားတာဖြစ်တယ်လို့ မိုးမခနဲ့ဆက်သွယ်မိတဲ့ ရဟန်းတပါးက
ဖြေကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ လာမည့်
နိုဝင်ဘာ ၁၈ အင်န်အယ်ဒီပါတီ ဗဟိုဦးစီးအဖွဲ့က လက်ရှိအစိုးရရဲ့ ဥပဒေနဲ့အညီ
ပါတီကို မှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းအပေါ် ဆုံးဖြတ်ကြမည့်
အစည်းအဝေးကျင်းပကြဖို့ ပြင်ဆင်နေချိန်မှာ ယခုလိုဆန္ဒပြုဖော်ထုတ်တာတွေဟာ
နိုင်ငံရေးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေသလား၊ နောက်အချိန်တခုကို
မစောင့်နိုင်ဘူးလားလို့ မိုးမခက မေးမြန်းခဲ့ပါတယ်။
“အခုပဲဖြစ်ဖြစ်၊
နောင်ပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရ ဆက်ပြီး လိမ်ညာလှည့်စားနေဦးမှာပဲ တကာကြီး၊
၁၅ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမယ်လို့ မိသားစုတွေက
မျှော်လင့်နေခဲ့တယ်။ နောက်ပြီး ၁၈ ရက်နေ့ကျတော့ ပါတီက မှတ်ပုံတင်မယ်လို့
ဆုံးဖြတ်လိုက်ရင်လည်း ဦးသိန်းစိန်အစိုးရက ပြည်တွင်းက ပြည်သူတွေ ဒုက္ခခံနေရတဲ့ အရေးကိစ္စတွေကို ဘာမှ
အရေးစိုက်တော့မှာမဟုတ်ဘူး။ အခုလည်း အာဆီယံတို့၊ ဘာတို့နဲ့ နိုင်ငံတကာမှာ
မျက်နှာသာရနေပြီ မဟုတ်လား။ ဒီအချိန်မှာ ဦးဇင်းတို့မှာက ဘာကိုယ်ကျိုးမှ
ရစရာမရှိဘူး၊ လူတွေအကျိုးအတွက် ထုတ်ဖော်ရမှာပဲ”
လို့ အဆိုပါရဟန်းက
ဖြေကြားပါတယ်။
ရဟန်းသံဃာတွေက
နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ပါတီတွေနဲ့ နိုင်ငံရေးမျက်နှာစာမှာ
ကိုယ်စားပြုခြင်း၊ ၀င်ရောက် ဆွေးနွေးပြောဆိုခြင်းတွေ
တိုက်ရိုက်မလုပ်နိုင်ဘဲနဲ့ အခုလိုမျိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေတာက
ဘာအကျိုးရှိမှာမို့လို့လဲ၊ ၉၀ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အမတ်တွေ၊
လက်ရှိနိုင်ငံရေးအင်အားစုတွေရဲ့ အလုပ်ကို ဘာဝင်ပြီး
ရှုပ်နေသလိုဖြစ်မနေဘူးလားလို့ မေးမြန်းတဲ့အခါမှာ ရဟန်းတော်က -
“ဘယ်သူမှ ဘာမှ ဒီလိုမျိုး
စိုးရိမ်ပူပန်စရာရှိတာကို ထုတ်မပြောကြဘူး တကာကြီး။ မတရားမှုတွေက
နေရာအနှံ့မှာရှိနေတယ်။ လူတွေဟာ ကြောက်ရွံ့စိုးရိမ်ပြီး နေနေရတယ်။
စစ်အုပ်ချုပ်ရေးဆိုတာက မကုန်သေးဘူး။ သာသနာမှာလည်း အာဏာပိုင်တွေက
စွက်ဖက်နေတုန်းပဲ။ နောက်ပြီး ဦးဇင်းတို့က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ
ပါစရာမလိုပါဘူး။ သို့သော် အစိုးရက ဒေါ်စုနဲ့ ၂ ကိုယ်ကြား
ဆွေးနွေးနေတဲ့အဆင့်ကနေ တိုးချဲ့ပြီး စာပွဲဝိုင်းမှာ
တိုင်းရင်းသားအင်အားစုတွေကိုပါ တပါတည်း ခေါ်ပြီး ဆွေးနွေးပါလို့
တိုက်တွန်းချင်ပါတယ် တကာကြီး။”
တိုင်းရင်းသားအရေးတွေကိုပါ
ရဟန်းသံဃာတွေက ၀င်ရောက်ပူပန်နေဖို့ အကြောင်းရှိလို့လားလို့ မေးမြန်းတဲ့အခါမှာ
ကိုယ်တော်က ဖြေကြားရာမှာ -
“တိုင်းပြည်တပြည်ထဲမှာ
အတူတူနေကြတာ တိုင်းရင်းသားတွေအားလုံးဟာ မောင်နှမအရင်းတွေပါ တကာကြီး၊
အချင်းချင်းတွေကို သွေးခွဲထားတယ်။ ရန်တိုက်နေတယ်။ ဘာသာရေးနဲ့လည်း ရန်တိုက်တယ်။
ဟိုမှာ သတ်နေတာကို ဒီက ဘာမှမဆိုင်သလိုဖြစ်အောင် ခွဲခြမ်းထားတယ်။
အဲဒီတိုင်းရင်းသားတွေဆိုတာ ဗမာလည်း တိုင်းရင်းသားပဲ၊ ကချင်တွေလည်း
တိုင်းရင်းသားတွေပဲ။ ဒါကြောင့် ဘယ်ကိစ္စပဲ ပြောပြော ဆွေးနွေးတဲ့ဆီမှာ
တိုင်းရင်းသားတွေပါ အတူတူ သဘောထားပြီး ဆွေးနွေးကြစေချင်လို့ ပြောနေရတာပေါ့
တကာကြီး”
အဲသည်လို ပြောဖို့ဆိုရင်
ဘယ်သူတွေကနေပြီးတော့ လက်ရှိအစိုးရကို တိုက်တွန်းစေချင်သလဲလို့ မေးတဲ့အခါ -
“ပါတီနဲ့ ပါတီခေါင်းဆောင်တွေက
ပြတ်ပြတ်သားသားကို တောင်းဆိုပေးပါလို့ တိုက်တွန်းချင်ပါတယ် တကာကြီး။
တိုင်းရင်းသားအဖွဲ့တွေ၊ အင်အားစုတွေကလည်း အင်န်အယ်ဒီကို ထောက်ခံ
အားပေးနေတယ်ဆိုတာ အားလုံးက သိတဲ့ကိစ္စပါလို့ ပြောချင်ပါတယ်။ ”
အရှင်ဘုရားတို့ကို ပြည်ပကနေ
မြှောက်ပင့်ပေးနေတယ်၊ ငွေကြေးထောက်ပံ့ပြီး ခိုင်းလို့ လုပ်နေကြတယ်လို့
ပြောနေတာကို ဘာပြောချင်သလဲလို့ နောက်ဆုံးမေးတဲ့အခါ အဆိုပါသံဃာတော်က
“ကျုပ်တို့ရဲ့ ညီအကိုတော်
သံဃာတော်တွေ ထောင်ထဲမှာ ကျန်သေးတယ် တကာကြီး၊ အဲဒီကိုယ်တော်တွေ
လွတ်မြောက်လာဖို့ကို ကျုပ်တို့ တတ်နိုင်သလောက် အခုလုပ်တာပါ တကာကြီး။
ထောင်ထဲက ကိုယ်တော်တွေအားလုံးကိုလည်း ကျုပ်တို့မသိနိုင်ဘူး၊ ထောင်ပြင်က
ပြည်သူတွေ တိုင်းရင်းသားတွေကိုလည်း ကျုပ်တို့ တို်က်ရိုက်မသိပါဘူး။
အခုလုပ်တာက သူတို့အတွက် ပြောသင့် ထုတ်ဖော်သင့်တာကို ထုတ်ဖော်တာဖြစ်ပါတယ်။
မြှောက်ပေးမှ ထောက်ပံ့မှ လုပ်ကြရမယ့် ကိစ္စလို့တော့ မမြင်ကြစေချင်ဘူး”
လို့ ဖြေကြားသွားပါတယ်။
ကိုယ်တော်က သူ့ဘွဲ့တော်ကို
ထည့်သွင်းရေးသားဖို့ မိန့်ကြားပေမယ့် မိုးမခကတော့ အခုသတင်းမှာ ထည့်မရေးပါဘူး။
အဓိကအနေနဲ့ လက်ရှိသံဃာတော်တို့ရဲ့ ဆန္ဒထုတ်ဖော်မှုမှာ လှုပ်ရှားနေသူ၊ ပတ်သက်နေသူ
ရဟန်းတို့ရဲ့ သဘောထားကို တင်ပြလိုက်တာ ဖြစ်ပါတယ်။
Comments